မုန်လာဥဖြူဆိုသည်မှာ ရိုးတံစိမ်းစိမ်း အရွက်ဖားဖားမုန်လာပင်၏ အမြစ်ဥကိုခေါ်ဆိုခြင်း ဖြစ်သည်။အရွက်ထက် ဥကို အဓိကထားစားကြပြီး အဖြူရောင်ရှည်မြောမြောပုံစံရှိသလို ပုဝိုင်းဝိုင်း ပုံစံလည်းရှိပါသည်။အရသာမှာ အစိမ်းတိုင်းစားလျှင် ခပ်စပ်စပ်အရသာရှိပြီး ချက်စားလျှင် ချိုသော အရသာရှိပါသည်။ မုန်လာဥဖြူကိုချဉ်ရည်ဟင်းချက်စား၍ရသလို သုပ်စားခြင်း၊ ချဉ်ဖတ်ထည့်စားခြင်း စသဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးလေ့ရှိသည်။ မုန်လာဥဖြူတွင် ပိုတက်ဆီယမ်၊ ဖောလိတ်၊ နီယာဆင်၊ ဗီတာမင် B6၊ ဗီတာမင်K၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကော့ပါး၊ မဂ္ဂနိစ်၊ ဆိုဒီယမ်နှင့် riboflavin စသည့်အာဟာရဓာတ်များစွာပါဝင်ပါသည်။ မုန်လာဥဖြူ စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်ချေကို ထိထိရောက်ရောက်ကာကွယ်ပေးခြင်း၊ သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးပြီးသွေးတွင်းကိုလက်စထရောကိုလည်းကျဆင်းစေနိုင်ခြင်း၊ အမျှင် ဓာတ်ကြွယ် ဝစွာပါဝင်သောကြောင့် ဝမ်းမှန်စေဖို့အထောက်အပံ့ပေးခြင်း၊ ခန္ဓာကိုယ်နှင့် ခံတွင်းတို့တွင် မှိုပိုးကူးစက်ခြင်းမှလည်းကာကွယ်ပေးခြင်း၊ ရာသီအကူးအပြောင်းကြောင့်ဖြစ်တတ်သော ဖျားနာမှု့မှလည်းကာကွယ်ပေးခြင်း၊ကိုယ်ခံအားကောင်းစေခြင်း၊ ဖလေဗာနွိုက် ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။ မုန်လာဥဖြူ သည်ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ကြိုက်စားသုံးလို့ရသည့် အစားအစာတစ်မျိုးဖြစ်သည့်အတွက် အသက်(၆)လ အရွယ်မှစ၍ အသက်အရွယ်မရွေးစားသုံးနိုင်သည်။ မုန်လာဥဖြူကို အလွန်အကျွံစားသုံးပါက အစာမကြေခြင်းများ ဖြစ်တတ်သောကြောင့် သတိထား စားသုံးသင့်ပါသည်။ မုန်လာဥဖြူကိုစားသုံးပေးခြင်းဖြင့် ခန္ဓာ ကိုယ်ကျန်းမာစေဖို့နှင့် ကိုယ်အလေးချိန် ကျစေဖို့အတွက်အထောက်အပံ့ပေးနိုင်သောကြောင့် အစာ လည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း မုန်လာဥဖြူကို စားသုံးပေးသင့်ပါသည်။
DOCA(မန္တလေး)