Main menu

ဆင်တုံးမနွယ်အသုံးဝင်ပုံ

Powered by Drupal
Mon, 06/02/2025 - 14:30 -- consumer_admin

     ဆင်တုံးမနွယ်ပင်ကို ရုက္ခဗေဒ အလိုအားဖြင့် ကီနိုစပိုးရားကော့ဒီဖိုးလီယား ဟုလည်းခေါ် ကြသည်။ ဆင်တုံးမနွယ်ပင်သည် အခြားအပင်များပေါ်သို့ နွယ်တက်တတ်သော ချုံနွယ်ပင်တစ်မျိုး ဖြစ်သည်။ ပင်စီသည် အရေရွှမ်းခြင်း၊ အခေါက်ထူခြင်း၊ အပွင့်ဝါ၍ အသီးမှာ အနီရောင်ရှိပြီး နှစ်စဉ် ဖေဖော်ဝါရီလနှင့်မေလတို့တွင် အဖူးအပွင့်များ ပွင့်လေ့ရှိသည်။ ဆင်တုံးမနွယ်မှာ အဖြူမျိုး၊ အဝါမျိုး၊ အနက်မျိုးဟူ၍(၃)မျိုးရှိပါသည်။ အခေါက်တွင် မီးခိုးနုရောင်ရှိပြီး ဖော့သားကဲ့သို့ရှိ၍ အကိုင်းအခက် အနွယ်အတက်များသည် လေးထောင့်ပုံစံရှိပါသည်။ အရွက်နုများ ပင်စီမှ တစ်ရွက်ချင်း ခပ်ကျဲကျဲဖြင့် အရွက်များလွှဲ၍ထွက်ရှိပြီး နှလုံးပုံစံအရွက်ဖြစ်ကာ ရွက်ညှာထိပ်မှာ ဖြာထွက်သည်။ ဆင်တုံးမနွယ် ပင်များကို မြန်မာနိုင်ငံအရပ်ရပ်တွင် တွေ့ရှိရပြီး နိုင်ငံအနှံ စိမ့်စမ်းပေါများသော တောတောင်ကြီး များတွင် သဘာဝအလျောက် ပေါက်ရောက်ကြသော အပင်တစ်မျိုးဖြစ်ပါသည်။ ဆင်တုံးမနွယ် အရွက်နှင့်အခေါက်ကို အရေပြားရောဂါ၊ အဖျားရောဂါ၊ ဆစ်ဖလစ်ရောဂါတို့ကို ကုသရာတွင် အသုံး ပြုကြသည်။ မြန်မာ့ဆေးကြမ်းများအလိုအရ ဆင်တုံးမနွယ်သည် ပူ၊ စပ်၊ ဖန်၊ ခါး စသော အရသာ များရှိပြီး အင်အားဖြစ်စေခြင်း၊ အသက်ရှည်စေခြင်း၊ သွေးကိုငြိမ်းအေးစေခြင်း၊ ဝမ်းမီးကိုတောက် စေခြင်း၊ အစာကြေခြင်းကိုဖြစ်စေခြင်း၊ အဖျားအနာ ဆီးရောဂါအမျိုးမျိုးကို ပျောက်ကင်းစေခြင်း၊ ဆင်တုံမနွယ် လေးခွက်တစ်ခွက်တင်ပြုတ်ရည်ကို သောက်ခြင်းဖြင့် နာတာရှည်အဆစ်ရောင် ရောဂါ တို့အတွက်လည်း ဆေးအဖြစ်အသုံးပြုကြသည်။ ဆင်တုံးမနွယ်ကို လေရောဂါ၊ သည်းခြေရောဂါ၊ ဆီးရောဂါ၊ မီးယပ်ရောဂါ၊ နားကိုက်၊ သလိပ်နာ ရောဂါများအတွက် ဆေးအဖြစ်အသုံးပြုကြသည်။ ထို့အပြင် ကျွဲ၊ နွား၊ ဆင်၊ မြင်း တို့တွင် ရောဂါဘယကင်းဝေးစေရန်အတွက် ဆင်တုံးမနွယ်ကို စင်း၍ အစားတွင်ထည့်ကျွေးလျှင်ဝမ်းကိုကောင်းစေ၍ ရောဂါကင်းဝေးပြီး ဝဖြိုးစေကြောင်း သိရှိရသည်။

DOCA(မန္တလေး)