နှမ်းကြတ်စေ့ (Flaxseeds) သည် ချီယာစေ့လောက် လူသိမများသော်လည်း လူ့ခန္ဓာကိုယ်အတွက် လွန်စွာမှ အကျိုးပြုလှပါသည်။ ယနေ့ခေတ်အမျိုးသမီးများ ဈေးကြီးပေး၍ ဝယ်သောက်နေကြသော ကော်လာဂျင်ဆေးကဲ့သို့ နှမ်းကြတ်စေ့မှလည်း ကော်လာဂျင်အာနိသင်ကို ရရှိစေနိုင်ပါသည်။ နှမ်းကြတ်စေ့သည် ပြုပြင်ပြောင်းလဲအနံ့ထည့်ထားခြင်းမရှိဘဲ သဘာဝအတိုင်းထုတ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးများမရှိပါ။ နှမ်းကြတ်စေ့ကို အစေ့အဆံအတိုင်း စားလျှင် အစာခြေစနစ်ထဲတွင် မခြေ ဖျက်နိုင်သောကြောင့် အမှုန့်ကြိတ်ပြီး၊ ထောင်းပြီးသော်လည်းကောင်း၊ ကျိုချက်ပြီး သော်လည်းကောင်း စားသုံးသင့်ပါသည်။ နှမ်းကြတ်စေ့တွင် Omega 3 ၊ ပရိုတင်းဓာတ်၊ သတ္တုဓာတ်များစွာ ပါဝင်သောကြောင့် နေ့စဉ်သောက်သုံးပေးလျှင် အဆီပိုများကျကာ ဆံပင်၊ အသားအရေ၊ ခြေသည်းလက်သည်းများ ကျန်းမာသန်စွမ်း လှပစေနိုင်ပါသည်။
နှမ်းကြတ်စေ့သည် ကယ်လိုရီနည်းသော်လည်း အာဟာရဓာတ်များစွာ ကြွယ်ဝသောကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် စားသုံးပေးသင့်ပါသည်။ ဆံပင်အတွက် နှမ်းကြတ်စေ့ကို ပြုတ်ပြီးရလာသော အရည်ကို ခေါင်းမလျှော်ခင်သုတ်လိမ်းပေးပါက ဆံသားများနူးညံ့ကောင်းမွန်စေပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ဖြူခြင်းများကို ဟန့်တားစေနိုင်ပါသည်။ နှမ်းကြတ်စေ့သည် ကော်လာဂျင် အာနိသင်ရှိသောကြောင့် အသားအရည်စိုပြည်၍ အရေး အကြောင်းများဖြစ်ပွားမှုကို တားဆီးပေးနိုင်၍ အရွယ်တင်နုပျိုစေနိုင်ပါသည်။ နှမ်းကြတ်စေ့ကြိတ်ပြီးသားအမှုန့်ကို ရေအေး၊ ရေနွေး၊ ဖျော်ရည်၊ ဒိန်ချဉ် စသည်တို့နှင့်ရောစပ်၍သောက်သုံးနိုင်ပါသည်။ ဈေးကွက်ထဲတွင် နှမ်းကြတ်စေ့၊ အမှုန့်၊ အဆီဟူ၍ တွေ့ရပြီး နှမ်းကြတ်စေ့ ၅၀၀ ဂရမ်လျှင် ၅၀၀၀ ကျပ်၊ ၁၀၀၀ ဂရမ်လျှင် ၁၀၀၀၀ ကျပ်ဖြင့်သော်လည်းကောင်း၊ ကြိတ်ပြီးသား နှမ်းကြတ်မှုန့်ကို ၅၀၀ ဂရမ်လျှင် ၅၅၀၀ ကျပ်၊ ၁၀၀၀ ဂရမ်လျှင် ၁၁၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)