Main menu

“အုန်းတစ်ပင်၏တန်ဘိုး”

Powered by Drupal
Mon, 05/26/2025 - 13:46 -- consumer_admin

          ကျွန်တော်တို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အလျှောက် စီးပွားရေးလုပ်ငန်းရှင်များသည် ယခုအခါရေရှည် ၊ ရေတိုစီမံကိန်းများချမှတ်၍ စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကလုပ်‌‌ဆောင်လာကြသည်ကိုတွေ့ရှိရပြီး နှစ်ရှည်သီးပင်များဖြစ်သော အုန်းသီးပင်များ ကိုလည်းအလေးထားစိုက်ပျိုးလာကြပါသည်။ ဘက်စုံသုံး အုန်းသီးပင်ကို မြန်မာနိုင်ငံပင်လယ် ကန်းရိုးတမ်းဒေသများ၊မြစ်ဝကျွန်းပေါ်ဒေသများအဖြစ် အောက်ပြည်အောက်ရွာ၌သာမက အညာ ဒေသများမှာလည်း အုန်းသီးပင်များစိုက်ပျိုးထားသည်ကိုတွေ့ရှိရပါသည်။အုန်းသီးပင်အမျိုးအစား အနေဖြင့် ဒေသအလိုက်အမျိုးမျိုးရှိကြသော်လည်း အခြေခံအားဖြင့် အုန်းပင်(၃)မျိုးသာရှိကြောင်း သိရှိရပါသည်။ ၄င်းတို့မှာ အပင်မြင့်မျိုး၊ အပင်ပုမျိုးနှင့် စပ်မျိုးတို့ဖြစ်ကြပါသည် ။ အပင်မြင့်မျိုးကို အချို့သောဒေသများတွင် အုန်းကြီးမျိုး သို့မဟုတ် အုန်းထရံဟုခေါ်ကြပြီး ပင်ပုမျိုးမှာ အုန်းပုမျိုး သို့မဟုတ် ဝက်မလွတ်ဟုခေါ်ကြပါသည်။ ပင်မြင့်မျိုးနှင့်ပင်ပုမျိုးတို့ကို မျိုးစပ်လိုက်ရာမှ တော်ဝင် အုန်း၊ လိမ္မော်ရောင်အုန်း(စပ်မျိုး)ဟုခေါ်ကြပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးများသည် ဗုဒ္ဓ ဘာသာဝင်များဖြစ်သည့်အလျောက် ဘုရားပွဲ၊ တရားပွဲများ၊ ကန်တော့ပွဲများပြင်ဆင်ရာတွင် အုန်းသီး သည် မပါမဖြစ်အဓိကထား၍ ထည့်သွင်းအသုံးပြုကြရပါသည်။ မြန်မာမုန့်များပြုလုပ်ရာ မုန့်ပဲ သရေစာ အမျိုးမျိုးတွင်လည်း အုန်းသီးသည် မပါမဖြစ်အဓိကထားပြီးအသုံးပြုကြပါသည်။ ထို့အပြင် အုန်းပင်မှ အုန်းလက်ကိုလည်း အမိုး ၊ အကာများပြုလုပ်ရာတွင် အသုံးပြုလာကြပြီး အုန်းလက်မှ အုန်းဆံချောင်းများကို တံမြက်စည်းပြုလုပ်ရာတွင် ရှေးယခင်ကပင်အသုံးပြုကာ ယနေ့အထိ အသုံးပြုနေကြ သည်ကိုလည်းတွေ့ရှိရပါသည်။ အုန်းလက်မှ အုန်းရွက်ကလေးများဖြင့် ပြုလုပ်ထားသော ဦးထုပ် လေးများသည်လှပ၍ နေပူဒါဏ်ကိုလည်း အကာအကွယ် ပေးနိုင် သောကြောင့် လူအတော်များများ ကြိုက်နှစ်သက်ကြပြီး အုန်းပင်၏ပင်စည်ကို လူကူးတံတားများ ပြုလုပ်ရာတွင် အသုံးပြုကြောင်းသိရှိ ရပါသည်။ အုန်းသီးမှရရှိသော အုန်းမှုတ်ခွက်မှ အုန်းခြေနင်းများ၊ အုန်းမှုတ်ခွက်သောက်ရေခွက်များ၊ အုန်းမှုတ်ခွက်ပန်ကန်လုံးများပြုလုပ်၍ မြန်မာမှုလက်ရာများကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးပြုလုပ်၍နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်သော အုန်းပင်တစ်ပင်၏အသုံးဝင်ပုံအကြောင်းကိုရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)