ပျားရည်သည် သဘာဝကရသော ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်၍ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးပါသည်။ ပျားရည်ကို နှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးအတွက် ဆေးဝါးအဖြစ်အသုံးပြုသလို အစားအသောက်၊ အလှအပရေးရာအတွက်လည်း အသုံးပြုခဲ့ကြ ပါသည်။ ပျားရည်ဆိုသည်မှာ ပျားကောင်လေးများ စုဆောင်းထားသော ပန်းဝတ်ရည်လေးများကို စုဆောင်းထားသော အရည်ဖြစ်ပါသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်းရရှိသော ပျားရည်ကို ပျားရည်အသစ်ဟုခေါ်ပြီး ပျားအုံ ဖွပ်ပြီး တစ်နှစ်ကျော်ကြာသော ပျားရည်ကို ပျားရည်အဟောင်းဟု ခေါ်ပါသည်။ ပျားရည် သည် စေးပျစ်ပျစ်ရှိ၍ အရသာသည် အလွန်ချိုမြပါသည်။ အရောင်မှာမူ အဝါရောင်ဖျော့ဖျော့မှ အဝါရင့်ရောင် အထိရှိ၍ အာဟာရဓာတ်လည်း များစွာကြွယ်ဝပါသည်။ ပိုးမသတ်ရသေးသော ရိုးရိုးပျားရည်သည် ပိုးသတ်ပြီး သန့်စင်ထားသော ပျားရည်ထက် အာနိသင် ပိုရှိပြီး ကျန်းမာရေးအတွက် များစွာအကျိုးပြု ပါသည်။
ပျားရည်တွင် သဘာဝပန်းဝတ်မှုန်များစွာပါဝင်ပြီး ရေဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ် များစွာပါဝင်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်သောကြောင့်လည်း ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါသည်။ ပျားရည်သည် ဆံပင်အတွက်လည်း များစွာ အကျိုးဖြစ်ထွန်း စေပါသည်။ ပျားရည်၊ ကြက်ဥ၊ သံလွင်ဆီတို့ကိုရောစပ်ပြီး ဆံပင်အတွက် ပေါင်းဆေးအဖြစ် သုံးစွဲပေး လျှင် ဆံသားနူးညံ့ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို လျော့ပါးစေနိုင်ပါသည်။ ပျားရည် ကို သံလွင်ဆီ၊ ဆား၊ သကြား၊ ရှားစောင်း၊ ကော်ဖီမှုန့်၊ ကင်ပွန်းသီးမှုန့် စသည်တို့နှင့်ရောစပ်၍ ရေမချိုးခင် သုံးစွဲရသော ဘော်ဒီစခရပ်အဖြစ်လည်း သုံးစွဲကြပါသည်။ ပျားရည်၏အစွမ်းမှာ ခန္ဓာကိုယ်အရေပြားကို နူးညံ့ ချောမွတ်စေပါသည်။ လူတစ်ဦးသည် တစ်နေ့လျှင် ပျားရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းထက် ပိုမ သောက်သင့်ပါ။ ပျားရည်ကို ရေနွေးဖြူ၊ သံပုရာရည်များနှင့် ရောစပ်၍လည်း သောက်သုံးနိုင်ပါသည်။ ပျားရည်ကို အသက် တစ်နှစ်အောက်ကလေးများကတော့ မသောက်သုံးသင့်ပါ။ ပျားရည်ကို ငါး၊ ဝက်သား၊ မုန်လာဥအဖြူ၊ အုန်းရည်၊ ပိန္နဲသီး၊ ဥသျှစ်သီး စသော အစားအစာများနှင့် တွဲဖက် မစားသုံး သင့်ပါ။
သဘာဝပျားရည်စစ်စစ် ရှားပါးလှသောကြောင့် ဈေးကွက်ထဲတွင် ပျားရည်အတုများလည်း ရောင်းချလျက်ရှိကြသည်။ ပျားရည်စစ်စစ်သည် နှစ်ပေါင်းကြာအောင်ထားသော်လည်း အရောင်ပြောင်း ရုံမှအပ မူလအရသာအာနိသင် မပျက်ဘဲရှိပါသည်။ မြန်မာနိုင်ငံတွင် အော်ဂဲနစ်ပျားရည်စစ်စစ် ထွက်ရှိသောကြောင့် နိုင်ငံတကာမှလည်း ဈေးကောင်းပေးလျက် ဝယ်ယူလျက်ရှိပါသည်။ ပျားရည်၏ အသုံးဝင်ပုံများပြားလှသောကြောင့် လူ့ခန္ဓာကိုယ်ကျန်းမာရေးနှင့် အလှအပ အတွက် အိမ်တိုင်း မိသားစုတိုင်း ပျားရည်ကို ဆောင်ထားသင့်ပါသည်။
DOCA(ပဲခူး)