Main menu

ဆေးဖက်ဝင်သောကြောင်လျှာပွင့်

Powered by Drupal
Wed, 05/21/2025 - 13:29 -- consumer_admin

          ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် အမြင့်ပေ ၄၀၀၀အထိပေါက်ရောက်နိုင် သည်။ ပင်ထောင်မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်သည်။ ကြောင်လျှာကြီး၊ ကြောင်လျှာလက်တို၊ ကြောင်လျှာဆူးပေါက်ဟူ၍ အမျိုးအစား (၃)မျိုးရှိပါသည်။ ကြောင်လျှာကြီးမှာ အသီးတွဲပြီး ရှည်လျားသည်။ ကြောင်လျှာလက်တိုမှာ အသီးတိုပြီးထောင်၍သီးသည်။ ထိုအသီးကို ကြောင်လျှာဖို၊ ကြောင်လျှာမဟူ၍လည်းခေါ်ကြသည်။ ရွက်ပေါင်းဖြစ်၍ ရွက်ဆိုင်ထွက်သည်။ ရှေးယခင်က နယုန်လနှင့် ဝါဆိုလတို့တွင် ခရမ်းရောင်အပွင့်ပွင့်၍ တန်ဆောင်မုန်းလတွင် အသီးသီးလေ့ရှိ သော်လည်း မိုးရာသီတွင်ပိုမို၍ အသီးလှိုင်လှိုင်သီးသည်။ ကြောင်လျှာသီးနှင့်အပွင့်တို့ကို ရေနွေးဖြော၍ အတို့အမြုပ်အဖြစ်စားသုံးနိုင်သကဲ့သို့ အသုတ်သုတ်၍လည်း စားသုံးလေ့ရှိကြသည်။ ကြောင်လျှာသီးကို ပါးပါးလှီး၍ ကြော်စားနိုင်သကဲ့သို့ မထူမပါးလှီးကာ ချဉ်ဖက်ထည့်၍လည်း စားသောက်ကြသည်။ အခါးအရသာမကြိုက်သူများအနေဖြင့် ကြောင်လျှာသီးကိုလှီးဖြတ်ပြီးနောက် ဆားဖြင့်နယ်လူးကာ ဆန်ဆေးရေထဲစိမ်ထဲပါက အခါးအရည်များထွက်သွားနိုင်ပါသည်။ သို့သော် ထိုနည်းသည် အာဟာရတန်ဖိုးများ ရေထဲတွင်ပျော်ဝင်ပျောက်ဆုံးသွားနိုင်၍ သဘာဝရေအေးဖြင့်သာ ဆေးသင့်သည်။

          ကြောင်လျှာသီးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော ဓာတ်များ များစွာပါဝင်ပါသည်။ အသီး၊ အပွင့် ၊ အမြစ်၊  အခေါက်တို့ကို စားသောက်ဖွယ်ရာအဖြစ်ရော ဆေးသုံးဖွယ်ရာအဖြစ်ပါ အသုံးပြုနိုင် ကြပါသည်။ ကြောင်လျှာရွက်ကို အရည်ညှစ်၍သောက်ပါက ဘိန်းဆိပ်ကို ပြေစေနိုင်ပါသည်။ ကြောင်လျှာရွက်ကို ပြုတ်စားပေးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းကို တိုးတက်ကောင်းမွန် စေနိုင်ပါသည်။ ကြောင်လျှာပွင့်ကို သုတ်စားခြင်းဖြင့် နားလေးခြင်း၊ နားလေထွက်ခြင်း၊ နားအူခြင်း တို့ကိုသက်သာ ပျောက်ကင်းစေနိုင်ပါသည်။ ထို့ကြောင့် ဆေးဖက်ဝင်သောကြောင်လျှာပွင့်ကို စားသုံးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)