Main menu

ဆေးဖက်ဝင်ကျောက်ဖရုံသီးမှ ပြုလုပ်သော ကျောက်ဖရုံယို

Powered by Drupal
Wed, 05/21/2025 - 13:03 -- consumer_admin

မြန်မာလူမျိုးတို့သည် ကျန်းမာရေးအတွက်များစွာအကျိုးပြုသော ကျောက်ဖရုံသီးအား ယိုထိုး ၍လည်း ပြုပြင်ပြောင်းလဲစားသုံးကြပါသည်။ အချိုတည်းစရာ စားစရာအနေဖြင့်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း စားသုံးကြပါသည်။ ကျောက်ဖရုံသီးကို ကျောက်ကပ်အတွက်မဖြစ်မနေ စားသုံးပေးသည့်အပြင် ကိုယ်ခန္ဓာကို အပူငြိမ်းစေပြီး ကိုယ်တွင်းအဆိပ်အတောက်ကို ပြေစေသော ကြောင့် ကျောက်ဖရုံယိုအားလည်း စားသုံးပေးသင့်ပါသည်။

ကျောက်ဖရုံယိုပြုလုပ်ရာတွင် ပထမဆုံးကျောက်ဖရုံသီးကို အခွံခွာရပါမည်။ အတွင်းမှ အစေ့ များကို ဖယ်ရှားပြီး ကျောက်ဖရုံသီးကို အလျား ၄ လက်မ အနံ ၂ လက်မအချောင်းလေးများဖြစ်အောင် လှီးဖြတ်ရပါမည်။ သေချာသန့်စင်အောင်ရေဆေးကြော၍ ကွမ်းစားထုံးမှုန့်ကို ရေဖြင့်ဖျော်၍ ကျောက် ဖရုံသီးများကို ၃ နာရီခန့်ကြာအောင် စိမ်ပေးထားရပါမည်။ ပြီးနောက် ကျောက်ဖရုံသီးများအား ဆယ်ယူ၍ ရေဖြင့် တစ်ဖန်ဆေးကြောရပါမည်။ ကျောက်ချဉ်အရည်သုံးဇွန်းကို ရေ၌ဖျော်၍ ရေစစ် ထားသော ကျောက်ဖရုံသီးများကို မိနစ်အနည်းငယ်စိမ်ပေးပြီး ဆယ်ယူ၍ ရေစစ်ထားပေးရပါမည်။

သကြားလိုသလောက်ထည့်၍ ဆားအနည်းငယ်ထည့်ကာကျောက်ဖရုံသီးများကို သမအောင် နယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီဝက်ခန့်ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်၍ လင်ဗန်းပေါ်၌ အေးခဲသွားသည်အထိ ထားပေးရပါမည်။ စားချင်စဖွယ်အချိုတည်းစရာဖြစ်သော ကျောက်ဖရုံယိုကို ဈေးကွက်ထဲတွင် ၂၅ ကျပ်သားလျှင် ၃,၅၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင်  ၇,၀၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိကာ ဈေးနှုန်းအတက်အကျရှိကြောင်းလည်း သိရပါသည်။

DOCA (ပဲခူး)