နနွင်းတက်ကို မြန်မာနိုင်ငံတွင် ပူနွေးစိုထိုင်းသော ရာသီဥတုရှိသည့်ဒေသများတွင် မိုးရာသီ အဆုံး (သို့) ဆောင်းဦးအစတွင် ရိတ်သိမ်းလေ့ရှိသည်။ နနွင်းတက်ကို စိုက်ပျိုးပြီး (၇-၁၀)လ ကြာလျှင်(အပင်အရွက်များဝါပြီး ခြောက်သွေ့လာသည့်အချိန်)တွင် ရိတ်သိမ်းလေ့ရှိပါသည်။ မြင်းခြံမြို့နယ်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုရှိသောကြောင့် နနွင်းတက်စိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း သိရှိရပြီး၊ မြို့နယ်အတွင်း ရောင်းချနေသော နနွင်းတက်များသည် ကျောက်ဆည်မြို့မှ မှာယူရောင်းချရကြောင်း၊ မြင်းခြံဈေးကွက်တွင် ရောင်းချနေသောနနွင်းတက်အသစ် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးရှု့ထောင့်ကြည့်လျှင် နနွင်းသည် အန်တီအောက်ဆီးဒင့်ဓာတ်ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးခြင်း၊ သည်းခြေအက်ဆစ်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အစာကြေလွယ်စေသည်။ ဘက်တီးရီးယားနှင့် မှိုပိုးများကို တိုက်ဖျက်ကာ အရေပြားရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။ နနွင်းသည်သဘာဝ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီး စားသုံးရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်းချက်ပြုတ်ကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)