Main menu

ဇရစ်ရိုးအသုံးဝင်ပုံ

Powered by Drupal
Thu, 05/15/2025 - 15:31 -- consumer_admin

      ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ် များ၊ စွတ်စိုသောမြေများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင်သည် ဆူးရှိသော အပင်တစ်မျိုး ဖြစ်ပါသည်။ အရိုးထဲနှင့် အရွက်ပါ (၂)မျိုးစလုံးစား၍ရသည့် အပင်ဖြစ် ပါသည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များသည် ပေါများစွာပေါက်ရောက်တက်သော အပင်မျိုးဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် နှစ်ခြိုက်ကြသည့် ဟင်းလျာများတွင် ဇရစ်သည်လည်း ပါဝင်ပါသည်။ ဇရစ်မှာ ခံတွင်းမြိန်ရုံသာမက ဆေးဖက်ဝင်သော အပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသော အပင်ငယ်တစ်မျိူးဖြစ်ပါသည်။ မိုးရာသီတွင်ပေါပေါများများ တွေ့ရတတ်သည်။

     မြန်မာ့တိုင်းရင်းဆေးကျမ်းအရ ဇရစ်သည် ချိူ  ၊ အေး၊ ဖန် ၊ ချွဲ အရသာရှိသည်။ လည်ပင်းနာ၊ မြင်းသရိုက်နာရောဂါများကို ပျောက်ကင်းစေသည်။ ဇရစ်ကို ကြော်စား ၊ ချက်စား၊ ပြုတ်တို့စား၊ အချဉ်ဟင်းချက်စား၊ သနပ်လုပ်စားကြပါသည်။

   ဇရစ်ကို ငါးနဲ့ချက်စားကြသလို သီးနှံမျိူးစုံနှင့်လည်း တွဲချက်ကြပါသည်။ ဇရစ်ကို မန်းကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ ပတက်စာ၊ ငှက်ပျောဖူး၊ ခရမ်းသီးအသေး၊ မုန်လာဥဖြူ  ၊ ဗူးသီးနုနု စသည် တို့နှင့်လည်း တွဲဖက်ချက်စားကြပါသည်။ ငါးနှင့်ချက်စား၍လည်း စားကောင်းသလို မိုးရာသီနှင့် အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။

     ဇရစ်ရွက် နှင့် ငါးကြင်းသား ချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့် ပတ်သက် သည့်ရောဂါ၊ လည်ဂုတ်ရောဂါ၊ စောင်းရွဲ့သော လေရောဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြု နိုင်သည်။ ထို့ပြင် လေသင်တုန်းဖြတ်ခြင်းနှင့် လည်ချောင်းတစ်ဆို့သော ရောဂါများကိုလည်း သက်သာစေနိုင်ကြောင်းသိရပါသည်။

     ဇရစ်ရွက်ကို ချက်စားပေးပါက ချွဲ၊ သလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကို သက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။ ဇရစ်ရွက်ကို သုပ်စားပေးခြင်းအားဖြင့် လည်ချောင်းနာ ဝေဒနာကို သက်သာစေပါသည်။ ထို့ပြင် ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိူးမျိူးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသော ဟင်းသီးဟင်းရွက် ၊ အသား၊ ငါး၊ ပုစွန်တို့ဖြင့် ရောနှော ၍လည်း ချက်ပြုတ်စားကြပါသည်။ ဇရစ်ဖူးကို မန်းကျည်းသီးမှည့်နဲ့ပြုတ်ပြီး တို့စရာအနေနှင့်လည်း စားပေးနိုင်ပါသည်။ ထိုဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ အရံဟင်းအနေဖြင့် နေ့စဉ်(သို့) တပတ်(၄) ကြိမ်ခန့်စားပေးပါက လစဉ်ခံစားနေရတဲ့ အမျိူးသမီးရောဂါများ ပျောက်ကင်းစေကြောင်းလည်း လေ့လာသိရှိရပါသည်။  ယခုအချိန်သည် မိုးဦးကျကာလဖြစ်၍ ဇရစ်ရိုးများ စတင်ထွက်ပေါ်လျှက် ရှိပြီး ဈေးကွက်အတွင်း၌ ဇရစ်ရိုးတစ်စည်းလျှင်(၃၀၀/၅၀၀)ကျပ် ဈေးနှုန်းများဖြင့်  ရောင်းချလျှက်ရှိ ကြောင်းလည်း သိရှိရသည်။

DOCA(မန္တလေး)