Main menu

ခရမ်းချဉ်သီးများအလေအလွင့်မဖြစ်စေရေး တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ပေး

Powered by Drupal
Mon, 05/12/2025 - 10:58 -- consumer_admin

     မြန်မာလူမျိုးတို့သည် ခရမ်းချဉ်သီးကို နှစ်ခြိုက်စွာစားသုံးကြသည်။ မြန်မာ့ဟင်းလျာ များတွင် ခရမ်းချဉ်သီးသည် မပါမဖြစ်သည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ခရမ်းချဉ်သီးသည် ဈေးကွက်ထဲတွင် ရောင်းအားကောင်းပါသည်။ ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ရှမ်းပြည်နယ်တွင် တစ်နှစ် ပတ်လုံး စိုက်ပျိုးနိုင်ကြောင်းသိရပါသည်။

     ခရမ်းချဉ်ကို အရိုင်းမျိုးနှင့် မီးဖိုချောင်သုံးဟူ၍ နှစ်မျိုးရှိရာ အရိုင်းမျိုးမှာ အချဉ်ဓါတ် ပါဝင်မှုမြင့်မားပါသည်။ အသီးအရွယ် အစားသေးခြင်း၍ အခွံပါးပြီး အစေ့ပါဝင်မှုများပြားပါသည်။ ရာသီဥတုဒဏ် (အပူချိန်မြင့်မားမှု) ကိုပိုမိုခံနိုင်ရည်ရှိပါသည်။ မီးဖိုချောင်သုံးမှာ အလုံးအရွယ်အစား အသင့်အတင့်မျှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ် အေးသောဒေသများတွင် ပို၍ စိုက်ပျိုး ဖြစ်ထွန်းမှု အားကောင်းပါသည်။

     ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် နုံးတင်မြေနုများရှိရာ မြစ်ချောင်းကမ်းပါးဝန်းကျင် ဒေသများတွင် ခရမ်းချဉ်သီးကို စိုက်ပျိုးကြပါသည်။ မိုးရာသီ ရေကြီးရေလျှံမှုဖြစ်ပွားပြီး နုန်းတင် မြေနုများကျန်ခဲ့သည့် မြေများတွင် ခရမ်းချဉ်သီး ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်း လျှက်ရှိပါသည်။ တောင်ငူခရိုင်တွင် ဆောင်းရာသီနှင့် နွေဦးရာသီကာများတွင် ဒေသတွင်းစိုက်ပျိုးသည့် ခရမ်းချဉ် သီးများ အမြောက်အများ ထွက်ရှိသကဲ့သို့ အထက်အညာဒေသနှင့် ရှမ်းပြည်နယ်တို့မှ ခရမ်းချဉ်သီး များလည်းဝင်ရောက်သဖြင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရပါသည်။

     အချို့မှာ ခရမ်းချဉ်သီးကို အခြောက်လှမ်း၍ မိုးတွင်း ကာလ ခရမ်းချဉ်သီးရှားပါးချိန်တွင် ပြည်လည်၍ အသုံးပြုကြပါသည်။ ခရမ်းချဉ်သီးများကို အလေအလွင့်မဖြစ်အောင် တန်ဖိုးမြှင့်ပြုပြင် ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးသူတောင်သူလယ်သမားများအနေဖြင့် ဝင်ငွေပိုမိုရရှိသကဲ့သို့ ဒေသနေ ပြည်သူများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိကာ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါသည်။

     ခရမ်းချဉ်သီးကို ခရမ်းချဉ်သီးယိုနှင့် ခရမ်းချဉ်သီးဆော့ပြုလုပ်ပြီး တန်ဖိုးမြှင့် ထုတ်လုပ် နိုင်ပါသည်။ ခရမ်းချဉ်သီးယိုပြုလုပ်ရာတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် သကြား ၄၅ ကျပ်သား၊ ကွမ်းစားထုံး ၃ ကျပ်သားနှင့် ဆား ၁.၆ ဂရမ် (၀.၁ ကျပ်သားခန့်) လိုအပ်ပါသည်။ အနီရောင် ခရမ်းချဉ်သီး အကြီးများကို ရွေးချယ်အသုံးပြုပါက အကောင်းဆုံးဖြစ်ပါသည်။

     ခရမ်းချဉ်သီးယို ပြုလုပ်ပုံမှာ ရွေးချယ်ထားသည့် ခရမ်းချဉ်သီးကို အညှာနေရာမှ ထိပ်ကို ဖယ်ရပါမည်။ ဒေါင်လိုက်ထောင်ကိုင်ပြီး ၄ ပိုင်း ခွဲ၍ ဓါးဖြင့် ၄ စိတ် စိတ်ပါ လုံးလုံးမပြတ်စေရပါ။ အစေ့ ထုတ်နိုင်ရန်နှင့် သကြားရည်ဝင်ရန် ဓါးရာခွဲပေးခြင်းဖြစ်ပါသည်။  ထို့နောက် ခရမ်းချဉ် တစ်ပိသာလျှင် ကွမ်းစားထုံး ၃ ကျပ်သားနှုန်းဖြင့် ၃ နာရီကြာ ရေစိမ်ရပါမည်။  စိမ်ထားစဉ် ၁၀ မိနစ် လျှင် တစ်ကြိမ်မွှေပေးရပါမည်။ ၃ နာရီပြည့်လျှင် ဆယ်ပြီး  ထုံးရည် များပြောင်အောင် သေချာ ဆေးကြောရပါမည်။

     ထုံးပြောင်သွားလျှင် ရေဇလုံထဲထည့်ပြီး အစေ့ထုတ်ရပါမည်။ အစေ့ထုတ်ပြီးနောက် ရေစစ်ပြီး ဇလုံထဲကော်ထည့်ရပါမည်။ ထို့နောက် သကြား ၄၅ ကျပ်သား ထည့်ပြီးချာချာလှည့် ခလောက်ရပါမည်။ သကြားနှံ့သွားလျှင် ဇကာပေါ်တင်နေလှန်းရပါမည်။ သကြားရည်က တစက် တစက် ကျနေပါလိမ့်မယ်။ ဇကာအောက်တွင် ခွက်ခံထားရပါမည်။ တနေကုန်နေလှန်းထားပြီး ညနေ နေအေးချိန်မှာ ပြန်ရုပ်ရပါမည်။ ပုရွက်ဆိတ် မတက်စေရန် ရေခွက် ခံသိမ်းပြီး ဖုန်မဝင်အောင် အုပ်ဆိုင်းထားရပါမည်။ နောက်နေ့ နေထွက်ချိန်တွင် ပြန်လှန်းရပါမည်။

     အတော်အသင့် ခြောက်ပါက နေလှန်'စဉ်က တစ်စက်ချင်းကျစဉ် ခံထားသည့် သကြားရည်ကို သုံးပုံတစ်ပုံ ခမ်းအောင်ကြိုရပါမည်။ ထို့နောက် နေလှန်း၍ အတော်အသင့် ခြောက်နေသည့် ခရမ်းချဉ်သီးနှင့် ဆားထည့်ပြီး မီးအေးအေးလေးဖြင့် ယိုထိုးရပါမည်။ ယိုထိုးနေစဉ် ခရမ်းချဉ်သီးများကို ဒေါင်လိုက်ထောင်ပါ။ ရေဓါတ်မကျန်သည်အထိ မီးအေးအေးနှင့် ယိုထိုးပြီးလျှင် အစိုဓါတ် လုံးဝမကျန်အောင် နေထုတ်လှမ်းလှမ်းပေးရပါမည်။ လုံးဝ ခြောက်သွားပါက ဈေးကွက်ဝင် ခရမ်းချဉ်သီးယိုကို ရရှိပြီဖြစ်ပါသည်။

     ခရမ်းချဉ်သီးဆော့ ပြုလုပ်ပုံမှာ ရဲရဲနီသည့် ခရမ်းချဉ်သီးအမှည့် (ripe tomatoes) ကို လေးစိတ်စိတ်ပြီး  ရေနည်းနည်းထည့် အဖုံးအုပ်၍ အိနေအောင်ပြုတ်ရပါမည်။ ထို့နောက် blender နှင့် ကြေအောင်ကြိတ်ရပြီး အစေ့နှင့်အခွံမပါစေရန် ဆန်ခါ အစိပ်နှင့် အနှစ်တိုက်ချရပါမည်။ ရရှိလာ သည့် ခရမ်းချဉ်သီးအနှစ်ကို ဆား၊ သကြား၊ ရှာလကာရည်၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်နှင့် ရေအနည်းငယ်ထည့်ပြီး  မီးအေးအေးဖြင့် ၄၅ မိနစ်ခန့် အဆက်မပြတ် မွှေပေးပြီးနောက် အလိုလို နီရဲပြီး ပျစ်လာသည်ကို တွေ့ရပါမည်။ ရေ ကျန် မကျန် သိလိုပါက အနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းတွင် တင်ကြည့်ပါ။ ရေစိမ့်ထွက် မလာပါက ရပါပြီ။ ရေမကျန်ပါက ဈေးကွက်ဝင် ခရမ်းချဉ်သီးဆော့ကို ရရှိပြီးဖြစ်ပါသည်။ အခန်းအပူချိန်အတိုင်း ဗူးသန့်သန့်ဖြင့် လေလုံအောင် ထည့်ပိတ်ထားပါက နှစ်ချီပြီး အထားခံပါသည်။ 

     သို့ဖြစ်ရာ ခရမ်းချဉ်သီးများ အလေအလွင့်မဖြစ်စေရန်အတွက် ခရမ်းချဉ်သီးယို၊ ခရမ်းချဉ် သီးဆော့များပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းအားဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေပိုမိုရရှိမည့် အပြင် ဒေသစီးပွားဖွံ့ဖြိုးရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

DOCA(ပဲခူး)