ရုံးပတီသီးသည် မြန်မာနိုင်ငံတွင် အိမ်တွင်းစိုက်ပျိုးမှုများပြီး စီးပွားဖြစ်စိုက်ပျိုးမှုများ လုပ်ကိုင်ကြသည်။ ရုံးပတီသီးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြကြောင်း၊ မျိုးစေ့မှ တစ်ဆင့်စိုက်ပျိုးနိုင်ပြီး တစ်ပတ်အတွင်းအညှောင့်ပေါက်၍ ၄၅-၆၀ ရက်အတွင်း အသီးများ စတင်ခူးဆွတ်နိုင်သည်။ ရုံးပတီသီးသည် အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင်ကောင်းစွာဖြစ်ထွန်းပြီး ရေသွင်း၊ ရေထုတ်ကောင်းသော သဲနုန်းမြေကို နှစ်သက်သည်။
မြင်းခြံမြို့ရှိ ကုန်စိမ်းဈေးများတွင် ရောင်းချနေသော ရုံးပတီသီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။ ဈေးကွက်ဝင်ရောက်မှု အနေဖြင့် လေးအိမ်တန်းကျေးရွာ၊ နဘူးအိုင်ကျေးရွာများနှင့် ပုပ္ပားမြို့တို့မှ တင်သွင်းရောင်းချကြောင်း သိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်နှင့် အ ချဉ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်၍ အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးသည်။ ကယ်လ်စီယမ်ပါဝင်မှုကြောင့် အရိုးပွခြင်းနှင့်သွားပျက် စီးမှုကိုကာကွယ်ပေးကြောင်း၊ ဗီတာမင်အေပါဝင်မှုကြောင့် အသားအရေစိုပြေစေပြီး မျက်လုံးအား ကောင်းစေသောကြောင့် စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ်များစွာပါဝင်သောကြောင့် ရုံးပတီသီးကို မိမိတို့ခြံဝင်းအတွင်း၌ စားသုံးရန်နှင့် ဝင်ငွေရရှိရန်တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ပေသည်။
DOCA(မန္တလေး)