ပြောင်းလဲတိုးတက်လာသောခေတ်တွင် ကလေးများအတွက် ကစားစရာအရုပ်များသည်လည်း ပုံစံအမျိုးမျိုး၊ အမျိုးအစားအဖုံဖုံများဖြင့် ထုတ်လုပ်ရောင်းချလာကြပြီး ကလေးများကြိုက် နှစ်သက်၍ ဝယ်ယူဆော့ကစားကြလျက်ရှိရာ တစ်ချို့သောကစားစရာများမှာ ကလေးများအတွက် အသက်အန္တရာယ်သော်လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများသော်လည်းကောင်း ထိခိုက်မှုရှိနိုင်သော ကစားစရာများလည်းရှိသောကြောင့် မိဘများအနေဖြင့် ကိုယ့်ကလေးသူငယ်များအတွက် ထိခိုက်မှုမရှိစေနိုင်သော ကစားစရာများကို ရွေးချယ်၍ဝယ်ယူပေးသင့်သည်။ ခေတ်ပေါ် တန်ဖိုးကြီးကစားစရာများထက် တန်ဖိုးလည်းနည်းသလို ရွှံ့ဖြင့်ပြုလုပ်ထားပြီး အန္တရာယ်လည်း မဖြစ်စေနိုင်သော မြန်မာ့ကလေးကစားစရာအရုပ်လေးများဖြင့် ဆော့ကစားစေခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
ရွှံ့နှင့်ပြုလုပ်ထားသော အိုးခွက်အသေးလေးများကို မြန်မာအခေါ်အဝေါ်အရ အိုးပုတ်ဟု ခေါ်ဆိုကြသည်။ မြန်မာကလေးများ၏ စွဲမက်စရာ၊ ပျော်ရွှင်ကြည်နူးစရာ ရိုးရာကစားနည်းထဲတွင် အိုးပုတ်ကစားနည်းလည်းပါဝင်သည်။ အိုးပုတ်နှင့်ပတ်သက်၍ အရွယ်ရောက်ကြီးပြင်းသည့်တိုင် ငယ်ဘဝကို အမှတ်ရအလွမ်းပြေစေရန် အိုးပုတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိကြသည်။ တောင်ပြုံး ပွဲမတိုင်ခင် ကျင်းပလေ့ရှိပြီး ပွဲတော်သို့ရပ်နီးရပ်ဝေးမှ လာရောက်ဆင်နွှဲကြသည်။ အရောင်အသွေး စုံလင်သော ချစ်စရာအိုးပုတ်လေးများကို အပြိုင်အဆိုင်၊ အစီအရီရောင်းချလေ့ရှိကြသည်။ ထိုသို့ကလေးများကြိုက်နှစ်သက်သော အိုးပုတ်များကို မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်းရှိ ရေအိုးများရောင်းသောဆိုင်များမှာ ရောင်းချလျက်ရှိပြီး ရေစကြိုမြို့နယ်မှ မှာယူပြီး (၁၀၀၀ )ဖိုးလျှင် (၃ )ခုနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)