Main menu

တစ်ပင်လုံးအသုံးဝင်အုန်းသီးပင်

Powered by Drupal
Mon, 04/28/2025 - 12:33 -- consumer_admin

   လူသားတို့အတွက် အသုံးပြုနိုင်စရာပစ္စည်းအမျိုးမျိုးရရှိနိုင်သောအပင်ကို ညွှန်ပြပါဆိုလျှင် အုန်းပင်ကိုလည်း ထည့်သွင်းညွှန်ပြရပါလိမ့်မည်။ အုန်းပင်တစ်ပင်လုံးတွင် မည်သည့်အသေးစိတ်အပိုင်းကိုမျှ အသုံးမပြုရသည့်အရာမရှိသလောက်ဖြစ်ပြီး စီးပွားရေးကုန်သွယ်သမားများကမူ ကမ္ဘာပေါ်တွင် အုန်းပင်ထက်ပို၍ စီးပွားရေးကုန်သွယ်ဘက်၌ အသုံးဝင်သောအပင်မရှိဟူ၍ အသိအမှတ်ပြုထားကြသည်။ အုန်းပင်သည် ၁၂ လရာသီအမြဲစိမ်းလန်းနေပြီး များသောအားဖြင့် ဖြောင့်မတ်၍ မြင့်မားသောပင်စည်ရှိသည်။ အချို့အုန်းပင်မျိုးသည် အမြင့်ပေ၁၀၀ကျော်မျှရှိကြသည်။ ပင်လုံး၌ အရစ်များရှိ၍ အကိုင်းအခက်များကင်းရှင်းသည်။ ပင်စည်၏ထိပ်တွင် အုန်းလက်ဟုခေါ်သော အလက်များစုပြုံ၍ထွက်ကြသည်။ အုန်းပင်တစ်ပင်တွင် အုန်းလက်၂၀ မှ ၂၅ အထိရှိတတ်ပြီးအလက် နုများသည်အတွင်းဘက်တွင်ရှိ၍ အလက်ရင့်များသည် ဘေးပတ်လည်၌ ခပ်ညွှတ်ညွှတ်လေးကိုင်းပြီး ဝေဝေဖြာဖြာထွက်နေကြသည်။ အုန်းသီးသည် အတွင်းခွံမာသီးမျိုးဖြစ်သည်။ အုန်းသီးကိုဘုရားပွဲ၊ ကန်တော့ပွဲများနှင့် နတ်ပွဲများတင်သည့်အခါ အသုံးပြုကြသည်။ အုန်းသီး၏အတွင်းသား အုန်းသီးဆံကို ကွမ်းယာထဲတွင် အစိပ်အသေးလေးများစိပ်၍ သော်လည်းကောင်း၊ မြန်မာ့မုန့်ပဲသွားရည် စာများတွင်လည်းကောင်း၊ အုန်းရည်ကို အုန်းနို့ခေါက်ဆွဲချက်သည့် နေရာတွင်လည်းကောင်း၊ အုန်းထမင်းချက်သည့်နေရာတွင်လည်းကောင်း၊ အုန်းဆီချက်သည့်နေရာတွင်လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးလျှင် ကလေးအတွက်ကျန်းမာရေးအထောက်အကူဖြစ်စေခြင်း၊ အုန်းလက်များကို တံမြတ်စည်းပြုလုပ်ရာတွင်လည်းကောင်း၊ ကွမ်းခြံများတွင်အမိုးအကာများအဖြစ်သော်လည်းကောင်း၊ အုန်းခွံကိုအုန်းဆံပြုလုပ်၍အုန်းဆံကြိုး၊ ခြေသုတ်ခုံ၊ ကော်ဇော စသည့် အသုံးဆောင်ပစ္စည်းများတွင်လည်းကောင်းအသုံးပြုကြသည်။ ထို့ပြင် ရေလမ်းခရီးသွားလာရာတွင် လှေငယ်များအဖြစ် အုန်းပင်၏ပင်လုံးကိုထွင်း၍ ပြုလုပ်ကြကြောင်းသိရသဖြင့် အုန်းပင်သည် လူသားတို့အတွက် အကျိုးပြုအသုံးဝင်သောအပင်တစ်မျိုးဖြစ်ပေသည်။

DOCA(မန္တလေး)