မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက် နေထိုင်မှုပုံစံစနစ်ပြောင်းလဲလာသည်နှင့်အမျှ ၊ အစားအသောက်ပုံစံလည်း ပြောင်းလဲလာပါသည်။ မည်သို့ပင်ပြောင်းလဲစေကာမူ မပြောင်းလဲသော တစ်ခုသည်ပဲပြုတ်စားသုံးသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ ပဲပြုတ်ကိုလွယ်လွယ်ကူကူ ထမင်း ပူပူမှာဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်အဖြစ်တစ်ဖုံ၊ နံပြား၊ အီကြာကွေးဖြင့် တွဲဖက်ကာ နံနက်စာအဆာပြေအဖြစ် လူကြီး၊လူငယ်မရွေး၊ လူမျိုးဘာသာမရွေး၊ဆင်းရဲချမ်းသာမရွေး၊ ခုံခုံ မင်မင်စားသုံးကြသည်။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော်ဟင်းလျာများအဖြစ် စားသုံးနိုင်သလို၊ ပဲပြုတ်ကို မျှစ်ဖြင့်ရောကြော်ကာ အရသာရှိရှိ စားသုံးလေ့ရှိကြသည်။ မြန်မာ့ရိုးရာသားရည်စာများဖြစ်သော ရေမုန့်၊ မုန့်လင်မယား၊ ကောက်ညှင်းပေါင်း၊ လမ်းသရဲမုန့်တို့တွင်လည်း ပဲပြုတ်ကို အသုံးပြုကြသည်။ စားတော်ပဲတွင် ကျန်းမာရေးကို အထောက်အကူဖြစ်စေသောဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက်ပါရှိပြီး ဘေးဖြစ်စေသော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံး ပေးသင့်သည်။ ထို့အပြင် ချေဖျတ်ရလွယ်ကူသော အမျှင်ဓာတ်များစွာပါဝင်သည့်အတွက် ဝမ်းမှန်စေသည်။ သံဓာတ်များစွာပါဝင်ခြင်းကြောင့် နှလုံးရောဂါနှင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မား လာစေပါသည်။ ဗီတာမင်ကေနှင့် ဗီတာမင်ဘီလည်း ပါရှိသဖြင့် အရိုးကို ကျန်းမာသန်စွမ်းစေပါသည်။ ထိုသို့ကောင်းကျိုးများစွာရှိသော စားတော်ပဲကို မြင်းခြံမြို့ အေးမြသီတာဈေးနှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိရာ အကြီး၊ အသေးအပေါ်မူတည်၍ ဈေးနှုန်းများကွဲပြားလျက်ရှိသည်။ စားတော်ပဲကြီး(၁)ပြည်လျှင်(၁၂၀၀၀)ကျပ်၊ အသေး(၁) ပြည်လျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
DOCA(မန္တလေး)