Main menu

ဒန့်ဒလွန်၏အသုံးဝင်ပုံ

Powered by Drupal
Mon, 04/28/2025 - 11:18 -- consumer_admin

    ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာချက်ပြုတ်စားသောက် လေ့ရှိပါသည်။ ဒန့်ဒလွန်သီးကို ချဉ်ရည်ဟင်းချက်ပြုတ်စားသောက်လေ့ရှိပြီး ဒန့်ဒလွန်ရွက်ကို ကြော်၍သော်လည်းကောင်း၊ ဟင်းရည်ချက်၍သော်လည်းကောင်း စားသုံးကြသည်။ ဒန့်ဒလွန်ရွက် တွင် ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း၊ ဗီတာမင်စီဓာတ်များပါဝင်ပါသည်။ သွေးတိုးရောဂါ ရှိသူများသည် ဒန့်ဒလွန်ရွက်ကိုဟင်းရည်အဖြစ်လည်းချက်သောက်လေ့ရှိသည်။ ဒန့်ဒလွန်သီး အသီး နုများကိုဟင်းချက်စားကြပြီး ရင့်သောအသီးမှအစေ့များကို မြေပဲကဲ့သို့စားသုံးကြသည်။ ဒန့်ဒလွန် သီးအစေ့မှဆီထုတ်ယူပြီး စားသုံးဆီ၊ စက်သုံးဆီ အဖြစ်လည်းအသုံးပြုကြသည်။ ဒန့်ဒလွန်ပွင့်များ ကိုလည်း ချက်ပြုတ်စားသုံးလေ့ရှိရာ ဒန့်ဒလွန်ပွင့်တွင် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီနှင့်ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပါသည်။ ဒန့်ဒလွန်ပွင့်ကို ဟင်းချက် စားရာတွင်အရသာမှာ မှိုနှင့်ဆင်တူပါသည်။ ဒန့်ဒလွန်ပင်၏ အခေါက်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့် အားလုံးတို့သည် ရိုးရာတိုင်းရင်းဆေးအဖြစ် အသုံးဝင်ပါသည်။ ဒန့်ဒလွန်ပင်သည် ၁၀ မီတာ ခန့်မြင့်ပြီး ကိုင်းများသည် ကျွတ်ဆတ်နေပါသည်။ ကိုင်းဖြတ်၍မျိုးပွားယူကြပြီး ၆ လ မှ ၈ လ အကြာတွင် အသီးစတင်သီးပါသည်။  ထိုသို့အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်ဒလွန်ပင်မှာ အသီး၊ အရွက်၊ အပွင့်တို့သည် အရသာလည်းရှိသဖြင့် အမျိုးမျိုးစီမံချက်ပြုတ်ခြင်းဖြင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်နေပါတော့သည်။

DOCA(မန္တလေး)