Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

တင်ပို့မည့်ဟင်းချက်ဆီများကို အင်ဒိုနီးရှားအာဏာပိုင်များကသိမ်းယူလိုက်ခြင်း

          အင်ဒိုနီးရှားအစိုးရက စားအုန်းဆီကြမ်းနှင့်ယင်းထွက်ကုန်များတင်ပို့မှုကို တားမြစ်ပိတ်ပင်ရေး ကြိုးပမ်းနေချိန်တွင်  အင်ဒိုနီးရှားသည် အရှေ့တီမောသို့တင်ပို့မည့် အနည်းဆုံးစားသုံးဆီ လီတာ ၈၁၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်း၊၂၈-၄-၂၀၂၂ ရက်နေ့က ဂျားဗားကျွန်း၊ ဆူရာဘာရာရှိဆိပ်ကမ်း တစ်ခုတွင်  ပို့ကုန်ကြေငြာလွှာ၌ ဟင်းချက်ဆီစာရင်းမပါဘဲ တင်ပို့မည့် ဟင်းချက်ဆီနှင့် အခြားပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောကွန်တိန်နာ ၈ လုံးထက် မနည်းသိမ်းဆည်းရမိခဲ့သည်ဟု မေလ ၁၂ ရက်နေ့နှောင်းပိုင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း၊ ဟင်းချက်ဆီတင်ပို့မှုတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိရပါ ထောင်ဒဏ် (၅)နှစ်နှင့် ဒဏ်ငွေ အင်ဒိုနီးရှားရူးပီး ၅ ဘီလီယံ (ဒေါ်လာ ၅၀၀၀၀၀)အထိချမှတ်နိုင်သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးက ပြောကြားခဲ့ကြောင်း၊

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားသည် ပြီးခဲ့သောလ နှောင်းပိုင်းတွင် စားအုန်းဆီကြမ်းနှင့် သန့်စင်ပြီးစားအုန်းဆီထုတ်ကုန်များတင်ပို့မှုကို ရပ်တန့်လိုက်ခြင်းဖြင့် နိုင်ငံအတွင်းရှိ ဟင်းချက်ဆီ ဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်ရန်ကြိုးစားခဲ့ကြောင်း၊ နေကြာဆီထောက်ပံ့မှု အများအပြားဖယ်ရှားခံလိုက်ရသည့် ယူကရိန်းစစ်ပွဲကြောင့် ရုန်းကန်နေရ‌သော ကမ္ဘာ့ဟင်းသီးဟင်းရွက် ဆီဈေးကွက်များသည်  တင်ပို့မှုပိတ်ပင်လိုက်ခြင်းကြောင့် လှုပ်ခတ်သွားခဲ့ရာ စားအုန်းဆီသည်  ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်၏ ၃ ပုံ ၁ ပုံကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသည်  စားအုန်းဆီထောက်ပံ့မှု၏ ၆၀% ခန့်ရှိကြောင်း၊ အင်ဒိုနီးရှားစီးပွားရေးဝန်ကြီးက နိုင်ငံတစ်ဝှမ်း စားသုံးဆီဈေးနှုန်းများ တစ်လီတာ လျှင် အင်ဒိုနီးရှားရူပီး  ၁၄၀၀၀  အထိ ကျဆင်းသွားသည်အထိ  တင်ပို့မှုပိတ်ပင်ထားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

သကြားပြည်ပတင်ပို့မှုတန်ချိန် ၁၀ သန်းကန့်သတ်

          အိန္ဒိယအစိုးရကပြီးခဲ့သည့် သီတင်းပတ်တွင် ဂျုံ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ယခုအခါ သကြားပြည်ပတင်ပို့မှုကို တန်ချိန် ၁၀ သန်းအထိသာ ကန့်သတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နောက်ထပ် သကြားရာသီစတင်မည့် အောက်တိုဘာလအထိ ပြည်တွင်းသကြားလက်ကျန် အလုံအလောက် ရှိနေသည်မှာသေချာစေရန်အတွက်ဖြစ်ကြောင်း၊ အိန္ဒိယသည်သကြားထုတ်လုပ်မှုတွင် ကမ္ဘာ့အများဆုံးနိုင်ငံဖြစ်ပြီး ဘရာဇီးက ကမ္ဘာ့သကြားတင်ပို့မှု အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ရာ အိန္ဒိယက ဒုတိယ အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယကသကြားအဝယ်များသည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း၊ အိန္ဒိယတွင် သကြားထုတ်လုပ်မှုယခုရာသီ၌ တန်ချိန် ၃၅ သန်း ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ပြည်တွင်းစားသုံးမှုမှာ နောက်ထပ် ကြံရာသီ မရောက်ခင် အထိတန်ချိန်၂၇ သန်းရှိမည်ဟု အိန္ဒိယသကြားစက်များအသင်းက ခန့်မှန်းထားကြောင်း၊ ယခင်ကြံရာသီ မှ သကြားလက်ကျန် တန်ချိန် ၈.၂ သန်းခန့်ရှိသဖြင့် တန်ချိန် ၁၆ သန်း ပိုကာ တန်ချိန် ၁၀ သန်း တင်ပို့ပြီးပါက နောက်ကြံရာသီအစတွင် တန်ချိန် ၆ သန်း လက်ကျန်ရှိမည်ဖြစ်ကြောင်း‌၊ သကြား ပြည်ပတင်ပို့သည့်ပမာဏ တန်ချိန် ၉ သန်းသို့ ရောက်ရှိသည့်အခါ ကျန်ရှိသည့် တန်ချိန် ၁ သန်း ကို တင်ပို့ရန် ပို့ကုန်ပါမစ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ သကြား ပို့ကုန်လုပ်ငန်းများသည် ပြီးခဲ့သည့် ကြံရာသီ အောက်တိုဘာလ ၁ ရက်မှ ယခုအထိ တန်ချိန် ၈.၅ သန်းတင်ပို့ရန် အရောင်းအဝယ် စာချုပ်များ လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ ဧပြီလကုန်ထိ တန်ချိန် ၇.၁ သန်းပေးပို့ပြီး မေလထဲ တွင် တန်ချိန် ၈ သိန်းမှ ၁ သန်းအထိတင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)

ဆန်ကုန်သွယ်မှုအားထိန်းကျောင်းရန် ထိုင်းနှင့်ဗီယက်နမ်ပူးပေါင်းမည်

          ထိုင်းနှင့်ဗီယက်နမ်တို့သည်  ကမ္ဘာ့ဈေးကွက်တွင် ၎င်းတို့၏ ဈေးညှိနှိုင်းမှု အသာစီးရနေစေရန် စွမ်းအားမြှင့်တင်၍ ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု ဝန်ကြီးချုပ်က ‌ပြောကြားခဲ့ကြောင်း၊ စပါးဈေးနှုန်းများ ကျဆင်းနေချိန်တွင် မြေဩဇာအပါအဝင် စရိတ်စကများ မြင့်မားနေသဖြင့် ရုန်းကန်နေရ‌သော နှစ်နိုင်ငံ၏လူဉီးရေသန်းချီရှိနေသည့်လယ်သမားများအတွက် အကျိုးရှိစေမည့် လုပ်ရပ်ဖြစ်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ ထိုသို့အကွက်ရွှေ့ခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ စားသုံးသူများအတွက်မှာမူ အစားအသောက်စရိတ်များမြင့်မားလာမည့် အကြောင်းတရားတစ်ခု ဖြစ်နေကြောင်း၊ ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒု-ဝန်ကြီးက ထိုင်းမှတာဝန်ရှိသူများနှင့် မေလ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း၊ ဗီယက်နမ် စားသောက်ကုန်အသင်းဥက္ကဋ္ဌက  ထိုင်းနိုင်ငံမှ သက်ဆိုင်သူများနှင့် နောက်လတွင်တွေ့ဆုံပြီး ဆန် ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးမည်ဟု မေလ ၂၇ ရက်‌တွင် ပြောကြားခဲ့ပြီး  တွေ့ဆုံ ဆွေးနွေးမည့်အကြောင်းအရာမှာ ဆန်ဈေးနှုန်းများ ထိန်းချုပ်ရန် သဘောတူညီချက်အတွက် မဟုတ်ဘဲ ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို အဓိက ထားဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ယူကရိန်းစစ်ပွဲအတွင်း ဆန်မှာလက်ကျန်အလုံအလောက်ရှိနေပြီး  ထုတ်လုပ်မှုလည်းများပြားနေ၍ ဆန်ဈေးနှုန်းများ ဈေးအနိမ့်တွင် တည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ The Rice Trader မှ CEO နှင့် သုတေသီက စပါးအထွက်များသဖြင့် အလျှံအပယ် ဖြစ်နေရာ ၂၀၂၃ ခုနှစ်အထိ ဆန်ဈေးနှုန်းများ ဆက်လက် နိမ့်ကျနေဉီးမည်ဟု ခန့်မှန်းကြောင်း၊ ပြောင်းဈေးနှုန်းများ မြင့်တက်နေသဖြင့် တိရစ္ဆာန်အစာအတွက် ပြောင်းအစား ဆန်ကွဲကို အစားထိုးသုံးစွဲလာကြသော်လည်း ဈေးတက်စေလောက်အောင် မများပြားကြောင်း၊ စပါးဈေးနှုန်းများ နိမ့်ကျနေပြီး ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေသည့်အတွက် လယ်သမားများက ဓါတ်မြေဩဇာ လျှော့သုံးကြပါက စပါး အထွက်နည်းသွားမည်ဟု သုတေသီကပြောကြားခဲ့ကြောင်း၊ ထိုင်းဆန်ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့ဈေးကွက်ဝယ်လိုအား ပြန်ကောင်းလာခြင်း၊ ထိုင်း ဘတ်ငွေလဲနှုန်းတန်ဖိုး ကျဆင်းခြင်းကြောင့် အကျိုးကျေးဇူးရရှိကြပြီး ကမ္ဘာ့ဆန်ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းနေစေကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)

ကြံတင်သွင်းမှုအတွက် ချောမွေ့စွာအ‌ကောက်ခွန်ရှင်းလင်းနိုင်ရန် အစွမ်းကုန်ဆောင်ရွက်လျှက်ရှိ

          ၂၀၂၂ ခုနှစ်၊ ဧပြီလအစပိုင်းတွင် ရွှေလီမြို့၌ ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေမှာ တစစ တည်ငြိမ်လာသည်နှင့်အမျှ ရွှေလီအကောက်ခွန်ဌာနသည် နယ်စပ်ဂိတ်ပေါက်များတွင် ကုန်စည်ပို့ဆောင်ရေးနှင့် အ‌ကောက်ခွန်ရှင်းလင်းရေး ပုံမှန်ပြန်ဖြစ်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ရန် အဓိကတာဝန်အနေနှင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း‌၊ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ လေယွီလမ်းကြောင်း၏ အခြေခံအဆောက်အအုံနှင့် ကြီးကြပ်ရေးလုပ်ငန်းခွင်နေရာများ၏ ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ် ထိန်းချုပ်မှု အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အခြေအနေများကို  အကြိမ်ပေါင်းများစွာ ကွင်းဆင်းလေ့လာစူးစမ်းခဲ့ကြောင်း၊ လေယွီလမ်းကြောင်းသည် ကြံ တင်သွင်းမှုကို ပုံမှန်ပြန်ဖြစ်ရေးကို တရားဝင်ဆောင်ရွက်ပြီးနောက် ရွှေလီအကောက်ခွန်ဌာနသည် အထူးပြတင်းပေါက်နှင့် အစိမ်းရောင်လမ်းကြောင်းကို ဖွင့်လှစ်ထားပြီး ပိုးမွှားရောဂါ ချက်ချင်းစစ်ဆေးခြင်းပုံစံကိုကျင့်သုံးကာ စစ်ဆေးပြီးမှ ခွင့်ပြုပေးခြင်းကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ လေယွီ လမ်းကြောင်းမှတဆင့်  ကြံ တင်သွင်းမှုအား‌ချောမွေ့စေရန် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မေလ ၂၄ ရက်နေ့ မှစ၍  ကြီးကြပ်စစ်ဆေးပြီး ခွင့်ပြုပေးသည့်  ကြံတင်သွင်းမှု  ၁၇၂ သုတ်၊ စစ် ဆေးသည့်ကြံတင်ကား  ၇၁၃ စီး၊ ကြံတန်ချိန် စုစု‌ပေါင်း  ၂၁၁၀၀ တန်၊ စုစုပေါင်းတန်ဖိုးငွေပမာဏမှာ တရုတ်ယွမ်ငွေ  ၉.၇၃၇ သန်းရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)