Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

စားသုံးဆီတင်သွင်းနိုင်မည့် အရင်းအမြစ်များ လေ့လာနေသည့် အိန္ဒိယနိုင်ငံ

          ပြည်တွင်းသို့ နေကြာဆီများ အဓိကဝယ်ယူတင်သွင်းသည့် ကုန်သွယ်ဘက်နိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံထံမှ  သွင်းအားစုပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်၌ စားသုံးဆီဖူလုံမှုရှိစေရေးအတွက်  အိန္ဒိယအစိုးရသည် တောင်အမေရိကဒေသနှင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်လျှက်ရှိကြောင်း၊ ပြည်တွင်း၌ အရန်စားသုံးဆီများစုဆောင်းထားသော်လည်း အစိုးရအနေဖြင့် စားသုံးဆီတင်သွင်းရန်အတွက် အခြားသောအရင်းအမြစ်များကို လေ့လာရှာဖွေ လျှက်ရှိသည်ဟု အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနကပြောကြားခဲ့ကြောင်း၊နိုင်ငံတကာ နေကြာဆီအသင်းမှ ဥက္ကဋ္ဌဖြစ်သူက အိန္ဒိယနိုင်ငံ၏လစဉ်နေကြာဆီစားသုံးမှုမှာ တန်ချိန် ၂ သိန်းခန့်ရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံသို့တင်ပို့သည့် နေကြာဆီပမာဏမှာ တန်ချိန် ၁.၅ သိန်းခန့်ရှိ သော်လည်း မတ်လအတွက် မှန်းဆရန်ခက်ခဲကြောင်း၊ အိန္ဒိယနိုင်ငံအတွက် နေကြာဆီ ပိုမိုဝယ်ယူ တင်သွင်းရန် ရွေးချယ်နိုင်သည့် အခြားသောဈေးကွက်မှာ အာဂျင်တီးနားနိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အာဂျင်တီးနားနိုင်ငံမှနေကြာဆီတင်သွင်းရန် စာချုပ်များချုပ်ဆိုမှုကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်း၊ အကယ်၍ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရူပီး-ရူဘယ်ငွေကြေးစနစ်ဖြင့် ကုန်သွယ်နိုင်ပါက ရုရှားနိုင်ငံထံမှ နေကြာဆီ တင်သွင်းရယူနိုင်ချေရှိကြောင်း၊ ရုရှား-ယူကရိန်း နှစ်နိုင်ငံအပစ်အခတ်ရပ်စဲခဲ့ပါက ယူကရိန်းနိုင်ငံထံမှ နေကြာဆီများသင်္ဘောတင်ပို့မှုကို ပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပေါ်မှုကြောင့် နေကြာဆီ သွင်းအားစုအပိုင်း ပုံပျက်ယွင်းမှုနှင့်အတူ အိန္ဒိယပြည်တွင်း၌ နေကြာဆီဈေးနှုန်းများ မြင့်တက်လျှက်ရှိသကဲ့သို့ စားအုန်းဆီ နှင့် ပဲပုတ်ဆီတို့၏ ဈေးနှုန်းများသည်လည်း လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကစတင်၍ မြင့်တက်လာသော်လည်း ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုရှိသော မုံညင်းဆီနှင့် မြေပဲဆီတို့၏ ဈေးနှုန်းများမှာ အထိုက်အလျောက်တည်ငြိမ်လျှက်ရှိကြောင်း၊ အိန္ဒိယ ဆီကြိတ်ခွဲ ထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာက ပြည်တွင်းဈေးကွက်၌ ဆီမုံညင်း တန်ချိန် သိန်း ၁၁၀ ခန့် ထွက်ရှိနိုင်ဖွယ်ရှိသည့်အပြင် ဆီကြိတ်ပဲပုတ်သည်လည်း တန်ချိန် သိန်း ၇၀ မှ ၈၀ ထိ ထွက်ရှိနိုင် ကြောင်း၊ ယူကရိန်းပဋိပက္ခဖြစ်ပေါ်မှုက ပြည်တွင်းဈေးကွက်၌ စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေသော်လည်း ကုန်စည်ပြတ်လပ်မှုဖြစ်ပေါ်နိုင်မည်မဟုတ်ကြောင်း၊ နေကြာဆီအား အစားထိုး သုံးစွဲနိုင်မည့်စားအုန်းဆီမှာမူ အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဈေးနှုန်းများတည်ငြိမ်စေရန် အစီအမံများ ချမှတ်လုပ်ဆောင်လျှက်ရှိခြင်း

          တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် ဖြစ်ပေါ်လျှက်ရှိသည့် မသေချာမှုများနှင့် ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းများတွင် အဓိကအသုံးပြုရသည့် ကျောက်မီးသွေး၊ သံရိုင်း စသည့်ကုန်စည်များ၏ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက်  ဈေးကွက်အတွင်း ဈေးနှုန်းနှင့်ပတ်သက်သည့် စီမံ‌ဆောင်ရွက်မှုများအား ပိုမိုခိုင်မာကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission-NDRC)က ထုတ်ပြန်ခဲ့ရာ ကျောက်မီးသွေး ဈေးကွက်ရှိ ဈေးနှုန်းသတ်မှတ်ရေးအစီအမံအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးလုပ်ငန်းအပါအဝင် ဈေးကွက်များအား လုပ်ထုံးလုပ်နည်းများ၊ ကြီးကြပ်ကွပ်ကဲမှုများ ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း၊ အကယ်၍ ကျောက်မီးသွေးဈေးနှုန်းအား သင့်တော်သည့်အနေအထားအတွင်း ထိန်းသိမ်းထားနိုင်ပါက လျှပ်စစ်ဈေးနှုန်းများ ပြောင်းလဲမှုမရှိစေရန် ထိရောက်စွာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ၊တရုတ်နိုင်ငံ ၏ ကျောက်မီးသွေးထုတ်လုပ်ထွက်ရှိမှုသည် နိုင်ငံလိုအပ်ချက်၏ ၉၀% ထက်ကျော်လွန်သည့်အတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီစေမည်ဟုဖော်ပြထားကြောင်း၊ ထိုကဲ့သို့ပင် ဈေးကွက်အတွင်း သံရိုင်း ဝယ်လိုအားနှင့်ရောင်းလိုအား တည်ငြိမ်လျက်ရှိသော်လည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ဆိပ်ကမ်းများ၌ သံရိုင်းများ အလွန်အမင်း စုပုံထားရှိခြင်းကို တားဆီးသည့်အနေဖြင့် ဆိပ်ကမ်း၌အခမဲ့ထိန်းသိမ်းထားနိုင်သည့်ကာလအားလျှော့ချ၍ ထိန်းသိမ်းစောင့်ရှောက်ခကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ သံရိုင်းကုန်သည်များအနေဖြင့် ဆိပ်ကမ်း၌စုပုံနေသည့် သံရိုင်းများအား လာရောက်ထုတ်ယူရေးကိုလည်း တွန်းအားပေးဆောင်ရွက်သွားမည်ဟု  NDRC မှ ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် သံရိုင်းဈေးနှုန်းပြောင်းလဲမှုများကြောင့် တရုတ်အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၂၈)ရက်နေ့မှစ၍ ဈေးကွက်အတွင်း သံရိုင်းဈေးနှုန်း တည်ငြိမ်စေရေးအတွက် တစ်လတာကာလအတွင်း၌ သံရိုင်းနှင့်ပတ်သက်သည့် ကြေငြာချက်(၆)ခုထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

ပီလောပီနံတင်ပို့မှုအလားအလာကောင်းမွန်မည်ဟုမျှော်လင့်

          ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာမှုနှင့် သီးနှံဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ယခုနှစ် အတွက် ထိုင်းနိုင်ငံ၏ ပီလောပီနံတင်ပို့မှုအလားအလာ ကောင်းမွန်မည်ဟုမျှော်လင့်ရကြောင်း၊ ပီလောပီနံမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးနောက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ၂၀၂၁ ခုနှစ်တွင် ပြည်ပသို့ ပီလောပီနံ ပြည်ပတင်ပို့မှုအနေဖြင့် (၄၈.၄၁%) တိုးတက်ခဲ့ပြီး ဘတ်ငွေအားဖြင့် (၁၂၃.၂)ဘီလီယံ ရရှိခဲ့ရာ ယခု ၂၀၂၂ ခုနှစ်တွင် ပီလောပီနံပြည်ပတင်ပို့မှုကို အရှိန်အဟုန်ဖြင့်တိုးတက်လာရန်မျှော်မှန်းထားကြောင်း၊ ပြည်ပတင်ပို့မှုမှာ အရေအတွက်အားဖြင့် (၄၅.၅၈%)တိုးတက်ခဲ့ပြီး (၁၀.၃၈)သန်းတင်ပို့နိုင်ခဲ့ရာ လွန်ခဲ့သည့် နှစ်‌ပေါင်း(၁၄)နှစ် အတွင်း အမြင့်မားဆုံးတိုးတက်မှုဖြစ်ခြင်းမှာ ကမ္ဘာ့သီးနှံဈေးနှုန်း မြင့်မားခဲ့မှု နှင့် အီသနော၊အယ်လ်ကိုဟောနှင့်ဆေးဘက်ဆိုင်ရာထုတ်ကုန်များအတွက်  ဝယ်လိုအားမြင့်မားခဲ့မှု တို့ကြောင့်ဖြစ်ကြောင်း ၊ထိုင်းနိုင်ငံ၏ ပီ‌လောပီနံပို့ကုန်အတွက် အကြီးမားဆုံး ဈေးကွက်မှာ တရုတ်ဈေးကွက်ဖြစ်ပြီး ၎င်းမှာ ပြည်ပတင်ပို့မှုစုစုပေါင်း၏ (၇၀%)၊ ဂျပန်က(၈%)၊ အင်ဒိုနီးရှားနိုင်ငံက(၃%)၊ တောင်ကိုရီးယားနိုင်ငံက(၂%)နှင့် အခြားနိုင်ငံများက (၁၇%)ရှိကြောင်း၊ လက်ရှိကာလ လတ်ဆတ်သော ပီလောပီနံဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှအားဖြင့်(၂.၅-၂.၆) ဘတ်သည် အစိုးရက လယ်သမားများအတွက် ဝင်ငွေ အာမခံချက်ပေးထားသည့် ဈေးနှုန်းနှင့် နီးစပ်မှုရှိကြောင်း၊ ဝန်ကြီးက ၎င်းအနေဖြင့် တရုတ်နိုင်ငံတွင် အီသနောထုတ်လုပ်မှုအတွက် ဝယ်လိုအားများ ဆက်တိုက်တိုးလာမှုကြောင့်  ပီလောပီနံဈေးနှုန်းအနေဖြင့်ပိုမိုတိုးတက်လာရန်မျှော်လင့်ကြောင်း၊ ၂၀၂၁-၂၀၂၂ သီးနှံရာသီ အတွက် ကမ္ဘာ့ပီလောပီနံထုတ်လုပ်မှုအနေဖြင့် (၁.၂၁%)တိုးတက်နိုင်ပြီး တန်ချိန်(၃၀၂) သန်း ရှိ နိုင်မည်ဖြစ်သော်လည်း ၂၀၂၁-၂၀၂၂သီးနှံရာသီအတွက် ထိုင်းနိုင်ငံ၏ ပီလောပီနံထုတ်လုပ်မှုမှာ ယခင် နှစ်ကရရှိခဲ့သော တန်ချိန်(၃၅.၀၉)သန်းထက် (၁%)ခန့်ကျဆင်းနိုင်ပြီး  တန်ချိန်(၃၄.၆၉)သန်း ရရှိနိုင်ခြင်းမှာ အလယ်ပိုင်းဗဟိုဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် အချို့စိုက်ပျိုးဒေသများတွင် မိုးခေါင်မှုများကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက်မှာ တန်ချိန် (၁၂.၇) သန်းခန့် ရှိလိမ့် မည်ဟုခန့်မှန်းထားပြီး ပြည်ပတင်ပို့မှုအနေဖြင့် တန်ချိန်(၂၉.၇)သန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ကော်မတီအနေဖြင့် ဘတ်ငွေ(၄၇၄)သန်းတန်ဖိုးရှိ စီမံကိန်းပရောဂျတ်(၁၀)ခုကို အတည်ပြု‌ပေးခဲ့ပြီး အဓိကအားဖြင့် ၂၀၂၃ မှ ၂၀၂၇ ခုနှစ်အတွင်း ပီလောပီနံ ပိုးမွှားရောဂါ ပပျောက်ရေးအပေါ် အဓိက ဉီးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပီလောပီနံမူဝါဒနှင့်စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး တွင်လယ်ယာစိုက်ပျိုးရေဉီးစီးဌာန၊ လယ်ယာစိုက်ပျိုး‌ရေးနှင့်သမဝါယမဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာတို့အား ပီလောပီနံပင်များ အားကောင်းလာစေရန်၊ လယ်သမားများ၏ အလေအလွင့်များ လျော့နည်းစေရန်နှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး(R&D)လုပ်ငန်းတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်သွား ကြရန်တာဝန်ပေးအပ်ခဲ့ပြီး ပီလောပီနံရောဂါကင်းစင်စေရေး (R&D) လုပ်ငန်းအတွက်  ဘတ်ငွေ (၂၅) သန်းခွဲဝေပေးမည်ဟု အစိုးရက ကတိပြုထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

လယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်သွင်းမှု ပြောင်းလဲလာနိုင်ဖွယ်ရှိ

          တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်မှစတင်၍ ယူကရိန်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပြီး ၂၀၂၁ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၉.၃) ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံသည် တရုတ်နိုင်ငံသို့ သံရိုင်းနှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တင်ပို့လျှက်ရှိပြီး တရုတ်နိုင်ငံမှ လျှပ်စစ်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူ တင်သွင်းလျှက်ရှိကြောင်း၊  ယခုဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေများကြောင့် နှစ်နိုင်ငံကုန်သွယ်မှု အပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်လျှက်ရှိပြီး တရုတ်နိုင်ငံမှယူကရိန်းနိုင်ငံသို့ကုန်စည်တင်ပို့ရန် အမှာစာ လက်ခံရရှိမှုများသိသာစွာ ကျဆင်းလာသကဲ့သို့ သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားကိစ္စရပ်များ အပေါ်စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်ကစတင်၍ ယူကရိန်းနိုင်ငံမှ ပြောင်းတင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းစုစုပေါင်း တင်သွင်းမှု၏ ၆၀% သည် ယူကရိန်းနိုင်ငံမှတင်သွင်းခြင်းဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်ကစ၍ အမေရိကန်ပြည်‌ထောင်စုထံမှ ပြောင်းစတင်ဝယ်ယူတင်သွင်းခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံမှ တရုတ် နိုင်ငံသို့ပြောင်းတင်သွင်းမှု‌ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊တရုတ်နိုင်ငံသည် ရုရှား၊ မြန်မာနှင့်လာအိုနိုင်ငံများမှလည်း ပြောင်းအရေအတွက် အနည်းငယ် ဝယ်ယူတင်သွင်းလျှက်ရှိကြောင်း၊ လတ်တလော ကာလများတွင် တရုတ်နိုင်ငံသို့ တင်သွင်းလျှက်ရှိသည့် ပြောင်းစုစုပေါင်း၏ (၃၀%)သည် ယူကရိန်း နိုင်ငံ မှ ဝယ်ယူတင်သွင်းခြင်းဖြစ်ရာ လက်ရှိဖြစ်ပေါ်လျှက်ရှိသည့် ယူကရိန်းအရေးကြောင့် ကမ္ဘာ့ ပြောင်းနှင့် ဂျုံဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိပြီး တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုအပေါ် ရိုက်ခတ်မှုများ အတန်အသင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း လယ်ယာစိုက်ပျိုရေးကဏ္ဍ လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)