Main menu

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

Powered by Drupal

အရောင်းစင်တာများတွင်  ဟင်းသီးဟင်းရွက်ပြတ်လပ်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုရင်ဆိုင်‌နေရခြင်း

          ဟောင်ကောင်ဒေသရှိ အချို့သော အဓိကကျသည့် စူပါမားကတ်များရှိ အရောင်းစင်တာများတွင် ဟင်းသီးဟင်းရွက်များပြတ်လပ်လျက်ရှိပြီး ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိရာ ဟောင်ကောင်ဒေသသို့ ဟင်းသီးဟင်းရွက်များ တင်သွင်းသယ်ဆောင်မည့် ကုန်တင်ကားများအနက်  ယာဉ်မောင်း(၂)ဦးတွင်  ဟောင်ကောင်-ရှန်းကျန့် နယ်စပ်ဖြတ်သန်းစဉ်၌  ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိသောကြောင့် အခြား ယာဉ်မောင်းများအားလုံးမှာ ရှန်းကျန့်မြို့၌ပိတ်မိလျက်ရှိကြောင်း၊ ၆-၂-၂၀၂၂ ရက်နေ့တွင် ဟောင်ကောင်မြို့တစ်ဝန်းရှိ အဓိကစူပါမားကတ်များ၌ ဟင်းသီးဟင်းရွက်များ ရောင်းကုန်သွားသည်ကို နေရာအများအပြားတွင်တွေ့ရှိရပြီး အချို့သောအရောင်းဆိုင်များ၌  ဈေးနှုန်းများ (၂)ဆ မြင့်တက်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဝယ်ယူသူများမှလည်း ဈေးနှုန်းများ ပိုမိုကြီးမြင့်လျက်ရှိသည်ဟု ပြောကြားလျက်ရှိပြီး ပစ္စည်းများဝယ်ယူမှုလျှော့ချခဲ့ကြကြောင်း၊ ဟောင်ကောင်ဒေသသို့ ဟင်းသီးဟင်းရွက်များ တင်သွင်းနိုင်ခြင်းမရှိသောကြောင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် Supermarket အပါအဝင် လက်လီရောင်းချသူများလည်း အများအပြားမရှိကြောင်း၊ ကျန်းမာရေးဆိုင်ရာအရာရှိများမှ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက်  ရှန်းကျန့်ဂိတ်အား နာရီပေါင်းများစွာ ပိတ်ထားခဲ့ကြောင်း၊ Man Kam control point သည် လတ်ဆတ်သောအစားအစာဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ အသားနှင့်ငါးများအားတရုတ်ပြည်မကြီးမှ အဓိကဝင်ရောက်သည့် နယ်စပ်ဂိတ်ဖြစ်ပြီး Vegetable  Marketing  Organization နှင့်  Cheun  Sha  Wan  Wholesale  Food  Market တို့၌ ဟင်းသီးဟင်းရွက်များ ပြတ်လပ်မှု၏ သက်ရောက်မှုမရှိခဲ့ဘဲ Weatern Wholesale Food Market ၌ ဟင်းသီးဟင်းရွက်များ တင်သွင်းမှုလျော့ကျခဲ့သော်လည်း ဈေးကွက်အခြေအနေမှာ တည်ငြိမ်ဆဲဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအတွက် အစားအသောက်များမှာ တရုတ်ပြည်မကြီးမှ အဓိကတင်သွင်းခြင်း ဖြစ်ပြီး ဒေသသို့ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်(၉၂%)မှာ တရုတ်ပြည်မကြီးမှ တင်သွင်းခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကာလကြာရှည်ပါက ဈေးဆိုင်ခန်းများ ဈေးနှုန်းလျော့ကျသွားနိုင်

          ဟောင်ကောင်ဒေသ၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု တစ်နှစ်ပတ်လုံး ဖြစ်ပွားနေပါက ဒေသ၏ လမ်းသွယ်များရှိ ဆိုင်ခန်းများ၏ ဈေးနှုန်းများမှာ(၂၀%) လျော့ကျသွားနိုင်ပြီး စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများနှင့်လက်လီရောင်းချမှုများတွင် ဆုံးရှုံးမှုများနိုင်သည်ဟု သတင်းဖော်ပြထားကြောင်း၊ ဟောင်ကောင်ဒေသ၌ အိုမီခရွန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ခန်းပိုင်ရှင်များသည် ဆိုင်ခန်းဈေးနှုန်းအား (၅%) မှ (၁၀%)သို့ လျှော့ချခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ဒေသ၌ တစ်နှစ်ပတ်လုံး ဆက်လက်ဖြစ်ပွားနေပါက ဆိုင်ခန်းဈေးနှုန်းမှာ (၁၅%)မှ (၂၀%)သို့လျော့ကျနိုင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းပြီး နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လျှင် လူနေအိမ်ခန်းများ ဈေးနှုန်းမှာ (၁၀%)မှ (၁၅%)အထိ လည်းကောင်း၊ အချက်အချာကျသည့် ဈေးအရောင်းအဝယ်နေရာများတွင် ဆိုင်ခန်းများ၏ ဈေးနှုန်းမှာ (၂၀%)မှ(၃၀%)အထိလည်းကောင်း အသီးသီးမြင့်တက်နိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လအထိ အိုမီခရွန်ကူးစက်မှု ဆက်လက်ပြင်းထန်နေမည်ဆိုပါက စားသောက်ကုန်လုပ်ငန်းများမှာ ပထမဉီးစွာ ကြီးမားသည့် အခက်အခဲများနှင့် ကြုံတွေ့နိုင်ပြီး လက်လီလုပ်ငန်းများနှင့် ဖက်ရှင်လုပ်ငန်းများလည်း ပိတ်သိမ်းသွားနိုင်ပြီး အိမ်ခန်းများမှာ ဈေးဆိုင်ခန်းများထက် အလားအလာ ပိုမို ကောင်းမွန်နိုင်သကဲ့သို့ Wet Market Shop များရှိသည့် နေရာဒေသများ၌ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအလားအလာ ကောင်းမွန်နိုင်သော်လည်း Causeway Bay နှင့် Centralတို့၌  စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုလျော့ကျနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင်  ဟောင်ကောင်ဒေသ၌ အမြဲတမ်းမနေထိုင်သူများ၏ဝယ်ယူမှုအပေါ် တံဆိပ်ခေါင်းခွန်နှစ်ကြိမ်ပေးဆောင်မှုအား အစိုးရမှဖယ်ရှားပေးခဲ့ခြင်းကြောင့် ဟောင်ကောင်ရှိ ဈေးဆိုင်ခန်းများ၏ဈေးကွက် ဆက်လက်ကောင်းမွန်နိုင်သည်ဟု ယူဆထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

သစ်သီးဝလံစိုက်ပျိုးတင်ပို့သူများ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နေ

          တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးအတွက် တင်းကျပ်သော Zero Covid- 19    မူဝါဒကို ကျင့်သုံးဆောင်ရွက်လျှက်ရှိသောကြောင့် တရုတ်ဈေးကွက်ကို အဓိက မှီခိုဆောင်ရွက်နေ ကြသော  အရှေ့တောင်အာရှနိုင်ငံများရှိ သစ်သီးဝလံစိုက်ပျိုးသူများသည် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ နေရကြောင်း၊ လက်ရှိအချိန်တွင်ဗီယက်နမ်၊ မြန်မာနှင့်လာအိုတို့မှ တရုတ်နယ်စပ်သို့ ရောက်ရှိလာ သောကုန်တင်ယာဉ်တန်းရှည်ကြီးများသည် နယ်စပ်ဖြတ်သန်းဝင်‌ရောက်နိုင်ရန်အတွက် စုပြုံပိတ်မိနေကြရာ မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်မောင်းများအနေဖြင့် တရုတ်နိုင်ငံသို့ဝင်ရောက်ရန်အတွက် (၁၅)ရက် Quarantine နေထိုင်ရမည်ဖြစ်၍ ဖရဲသီးတင်ပို့သူများသည်  ၎င်းတို့၏ အသီးများကို နယ်စပ်တွင် စွန့်ပစ်နေမှုများရှိကြောင်း၊ တရုတ်နိုင်ငံ၏ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ဗီယက်နမ်နိုင်ငံမှ နဂါးမောက်သီးစိုက်ပျိုး တင်ပို့သူများအပေါ် ထိခိုက်လျှက်ရှိပြီး  တရုတ်နိုင်ငံရှိ မြို့ (၉)မြို့တွင် ဗီယက်နမ်မှ  တင်သွင်းလာသည့် နဂါးမောက်သီးများပေါ်၌  ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရုတ်အာဏာပိုင်များသည် နဂါးမောက်သီးများရောင်းချသော စူပါမားကတ်များကို ပိတ်ခိုင်းခဲ့ကြောင်း၊ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ ပြောကြားချက်အရ ဒီဇင်ဘာလကုန်ပိုင်းတွင်  တရုတ်သည်  ကြိုတင်အသိပေးခြင်းမပြုလုပ်ခဲ့ဘဲ ဗီယက်နမ်နှင့်နယ်စပ်ကို ပထမဉီးဆုံးအကြိမ် ရုတ်တရက်ပိတ်သိမ်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံရှိ နဂါးမောက်သီး၊ သရက်သီးနှင့် ပိန္နဲသီးစိုက်ပျိုးသူ တစ်သန်းကျော်သည် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး  ဗီယက်နမ်အစိုးရပိုင်းမှလည်း  လက်ရှိကာလတွင် နယ်စပ်ဖြတ် ကျော်တင်ပို့မှုများကို ရှောင်ရှားရန် စီးပွားရေးလုပ်ငန်းများသို့ ပြောကြားလျက်ရှိပြီး အခြားဈေးကွက်များ ရှာဖွေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း လေကြောင်းနှင့်ရေကြောင်းတို့ဖြင့် အခြားနိုင်ငံများသို့ တင်ပို့ရာ၌ ကုန်ကျစရိတ် ပိုမိုကြီးမြင့်သောကြောင့် တရုတ်နိုင်ငံအပြင် အခြားဈေးကွက်များသို့ ဖြန့်ခွဲတင်ပို့နိုင်ရန်မှာ ခက်ခဲမှုရှိကြောင်းနှင့် အရှေ့‌‌‌တောင်အာရှရှိ သစ်သီးဝလံစိုက်ပျိုးသည့်ဒေသ အများစုမှာ လေဆိပ်များနှင့် နီးကပ်မှုမရှိဟု ထောက်ပြပြောဆိုနေကြကြောင်း၊ ဒေသတွင်းရှိ သစ်သီးဝလံစိုက်ပျိုးသူများအနေဖြင့် တရုတ်နှစ်သစ်ကူးကာလအတွက်  မျှော်လင့်ချက် ကြီးမားခဲ့ကြသော်လည်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိသော ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ပြီးဆုံးမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့နောက်ပိုင်းအထိ တင်ပို့နိုင်မည့်အခြေအနေ တိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်းနှင့် နယ်စပ်စစ်ဆေးမှုများကို ပိုမိုတင်းကျပ်လာနိုင်ဖွယ်ရှိသည်ဟု တင်ပို့သူများက သုံးသပ်ကြကြောင်း၊ ထိုင်းနိုင်ငံဒူးရင်းသီးအသင်းမှ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌကလည်း လာမည့်လများတွင် တရုတ်နိုင်ငံသည် ၎င်း၏နယ်စပ်ဂိတ်များကို ပိတ်လိုက်ဖွင့်လိုက်ဆက်လက် ဆောင်ရွက်နိုင်ဖွယ်ရှိသဖြင့် ဧပြီလ ဒူးရင်းသီးဆွတ်ခူးချိန်တွင် အသီးထုပ်ပိုးမှုဆိုင်ရာ စံနှုန်းသတ်မှတ် ချက်များနှင့် ကုန်သေတ္တာများကို ပိုးသတ်ခြင်းလုပ်ငန်းစဉ်များ ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်လျှက်ရှိသည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

အီးယူစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းသဖွယ်ဖြစ်လာနိုင်ခြင်း

          ဖွံ့ဖြိုးတိုးတက်လာနေသည့် အာရှပစိဖိတ်ဒေသဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုပြုရန် အီးယူရှိ အသေးစားအလတ်စားလုပ်ငန်းများ(SMEs)အတွက် အခွင့်အလမ်းကောင်းတစ်ခုသဖွယ် ဖြစ်လာနိုင် သည်ဟု Euractiv Website ၌ ဖော်ပြထားကြောင်း၊ အီးယူ၏စီးပွားရေးသည်လည်း ကပ်ရောဂါ၏ ကနဉီးထိုးနှက်ချက်များမှ ပြန်လည်နိုးထလာနေပြီဖြစ်သော်လည်း ကမ္ဘာကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေးလုပ်ငန်းကွင်းဆက်တွင် အဟန့်အတားများရှိနေခြင်းနှင့် အိုမီခရွန်နှင့် ဒယ်လ်တာဗီဇ ပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ ကူးစက်ပျံ့နှံ့နေခြင်း စသည့်အချက်များနှင့်အတူ အီးယူနှင့် အာရှပစိဖိတ် ဒေသနှစ်ခုစလုံး၏စီးပွားရေးပြန်လည်နိုးထနိုင်မည့်အလားအလာအပေါ် သတိပြုရမည့်အခြေအနေ လည်းရှိကြောင်း၊ယင်းသို့စိန်ခေါ်မှုများရှိနေစေကာမူ အီးယူနှင့် အာရှပစိဖိတ်ဒေသနှစ်ခုအကြား ကုန် သွယ်မှုဆက်ဆံရေးအပေါ် အပြန်အလှန်မှီခိုမှုနှင့် စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုနေမှုတို့သည် ခိုင်မာပြီးဖြစ်ကြောင်း၊ စူးအက်တူးမြောင်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ခြင်း၊ လေကြောင်းကုန်စည်ပို့ဆောင်မှု ကျဆင်းခြင်းကဲ့သို့သော ကုန်စည်ထုတ်လုပ်စီးဆင်းမှုထောက်ပံ့ရေးလုပ်ငန်း ကွင်းဆက်အပေါ် ရိုက်ခတ်မှုများသည်  အချို့စီးပွားရေးလုပ်ငန်းများအား ကုန်သွယ်မှုစွန့်စားရနိုင်ချေကို ပြည်လည်ဆန်းစစ်ရန် တွန်းပို့နိုင်ကြောင်း၊ အီးယူစီးပွားရေးလုပ်ငန်းများအနေဖြင့် အာရှပစိဖိတ်ဒေသ၌ စားသုံးသူအသစ် သန်းပေါင်းများစွာကို ဈေးကွက်ရရှိနိုင်မည့်အပြင် ကိုဗစ်အလွန် စီးပွားရေးပြန်လည်နာလန်ထူမှုကို လွယ်ကူ ချောမွေ့စေပြီး နိုင်ငံတကာကုန်သွယ်မှုကို ပြန်လည်ရှင်သန်စေနိုင်မည်ဖြစ်ကြောင်း၊ SMEs လုပ်ငန်းများသည် အီးယူစီးပွားရေးတွင် ကျောရိုးသဖွယ်ဖြစ်ကာ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး၌ တန်ဖိုး ထပ်ဖြည့်ပေးသည့်အင်ဂျင်များလည်းဖြစ်ကြောင်း၊ SMEs လုပ်ငန်းများသည် အလုပ်အကိုင်သန်းပေါင်းများစွာကို ဖန်တီးပေးထားပြီး အီးယူGDP၏ထက်ဝက်ကျော်ကို ကိုယ်စားပြုကြောင်း၊ အီးယူရှိ SMEs လုပ်ငန်းအရေအတွက် (၆)သိန်းခန့်သာ အီးယူပြင်ပသို့ ပို့ကုန်တင်ပို့နိုင်သေးသဖြင့် နိုင်ငံတကာ ကုန်သွယ်မှုတွင် SMEs လုပ်ငန်းများ ပါဝင်မှုမှာ နည်းပါးနေပြီး ၎င်းတို့၏ယေဘူယျ အခက်အခဲများမှာ အကောက်ခွန်နှုန်းထားများ၊အခွန်အခများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ယုံကြည်စိတ်ချရသော စီးပွားရေးလုပ်ငန်းကွန်ယက်များ ရှာဖွေရခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘယ်လ်ဂျီယံနိုင်ငံအစိုးရက  လျှပ်စစ်ဓါတ်အားအပေါ် Value-Added Tax နှုန်းထားလျှော့ချ ကောက်ခံသွားမည်

          စွမ်းအင်ဈေးနှုန်းမြင့်တက်နေမှုကြောင့် စားသုံးသူများအပေါ် ထိခိုက်မှုအကာအကွယ်‌ပေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက လျှပ်စစ်ဓါတ်အားအပေါ် တန်ဖိုးဖြည့်အခွန်(Value-Added Tax-VAT)နှုန်းထားအား (၁-၃-၂-၂၀၂၂)ရက်မှ(၁-၇-၂၀၂၂ )ရက်နေ့ထိ ကာလအတွက် (၂၁%)မှ(၆%)သို့ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း၊ စွမ်းအင်ဈေးမြင့်တက်မှုသည် ခက်ခဲသော အခြေအနေတစ်ရပ်ဖြစ်ပြီး အစိုးရအနေဖြင့် မြေပြင်တွင် အမှန်တကယ် ဖြစ်ပေါ်နေသော အခြေအနေများကို တုံ့ပြန်နိုင်မည့်အစီအမံများအား ဟန်ချက်ညီအောင်ဆောင်ရွက်နေကြောင်း၊ ဘယ်လဂျီယံနိုင်ငံအစိုးရ၏ ထိုသို့အခွန်လျှော့ချကောက်ခံမည့် အစီအမံကြောင့် အိမ်ထောင်စုတစ်ခုချင်းစီအား စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်အတွက် အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ ဝင်ငွေနိမ့်ပါးသည့် မိသားစုများအတွက် ထပ်ဆောင်းအစီအမံများလည်းရှိကြောင်း၊ ဓါတ်ငွေ့ သုံးစွဲမှုအပေါ် အလားတူအခွန်လျှော့ချရန် ရှိ/မရှိနှင့်စပ်လျဉ်း၍ လျှော့ချကောက်ခံသွားမည်မဟုတ်ကြောင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုဆိုင်ရာ အထောက်အကူပြု အစီအစဉ်အတွက် ယူရို(၁.၁) ဘီလျံခန့်ကုန်ကျမည်ဖြစ်ပြီး အိမ်ထောင်စုများအတွက် ပျမ်းမျှယူရို(၁၆၅)ခန့် အခွန်လျှော့ချပေးနိုင် မည်ဟု ဘယ်လ်ဂျီယံနိုင်ငံ၏ စွမ်းအင်ဝန်ကြီးကပြောကြားခဲ့ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံအများစုသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကို ခုသာခံသာရှိစေရေးအစီအမံများကို ဆောင်ရွက်ထားကြကြောင်း၊ ဘူလဂေးရီးယားနိုင်ငံက စွမ်းအင်ဈေးနှုန်းများ သတ်မှတ်ပြဌာန်းရန်ကိစ္စအား ၂၀၂၂ ခုနှစ်၊ မတ်လကုန်အထိဆိုင်းငံ့ထားပြီး စပိန်နိုင်ငံနှင့်ပြင်သစ်နိုင်ငံတို့သည် စွမ်းအင်သုံးစွဲခများမြင့်တက်မှုကို ထိန်းချုပ်‌ဆောင်ရွက်ထားကြကြောင်း၊ ဆွီဒင်နိုင်ငံအပါအဝင် အခြားနိုင်ငံများက ထိခိုက်မှုအရှိဆုံး အိမ်ထောင်စုများအတွက် ပံ့ပိုးပေးခြင်းများကို ဆောင်ရွက်ထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)