Main menu

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

Powered by Drupal

ထိုင်းနိုင်ငံသို့ ပြောင်း အလုံးအရင်းတင်ပို့နေ

          မြန်မာ့ပြောင်းကို အခွန်လွတ်စနစ်ဖြင့် စတင်တင်ပို့ခွင့်ပြုသည့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ပြောင်းဆံများကို မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်သို့ အလုံးအရင်းဖြင့်တင်ပို့နေရာ (၄) ရက်နေ့တွင်  မြဝတီနယ်စပ်မှတဆင့် ကားအစီးရေ(၁၀၀)ကျော် ထိုင်းနိုင်ငံဘက်သို့ စတင် တင်ပို့ခဲ့ ကြောင်း၊ သို့သော် ယခင်နှစ်က ကားအစီးရေ(၃၀၀)ဖြင့် စတင် တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင်  အစီးရေ နည်းသွားပြီး ထိုင်းနိုင်ငံဘက်က အခွန်လွတ်တင်ပို့ခွင့် စာရွက်စာတမ်းယူရာ၌ အချိန်နှောင့်နှေးမှုများရှိ၍ ယခုကဲ့သို့ တင်ပို့မှုနည်းပါးရခြင်းဖြစ်ကြောင်း၊ထိုင်းနိုင်ငံက မြန်မာ့ပြောင်းများကို ဖေဖော်ဝါရီ(၁)ရက်နှင့် ဩဂုတ်(၃၁)ရက်ကြား အခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းပြီး ကျန်ကာလများတွင်မူ ၎င်းနိုင်ငံက တောင်သူများကိုကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှုကို ၇၃% အထိ သတ်မှတ်လုပ်ဆောင် ကြောင်း၊ အခွန်ကောက်ခံသည့် စက်တင်ဘာလမှ ဇန်နဝါရီလကုန်ထိ ကြားကာလများ၌ မြန်မာ့ ပြောင်းဆံများကို အမှုန့်လုပ်၍ တင်ပို့မှုရှိသော်လည်း အမှုန့်လုပ်တင်ပို့ရာတွင် အခက်အခဲရှိသဖြင့် မြန်မာ့ပြောင်းကို အခွန်လွတ်စနစ်ဖြင့် တစ်နှစ်ပတ်လုံး တင်ပို့ခွင့်ရပါက ပိုမိုကောင်းမွန်သည်ဟု ကုန်သည်များကပြောဆိုကြကြောင်း၊မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ နယ်စပ်ကတဆင့် အခြားလယ်ယာ ထွက်ကုန်များကိုပါ တင်ပို့‌သော်လည်း ပြောင်းမှာမူ အခွန်ကင်းလွတ်ချိန်(၇)လတာအတွင်း အများဆုံး တင်ပို့တဲ့ထွက်ကုန်ဖြစ်ကြောင်း၊လတ်တလော၌ ထိုင်းနိုင်ငံဘက်သို့ ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်း မှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကိုသာအဓိကတင်ပို့နေပြီး ပြောင်းထွက်ချိန်နောက်ကျသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားဒေသများက ပြောင်းကို နောက်ပိုင်းမှသာတင်ပို့ကြောင်း သိရှိရ ပါသည်။

(Source: Current Content)

ကုန်သွယ်မှု၌စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန်အစီအမံများချမှတ်သွားမည်

          ကမ္ဘာတစ်ဝှမ်း ဆက်လက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ် ထိခိုက်မှုများစွာဖြစ်ပေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှုတည်ငြိမ်စေရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၌ ကုန်သွယ်မှုပမာဏမြင့်မားခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်အတွင်း၌  အဆိုပါပမာဏထက် ကျော်လွန်ရန် ခက်ခဲမည်ဖြစ်ရာ ယခုနှစ်အတွင်း ပြည်ပကုန်သွယ်မှုတည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ဉီးစားပေးလုပ်‌ဆောင်သွားမည်ဖြစ်သကဲ့သို့ အရေအတွက်ထက် အရည်အသွေး ပိုမိုကောင်းမွန်စေရေး ဉီးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ပြည်ပကုန်သွယ်မှု အား တည်ငြိမ်စွာဖြင့် သင့်တော်သည့်အတိုင်းအတာအတွင်း ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်သော်လည်း ယခုနှစ်အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအားတို့သည် မသေချာမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြား ပြန်လည်နလန်ထူလာနိုင်သည့်အခြေအနေ ကွာဟချက် ဆက်လက်ကြီးမားလျက်ရှိရာ မတူညီသောနိုင်ငံများအကြား စီးပွားရေး ပြန်လည်နလန်ထူလာနိုင်မှုသည် ကွဲပြားလျက်ရှိကြောင်း၊ ထိုကဲ့သို့ပင် အချို့သောနိုင်ငံများအနေဖြင့် စီးပွားရေးကုစားမှုမူဝါဒများအား အမြန်ရုပ်သိမ်းခြင်းသည် ဝယ်လိုအားကိုကျဆင်းစေပြီး ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်စေခြင်းကြောင့် တရုတ်နိုင်ငံ၏ တင်ပို့မှုနှင့်ဆက်နွယ်သည့် လုပ်ငန်းများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးချိတ်ဆက်ကူးပြောင်းမှု အပြောင်းအလဲများအား ကာလတိုအတွင်း ဖယ်ရှားနိုင်မည်မဟုတ်ကြောင်း၊ အလားတူပင် ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများ မြင့်မားခြင်း၊ semi-conductors ကဲ့သို့သော အ‌ရေးကြီးသည့်အစိတ်အပိုင်းများ ပြတ်လပ်ခြင်းစသည့် ပြဿနာရပ်များလည်းတည်ရှိဆဲဖြစ်ကြောင်း၊ ပြည်တွင်းရှိကုန်သွယ်မှုလုပ်ငန်းများ (အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ)၏ ကုန်ကျစရိတ်များသည်လည်း သိသာစွာ မြင့်မားလာရာ ကုန်သွယ်မှုကဏ္ဍတွင် အရေးပါသည့်ယှဉ်ပြိုင်မှုများ ပိုမို‌ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် အတွင်း  စီမံ‌ဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ပေကျင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျဝါဂွမ်းစိုက်ပျိုးသူများက စံချိန်တင်တန်ဖိုးရရှိရန်မျှော်မှန်း

          ဩစတြေးလျ ဝါဂွမ်းစိုက်ပျိုးသူများသည် ယခုရာသီတွင်ဒုတိယအများဆုံးသီးနှံအဖြစ် စံချိန်တင် ထုတ်လုပ်နိုင်မည်ဟုခန့်မှန်းထားပြီး ပို့ကုန်တန်ဖိုးသည် လက်ရှိပေါက်ဈေးအရ ဩစတြေးလျဒေါ်လာ ၃.၅ ဘီလီယံအထိ‌ရောက်ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ဝါ ထုတ်လုပ်မှုသည်  လုပ်ငန်းကဏ္ဍအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ပြီး ချည်ထည် ၅ သန်းနှင့် ၅.၂ သန်းအကြား ထုတ်လုပ်ရရှိနိုင်မည်ဖြစ်ရာ  စံချိန်တင် ဒုတိယအများဆုံးသီးနှံ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ ဩစတြေးလျစိုက်ပျိုးသူများသည်  ချည်ထုတ်ပေါင်း ၅ သန်း‌ကျော် ထုတ်လုပ်နိုင်ခဲ့သည့် ၂၀၁၁ -၂၀၁၂  ခုနှစ်က  သတ်မှတ်ထားသော ယခင်စံချိန်တင် ပို့ကုန်တန်ဖိုးထက် ဩစတြေးလျဒေါ်လာ ၃ ဘီလီယံ ကို ကျော်လွန်ခန့်မှန်းခဲ့ကြောင်း Cotton Australia မှ အထွေထွေမန်နေဂျာက ပြောကြားခဲ့ကြောင်း၊ ခန့်မှန်းစံချိန်တင် တန်ဖိုးသည် မိုးခေါင်ရေရှားမှုဒဏ်ခံရသော ထုတ်လုပ်မှုဧရိယာအများအပြားက ကောင်းမွန်သော ရာသီဥတုအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် ချည်ထုတ်တစ်ထုတ်လျှင် ဩစတြေးလျ ဒေါ်လာ ၈၄၀ ခန့်အထိ ကမ္ဘာ့ဈေးနှုန်းများ ခိုင်မာလာခြင်းတို့၏ ရလဒ်များကြောင့်ဖြစ်ကြောင်း၊ ဝါဂွမ်း ဈေးနှုန်းမှာ ခိုင်မာလျှက်ရှိပြီး စံချိန်တင်အဆင့်မဟုတ်သော်လည်း တသမတ်တည်း ခိုင်မာနေခဲ့ကြောင်း၊ ဩစတြေးလျ ဝါဂွမ်းလုပ်ငန်းသည်  ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုတင်းမာမှု အကျပ် အတည်းထဲသို့ကျရောက်ခဲ့ရပြီး အဓိကဈေးကွက်သို့ တင်ပို့မှုရပ်တန့်သွားပြီးနောက် ချည်ဈေးကွက် ရှာဖွေသူများသည် အခြားချည်‌ဈေးကွက်များသို့‌အောင်မြင်စွာ လမ်းကြောင်းလွှဲ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုအခါ ဗီယက်နမ်နိုင်ငံက ဩစတြေးလျ    ဝါဂွမ်းများကို ဝယ်ယူလျက်ရှိပြီး ကိုရီးယားနှင့်အင်ဒိုနီးရှား နိုင်ငံတို့ကလည်း ပြန်လည်ဝယ်ယူလျက်ရှိသည့်အပြင် တူရကီနိုင်ငံကလည်း ဝယ်ယူလျှက်ရှိရာ ဩစတြေးလျဝါဂွမ်းသည် ကွဲပြားသော ဈေးကွက်များသို့တင်ပို့လျက်ရှိကြောင်း၊ ထောက်ပံ့ရေး ကွင်းဆက်များရှိ ကိုဗစ်ဆိုင်ရာအနှောက်အယှက်များကြောင့် ယခုရာသီတွင်ကမ္ဘာ့ဈေးနှုန်းများသည် စံချိန်တင်မြင့်တက်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဝါဂွမ်းထောက်ပံ့မှု၏ ၅ % မှ ၁၀% သည် ထောက်ပံ့ ပို့‌ဆောင်ရေးဆိုင်ရာအကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ဝါဂွမ်းများရှိသော်လည်း ချည်ငင် စက်ရုံသို့မ‌ရောက်မီ အကူးအပြောင်းတွင် ပိတ်မိနေခြင်းများလည်းဖြစ်ပေါ်လျှက်ရှိကြောင်း၊ ကပ်ရောဂါကြောင့် အပိုထုတ်လုပ်မှု ကုန်ကျစရိတ်များကလည်း ဝါဂွမ်းဈေးနှုန်းကို မြင့်တက်စေသည့်အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)