Main menu

စည်သွပ်ဘူး အစားအစာများအကြောင်း သိကောင်းစရာ

Powered by Drupal
Thu, 03/21/2024 - 12:50 -- consumer_admin

    ကျွန်ုပ်တို့ တိုင်းပြည်သည် အချက်အပြုတ်၊ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများ အမျိုးမျိုးတိုးတက် ပြောင်းလဲလျက်ရှိကြသည်။ လူနေမှုပုံစံပြောင်းလဲမှုသည် အစားစားခြင်းအလေ့အထ ပြောင်းလဲမှုနှင့် နီးကပ်စွာဆက်စပ်လျက်ရှိကြောင်း သိရသည်။ ယနေ့တွင် အစားအစာပုံစံပြောင်းလဲမှုသည် အပြင်စာများ ထွက်စားခြင်းနှင့် အသင့်ပြင်ဆင်ထားသော အစားအစာကို ပိုမိုစားသုံးလာကြခြင်းဖြစ်သည်။ ပြင်ဆင် ထားသည့် အစားအစာများတွင် အဓိကအားဖြင့် အဆင်သင့်စားသော အစားအစာများ၊ အေးခဲနေသော အစားအစာများနှင့် စည်သွပ်ဘူးများ ပါဝင်သည်။

     စည်သွပ်ဘူးအစားအစာများသည် အမျိုးမျိုးပြုပြင်ထုတ်လုပ်ထားသော အစားအစာများဖြစ်ပြီး သိုလှောင်ရန်နှင့် စားသောက်အသုံးပြုရန် လွယ်ကူသည့် အစားအစာများဖြစ်သည်။ မြန်မာလူမျိုးများအနေဖြင့် စည်သွပ်ဘူးအစားအစာများကို ရင်းနှီးပြီးသား ဖြစ်သည်။ အသား၊ ငါးမျိုးစုံ၊ ပဲအမျိုးမျိုးကို ပြုတ် ပြီး၊ ချက်ပြီး စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီး သိုလှောင်ပြီး စားလို့ရအောင် ပြုပြင်ထားသည့် အစားအစာဖြစ်ပြီး အစားအစာသည် ယဉ်ကျေးမှုအားလုံး၏ အ‌ရေးပါ သော အစိတ်အပိုင်း ဖြစ်ပါသည်။

      စည်သွပ်ဘူးအစားအစာသည် တာရှည်ခံပစ္စည်း၏ အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ စည်သွပ်ဘူး များသည် အသီးအနှံ၊ သားငါး၊ ပဲအမျိုးမျိုးစသည့် စားသောက်ဖွယ်ရာများကို ကြာရှည်ခံအောင် လေလုံဘူးထဲမှာ ထည့်သွင်းသိုလှောင်ထားခြင်းဖြစ်ပြီး ၁၈ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာကာများ သောအားဖြင့် စစ်သားများနှင့် သင်္ဘောသားများအတွက် အဓိကရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ် သည်။ နောက်ပိုင်းတွင် လူအများအသုံးပြုနိုင်အောင် ဈေးကွက်မှာပါ ကျယ်ပြန့်စွာ  ရောင်းချလာကြောင်း တွေ့ရှိရပါသည်။  စည်သွပ်ဘူးတစ်ခုကို အနည်းဆုံး တစ်နှစ်ကနေ အများဆုံး ၅နှစ်အထိ ထိန်းသိမ်းထားနိုင်ပါ သည်။

     စည်သွပ်ဘူးကို အစားအစာ ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်မပေးနိုင်သည့်အခါ စည်သွပ်စားစရာများ ကို  ရွေးချယ်စားသုံးကြပြီး အသားငါး၊ ပဲအမျိုးမျိုးအပြင် အသီးအနှံတွေကိုလည်း စည်သွပ်စားစရာအနေဖြင့် ရရှိနိုင်သောကြောင့် အလွယ်တကူ ဝယ်ယူစားသောက်အသုံးပြုကြသည်။ စည်သွပ်ဘူးပြုလုပ်သည့် လုပ်ငန်းစဉ်မှာ ကြာရှည်ခံစေဖို့၊ အနံ့အရသာကောင်းစေဖို့ ဆား၊ သကြား၊အချိုမှုန့်နှင့် တာရှည်ခံပစ္စည်းများ ထပ်မံဖြည့်တင်းရသောကြောင့် ပမာဏများ လိုအပ်သည်ထက်များစွာပါဝင်နေကြောင်း သိရသည်။

     စည်သွပ်ဘူးများကို ဝယ်ယူစားသုံးသည့်အခါတွင် ပါဝင်သည့်ပစ္စည်းပမာဏများကို ဘူးပေါ်တွင် ရေးသားထားသည့် ကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှု၍ ရွေးချယ်ဝယ်ယူစားသုံးသင့်သည်။ ဆားပါဝင်မှုမြင့်မားမှုနှင့် ပတ်သက်၍ ကျန်းမာ‌ရေးနှင့်ညီညွှတ်စေရန် Low Sodium (သို့မဟုတ်) No Salt added ရေးထားသည့် ဘူးအမျိုးအစားကို ရွေးချယ်စားသုံးသင့်ပြီး သကြားများခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အချိုကဲပြီး အရည်စိမ်ထားသည့် ဘူးများကို ရှောင်ရှားပြီး  သာမန်ဖျော်ရည် စိမ်ထားတဲ့ စားစရာများကို ‌ရွေးချယ်ဝယ်ယူစားသုံးသင့်ပေသည်။

     စည်သွပ်ဘူးအစားအစာများကို ချက်ပြုတ်ပြီးသည့်အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီးကြာရှည်ခံစေရန် ပြုလုပ်ထားရပါသည်။ သိုလှောင်ရန် လွယ်ကူပြီး ကြာရှည်စွာ ထိန်းသိမ်းပြုပြင်ထားသော အစားအစာများကို စည်သွပ်ဘူးဟုခေါ်သည်။ ယခုခေတ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံမျာနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ လူတော်တော်များများ စားသုံးလျက်ရှိသည်။ စည်သွပ်ဘူးအစားအစာများကို လူအများ စားသုံးမှုများလာခြင်းမှာ လတ်လတ်ဆတ်ဆတ်အစားအစာလိုမျိုး အချိန်ကုန်မခံ ချက်ပြုတ်စရာမလိုဘဲ မိနစ်အနည်းငယ် အပူပေးရုံဖြင့် နဂိုအရသာအတိုင်း စားသုံးနိုင်ခြင်း၊ ရေခဲသေတ္တာတင်မကဘဲ အခန်းအပူချိန်များမှာပါ သိမ်းဆည်းထားနိုင်ခြင်း၊ အချိန်ကြာကြာ သိမ်းဆည်းလို့ရသည့်အတွက်  ရေဘေး၊ လေဘေး၊ မီး‌ဘေးကာလ၊ မုန်တိုင်းဒဏ်သင့်သည့်ကာလတွေများတွင် စားနပ်ရိက္ခာအနေဖြင့် စုဆောင်းထားနိုင်ပါသည်။

   စည်သွပ်ဘူးများကို လိုအပ်သည်ထက်ပို၍ မစားသုံးသင့်ပေ။ စည်သွပ်ဘူးစားသုံးမှုများခြင်းကြောင့် ကျန်းမာရေးလည်း ထိခိုက်စေနိုင်ပါသည်။ စည်သွပ်ဘူးအစားအစာများသည် အရသာထူးကဲ စေရန် ဆား၊ သကြား၊ အချိုမှုန့် ပမာဏကို လိုအပ်သည်ထက် ပိုသုံးထားခြင်း၊ မမြင်နိုင်သည့် ဘတ်တီးရီးယားပိုးများ ပါလာနိုင်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ခြင်း၊  ကင်ဆာရောဂါဖြစ်နိုင်ခြင်း၊ ကျန်းမာ‌ရေးမကောင်းသူများအ‌နေဖြင့် စည်သွပ်ဘူးပိတ် အစားအစာများကို မစားသုံးပေးသင့်ကြောင်း‌ ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)