Main menu

ဖရဲသီးစားသုံးခြင်းဖြင့် ရရှိနိုင်သည့် အဟာရတန်ဖိုး

Powered by Drupal
Thu, 03/07/2024 - 11:23 -- consumer_admin

    မြန်မာနိုင်ငံတွင် ဖရဲသီးကို ယခင်က နွေရာသီတွင်သာ စားသုံးရသော်လည်း ယခုချိန်တွင် တစ်နှစ်ပတ်လုံး ဝယ်ယူစားသုံး၍ရနေပြီဖြစ်သည်။ ဖရဲသီးကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက် ပျိုးကြပြီး  လူတိုင်းကြိုက်နှစ်သက်သည့် အသီးတစ်မျိုးဖြစ်သည်။ ဖရဲသီးသည် အရည်ရွှမ်းပြီး ချိုမြသောအရသာရှိသောကြောင့်  စားသုံးပါက ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိအပူရှိန်ကို လျော့ချပေးနိုင်သကဲ့သို့ ခန္ဓာကိုယ်ရှိ ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့် တင်းပေးပြီး လူကို လန်းဆန်းအမောပြေစေပါသည်။

     ဖရဲသီးတွင် အဆီနှင့် ကိုလက်စထရော မပါရှိဘဲ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်များပါဝင်ပါသည်။ ကယ်လိုရီပါဝင်မှု နည်းပါးသဖြင့် အဟာရဖြစ်စေပါသည်။ ဖရဲ သီးကို နွေရာသီတွင် စားသုံးပါက ပို၍သင့်တော်ပေသည်။ ဖရဲသီးစားပေးခြင်းဖြင့် နှလုံးကျန်းမာရေး အတွက်ကောင်းမွန်ခြင်း၊ ကျောက်ကပ်အတွက်ကောင်းမွန်ခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ အရိုးများကို ကျန်းမာသန်စွမ်းစေခြင်း၊ ကြွက်သားနာကျင်မှုကို ခုခံကာကွယ်နိုင်ခြင်း၊ ပန်းနာရောဂါအတွက် ကောင်းမွန်ခြင်းနှင့် အသားအရေကို ဝင်းပကြည် လင်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

     ဖရဲသီးတွင် ရေဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် စားသုံးပါက မကြာခဏ ဆီးသွားစေသဖြင့် ကျောက်ကပ်ကို သန့်စင်စေပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ဖရဲသီးတွင် ဗီတာမင်အေကြွယ်ဝစွာပါဝင်သဖြင့် မျက်စိရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်ကြောင်း ၊ ဖရဲသီး အရည်တွင် ပါဝင်သည့် အော်ဂဲနစ်ဒြပ်ပေါင်းသည် ကိုယ်လက်စထရောကို လျော့ချပေးသည့်အတွက် နှလုံးကိုကျန်းမာစေပြီး ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း ၊ နှစ်ခြိုက်စွာအိပ်မ ပျော်သူများ၊ မကြာခဏ သတိမေ့တတ်သူများအတွက် ဖရဲသီးစားသုံးပေးခြင်းဖြင့် သက်သာစေနိုင် ကြောင်း၊ နေ့စဉ် သွားလာလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် ကြွက်သားများ တောင့်တင်းနာကျင်မှုကိုသက်သာစေရန် ဖရဲသီးကို ဖျော်ရည်ပြုလုပ်၍ သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါ သည်။

    ဆီးချိုဝေဒနာရှင်များအတွက်လည်း ဖရဲသီးတွင်ပါရှိသော အချိုဓာတ်သည် ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်ကို ထိန်းညှိပေးပြီး သွေးထဲရှိ သကြားဓာတ်ပမာဏကို လျော့ချပေးသည့်အတွက်  စားသုံးပေးသင့်ပါကြောင်း၊ ဖရဲသီးတွင် ဗီတာမင်စီများစွာ ပါဝင်သဖြင့် အအေးမိတုပ်ကွေးရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ အနာများကိုလည်း လျင်မြန်စွာ ကျက်စေနိုင်ခြင်းနှင့် သွားနှင့်ခံတွင်းကိုလည်း ကောင်းကျိုးပြုသည့်အတွက် ဖရဲသီးကို စားသုံးပေးသင့်ပါသည်။

    စားသုံးရန်အတွက် ဖရဲသီးကောင်းရဖို့ ရွေးချယ်ဝယ်ယူမည်ဆိုပါက ဦးစွာ ဖရဲသီးအောက်ခြေနားကို ကြည့်ရပါမည်။ ဖရဲသီးအညှာနှင့် မြေပြင်ထိစပ်နေသည့်နေရာက ဖြူနေလျှင်  ဖရဲသီးကောင်းဖြစ်ပြီး ဝါနေလျှင် ပို၍ကောင်းကြောင်း၊ ဖရဲသီးအလုံးက ရှည်လျှင် အရည်ရွှမ်းပြီး ပုဝိုင်းနေလျှင်အရသာချိုကြောင်း၊ ဖရဲသီးအညှာလေးက စိမ်းနေလျှင် မမှည့်သေးဘဲ နုနေသေးပါသည်။

     ဖရဲသီးသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေပါသည်။ လူတို့သည် ဖရဲသီးအသားကို စားသုံးကြသည်သာမက ဖရဲစေ့ကိုလည်း ကွာစေ့ပြုလုပ်၍ စားကြပါသည်။ ထို့ပြင် ဖရဲခွံမှာလည်း နွားများ၊ ဝက်များကြိုက်နှစ်သက်ပြီး တိရိစ္ဆာန်အစာအတွက် လည်းအသုံးဝင်ပါသည်။ ဖရဲသီးကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးခြင်းဖြင့်လည်းကောင်း၊ အသားကိုစားသုံးခြင်းဖြင့်လည်းကောင်းနှင့် အစေ့ကို ကွာစေ့ပြုလုပ်၍စားသုံးခြင်းဖြင့်လည်းကောင်း ကျန်းမာရေး အဟာရတန်ဖိုးများစွာ ရရှိသောအသီးဖြစ်သောကြောင့် လူတိုင်းစားသုံးရန် သင့်တော်သော အသီးတစ်မျိုးဖြစ်ပါသည်။

DOCA(စစ်ကိုင်း)