Main menu

“ကန်စွန်းရွက်၏အသုံးဝင်ပုံ”

Powered by Drupal
Mon, 03/04/2024 - 14:16 -- consumer_admin

     ကျွန်တော်တို့မြန်မာနိုင်ငံရှိ မြန်မာလူမျိုးအများစုသည်လိုလို ကန်စွန်းပင်ကို မြင်ဖူးတွေ့ဖူးကြပါသည်။ကျွန်ုပ်တို့နေ့စဉ်ချက်ပြုတ်စားသောက်နေသော မီးဖိုချောင်မှတစ်ဆင့် အာဟာရဓာတ်ကြွယ်ဝစွာရနိုင်သော အရွက်တစ်မျိုးမှာ ကန်စွန်းရွက်ပင်ဖြစ်ပါသည်။ ကန်စွန်းရွက်မှာ ဘီတာမင် (A)(C)၊ B1၊ ဖော့လစ်အက်စစ်၊ ပရိုတင်းဓာတ်နှင့် သံဓာတ်တို့ပါဝင်ပါသည်။ ကန်စွန်းရွက်ကို ကြော်စား၊ ချက်စား၊ သုပ်စားခြင်းတို့အပြင် ဆေးဝါးအဖြစ်လည်းအသုံးပြုကြပါသည်။ ကန်စွန်းရွက်၏ ကောင်းကျိုးအာနိသင်များမှာ ၎င်းကို မကြာခဏစားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပြီး ခွန်အားဗလကိုလည်းတိုးတက်စေကာ အပူဒဏ်၊ အအေးဒဏ်များကိုခံနိုင်စေပါသည်။ သွေးကြောထဲမှအဆီများကိုလည်း ဖယ်ရှားပေးနိုင်သည့်အပြင် သွေးတိုးနေသူများစားသုံးပေးခြင်းဖြင့် သွေးဖိအားကိုလျော့နည်းစေပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါများကိုလည်းကာကွယ်ပေးနိုင်ကြောင်း၊ ကျန်းမာရေးကဏ္ဍရှုထောင့်အနေဖြင့်လည်း ကန်စွန်းရွက်မှာ ဆေးဝါးဓာတ်စာအဖြစ်အသုံးဝင်ပါသည်။ ကန်စွန်းရွက်မှာ ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များပါဝင်သောကြေင့် အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စွာအလုပ်လုပ်စေပါသည်။ ဝမ်းချုပ်ခြင်း၊ အစားမှားပြီး ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် အူလမ်းကြောင်းမကောင်း၍ဖြစ်တတ်သော ဝမ်းကိုက်ခြင်း၊ သွေးဝမ်းသွားခြင်းတို့အတွက် ကောင်းမွန်စေပါသည်။ အထိုင်များပြီး အလုပ်လုပ်ရသူများနှင့် ကွန်ပျူတာသုံးရသူများအတွက် ကန်စွန်းရွက်ကို နေ့စဉ်စားသုံးပေးသင့်ပါသည်။ မကြာခဏဇာတ်ကြောတက်၊ ကိုယ်လက်လေးလံပြီး ဖျားချင်သလိုဖြစ်နေသူများအတွက် ကန်စွန်းရွက်ကိုကြိတ်၍ ရလာသည့်အရည်ကို ဆားအနည်းငယ်ရော၍ နံနက်(၁)ကြိမ်၊ ည(၁)ကြိမ် ဟင်းစားဇွန်း(၁) ဇွန်းစီသောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။ အစားမှား၍ အဆိပ်အတောက်ဖြစ်ပြီဆိုလျှင် သန့်ရှင်းလတ်ဆက်သော ကန်စွန်းရွက်ကိုထုထောင်းပြီး ရလာသောအရည်နှင့် အဖတ်များကိုသောက်သုံးပါက အဆိပ်အတောက်များကိုချက်ချင်းပြေပျောက်စေပါသည်။ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်း၊ အပူဟပ်ခြင်းတို့အတွက် ကန်စွန်းရွက်ကိုကြိတ်၍ လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည့်အပြင် အသားအရေကောင်းမွန်စေကာ အရေပြားရောဂါအတွက်လည်းအသုံးဝင်ပါသည်။ ခေါင်းကိုက်၊ သွားကိုက်၊ အသံဝင်၊ အသံပျက်ရောဂါများအတွက်သက်သာစေပြီး ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက်လည်း အခြားအစားအစာများနေရာတွင် ကန်စွန်းရွက်ကိုအစားထိုးပြီး များများစားသုံးသင့်ပါသည်။ ဆေးဖက်လည်းဝင်ပြီး အလွယ်တကူဝယ်ယူစားသုံးနိုင်သည့် ကန်စွန်းရွက်၏အသုံးဝင်ပုံ၊ ကောင်းကျိုးတို့ကိုလေ့လာသိရှိရပြီး နေ့စဉ်စားသုံးရာတွင် ၎င်းကို မပါမဖြစ်ထည့်သွင်းစားသုံးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)