Main menu

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

Powered by Drupal

အသေးစားလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏အခွန်သက်သာခွင့်

          တရုတ်နိုင်ငံတွင်  အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင်ကို တက်ကြွစွာ ဖန်တီးဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် အငယ်စားနှင့်အသေးစားလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကို လျော့ပါးသက်သာစေသောဘဏ္ဍာရေး အခက်အခဲများကို ဖြေရှင်းပေးသည့် စီမံဆောင်ရွက်မှုများ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံက အသေးစားလုပ်ငန်းများအတွက် အဓိကဆောင်ရွက်ပေးထားသည့် အခွန်သက်သာခွင့်များတွင် အသေးစားနှင့် အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် ဖြတ်တောက်ပေးမှု၊ အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် တစ်သီးပုဂ္ဂလဝင်ငွေခွန် လျှော့ချပေးမှု၊ အသေးစားအခွန်ဝန်ထမ်းများအတွက်  တန်ဖိုးဖြည့်အခွန်၊ အခြားအခွန်အခနှင့် အခကြေးငွေများ သက်သာခွင့်နှင့် အသေးစားနှင့်အငယ်စားလုပ်ငန်းများ၏ ဘဏ္ဍာရေးကုန်ကျစရိတ်များ ပိုမို သက်သာစေရန် အခွန်စီမံဆောင်ရွက်ပေးမှုများ ပါဝင်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-  နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စားအုန်းဆီဈေး ကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းမည်

          ယခင်နှစ်က တစ်ပုလင်းလျှင် ဘတ်ငွေ(၅၀-၆၀)သာရှိခဲ့သည့်စားအုန်းဆီဈေးနှုန်းများသည် ယခုကာလ(ဇန်နဝါရီလ)အတွင်း တစ်ပုလင်းလျှင်ဘတ်ငွေ(၇၀)အထိတက်သွားပြီးနောက် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပါဈေးနှုန်းမြင့်တက်သွားခြင်းကို ကိုင်တွယ် ဆောင်ရွက်မည်ဟုကတိပြုခဲ့ကြောင်း၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်ရသည့် အကြောင်းအရင်း မှာ စားအုန်းဆီအစေ့နှင့်စားအုန်းဆီကြမ်းဈေးနှုန်းများမြင့်တက်ခဲ့၍ဖြစ်ရာ ဆီအုန်းစေ့ဈေးနှုန်းများ သည်(၅)နှစ်တာကာလအတွင်း ဘတ်ငွေ(၁၀-၁၁)ထိ မြင့်တက်ခဲ့ရာ ထိုသို့ဈေးနှုန်းမြင့်မားမှုသည် တောင်သူများကို အကျိုးရှိစေမည်ဖြစ်သော်လည်း စားသုံးသူများကိုထိခိုက်စေကြောင်း၊ စိုက်ပျိုးသူ လယ်သမားများ၊ ထုတ်လုပ်သူများနှင့် စားသုံးသူများစသည့် သက်ဆိုင်သူအားလုံးတို့အတွက် ဟန်ချက်ညီမျှတစွာ အကျိုးရှိစေရန်အတွက် ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနနှင့် လုပ်ငန်းအဖွဲ့ကို

ညွှန်ကြားခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အစိုးရက ဈေးကွက်တွင်ဝင်ရောက် စွက်ဖက်၍ စားအုန်းဆီကို ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းရန်မဖြစ်နိုင်ကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ အဆိုအရ ကုန်တိုက်များနှင့် လက်လီလက်ကားဆိုင်များတွင် ရောင်းချသော စားအုန်းဆီဗူးများ၏ ဈေးနှုန်းများသည် ၎င်းတို့၏ဈေးနှုန်းများကို ထိန်းသိမ်းပေးရန် ဌာနမှတောင်းဆိုညှိနှိုင်းထားသည့် ဈေးနှုန်းအတိုင်းအတာအတွင်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ဆီအုန်းထွက်ရှိချိန်၌ ‌ဈေးနှုန်းအခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံတွင် စားအုန်းဆီကြမ်းသိုလှောင်ထားရှိမှုမှာ တန်ချိန် (၁၇၀၀၀၀)သာရှိရာ တိုင်းပြည်လိုအပ်ချက်ဖြစ်သည့် တန်ချိန်(၃၀၀၀၀၀)နှင့်နှိုင်းယှဉ်ပါက သိသာစွာ နည်းပါးလွန်းသည်ဟု ယူဆရကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၅၆)ဘတ်ရှိရာ ၎င်းမှာယခင်နှစ်ကာလတူ ဇန်နဝါရီလကရရှိခဲ့သည့်(၃၅)ဘတ်ထက် ပိုမို မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစားအုန်းဆီကြမ်းဈေးနှုန်းမှာ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှုန်းဖြစ်သည့် (၄၄)ဘတ်ထက် တစ်ကီလိုဂရမ်လျှင် (၁၂-၁၃)ဘတ်ခန့် မြင့်တက်နေကြောင်း၊ ယခုနှစ်တွင် ဆီအုန်းစေ့တန်ချိန်(၁၇)သန်းခန့်ထောက်ပံ့ဖြည့်တင်းနိုင် လိမ့်မည်ဟု စိုက်ပျိုးရေးစီးပွားရေးရုံးမှ ခန့်မှန်းထားကြောင်း၊ ပြည်တွင်းဝယ်လိုအားအနေဖြင့် ပြည်တွင်းထောက်ပံ့ဖြည့်ဆည်းမှုနှင့် အနီးစပ်ဆုံးကိုက်ညီမည်ဟု မျှော်မှန်းကြောင်း၊ စုစုပေါင်း ထောက်ပံ့ဖြည့်ဆည်းမှုတွင် တန်ချိန် (၁)သန်းမှာ စားအုန်းဆီထုတ်လုပ်ရန်နှင့် ကျန်ရှိသည် များမှာ ဇီဝဒီဇယ်အတွက်နှင့် သိုလှောင်ထားရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ် မြှင့်တင်ဆောင်ရွက်

          အိန္ဒိယနိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်၍ပြည်ပသို့တင်ပို့နိုင်ရေး တွန်းအား ပေးဆောင်ရွက်လျှက်ရှိရာ အိန္ဒိယစက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဉီးစီးဌာန (DPIIT) သည်ခရိုင်တစ်ခုထုတ်ကုန်တစ်ခု(ODOP Initiative)အကောင်အထည်ဖော်ဆောင်မှု ဆိုင်ရာညီလာခံဆွေးနွေးပွဲကို ဇန်နဝါရီ၊တတိယပတ်တွင် ကျင်းပခဲ့ရာ အဆိုပါဌာနမှ အရန် အတွင်းဝန်၊ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များမှအတွင်းဝန်များ၊ ပြည်နယ်စက်မှု လုပ်ငန်းမြှင့်တင်ရေးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်သည် သစ်ကြားသီးနှင့် ပန်းသီးတို့ကို ခရိုင်တစ်ခုထုတ်ကုန်တစ်ခု(ODOP)လုပ်ငန်းအဖြစ် Dubai Expo 2020 ၌ ပါဝင်ပြသလျက် ရောင်းသူဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲများပြုလုပ်ခြင်းဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ဥတာပရာဒေ့ရှ်ပြည်နယ်သည် ၎င်း၏ခရိုင်များ အားလုံးမှ လက်မှုအနုပညာရှင်များနှင့် ကုန်ထုတ်လုပ်သူများအတွက် ODOP အကောင်အထည် ဖော်ဆောင်မှုကို စံနမူနာပြလုပ်ဆောင်နိုင်သကဲ့သို့ တြိပူရပြည်နယ်သည်လည်း ပြည်နယ် အစိုးရနှင့် ODOP အဖွဲ့များအကြား ပူးပေါင်းလုပ်ကိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် လမ်းပြမြေပုံအားချမှတ်နိုင်ခဲ့ပြီး ခရိုင်(၈)ခုလုံးမှ ထုတ်ကုန်(၁)မျိုးစီအား ပြည်ပတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ DPIIT ဌာနရှိ အိန္ဒိယရင်းနှီးမြှုပ်နှံမှုအေဂျင်စီသည် ODOP လုပ်ငန်းများအတွက် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်း‌ဆောင်ရည်မြှင့်တင်မှုနှင့်ကုန်သွယ်မှု လွယ်ကူစေရေး အစီအမံများကိုဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်နယ်များမှထုတ်ကုန်ရောင်းချ လိုသူများ၏ အချက်အလက်များကိုမျှဝေဖလှယ်၍ ဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေး ODOP လုပ်ငန်းအဖွဲ့များက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု (ODOP)လုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည်နယ် တစ်ခုစီတွင် တာဝန်ယူ‌‌ဆောင်ရွက်မည့်အရာရှိများကို ခန့်အပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ သည် ကျေးလက်ဒေသရှိ လက်မှုအနုပညာရှင်များ၏ ခရိုင်တစ်ခုထုတ်ကုန်တစ်ခု ODOP လုပ်ငန်းအစီအစဉ်မှ ထုတ်ကုန်များကို အင်တာနက်ကွန်ယက်စနစ်၌ အခြေပြုရောင်းချနိုင်ရေးအတွက် e-commerce  လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီကြီးများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ DPIIT ဌာနမှ ညွှန်ကြားရေးမှူးက အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင်  ODOP Initiative အား ကျယ်ပြန့်အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်နယ်များရှိ စက်မှုလုပ်ငန်းဌာနများအနေဖြင့် တက်ကြွစွာ ပါဝင်ပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံပိုမိုစိုက်ပျိုးရန်အိန္ဒိယအစိုးရလျာထား

          အိန္ဒိယနိုင်ငံ  စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည်  ယခု နှစ်အတွက် နွေသီးနှံစိုက်ပျိုးရေးသုံးသပ်မှုဆိုင်ရာ အမျိုးသားအဆင့်ညီလာခံဆွေးနွေးပွဲကို ဇန်နဝါရီနောက်ဆုံးပတ်တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အဆင့်မြင့်အရာရှိများက နွေသီးနှံတိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ ကြကြောင်း၊ ထိုသို့တိုးချဲ့စိုက်ပျိုးရန် လျာထားသည့်သီးနှံများတွင်  ပဲမျိုးစုံစိုက်ဧက ဟက်တာ (၂၁.၀၅) သိန်း၊ ဆီထွက်သီးနှံဟက်တာ(၁၃.၇၈)သိန်းနှင့် အခြားသီးနှံဟက်တာ (၁၇.၈၉)သိန်း ပါဝင်မည်ဖြစ်ကြောင်း၊နွေစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်က ဟက်တာ (၄၀)သိန်းခန့်ရှိပြီး ယခုနှစ်တွင် ဟက်တာ (၃၀-၄၀)ခန့် စိုက်ပျိုးနိုင်ဖွယ်ရှိကြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအား စပါးစိုက်ပျိုးရန် ရည်မှန်းထားသည့် လှပ်မြေဧရိယာနေရာများ၌ တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ နွေသီးနှံပဲမျိုးစုံတွင် ပဲတီစိမ်းသည် အဓိကသီးနှံဖြစ်ရာ ယခင်နှစ်၌ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်များ တွင်  စုစုပေါင်းဟက်တာ(၁၄.၄၅)သိန်းခန့် စိုက်ပျိုးခဲ့ပြီး မတ်ပဲကို ဒုတိယအများဆုံးအဖြစ်  ဟက်တာ(၂.၉၈)သိန်းစိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ် နွေသီးနှံရာသီ၌ ပဲတီစိမ်း ဟက်တာ(၁၇.၅၈)သိန်း၊ မတ်ပဲ ဧရိယာဟက်တာ(၃.၁၃)သိန်းနှင့် အခြားပဲများကို ဟက်တာ(၀.၃၄)သိန်း စိုက်ပျိုးရန် လျာထားကြောင်း၊ နွေရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို ယခင်နှစ်က စိုက်ဧက ဟက်တာ (၅.၉၅)သာ စိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ(၇.၆၀) သိန်း၊ နှမ်းကို ယခင်နှစ်က စိုက်ဧက ဟက်တာ(၄.၂၇)သာစိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ(၅.၂၅) သိန်းသို့ တိုးမြှင့်စိုက်ပျိုးရန်လျာထားကြောင်း၊ ယခုနှစ် စိုက်ပျိုးရေရရှိနိုင်မှုက နွေသီးနှံတိုးချဲ့စိုက်ပျိုး ရန်ကောင်းမွန်သည့်အခြေအနေကိုဖြစ်ပေါ်စေပြီး ဓါတ်မြေဩဇာသွင်းအားစု လုံလောက်စွာရရှိရေး အိန္ဒိယအစိုးရက စီမံ‌ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)