Main menu

ဆောင်းရာသီမှာ “ချင်း” စားပါ

Powered by Drupal
Thu, 02/08/2024 - 13:47 -- consumer_admin

       ယခုအခါ ချင်းကို လက်ဖက်ရည်၊ကော်ဖီများတွင် ထည့်၍သောက်သော အလေ့အကျင့်ကို တွေ့နေရပါတယ်။ မကြာသေးမီက ကျန်းမာရေးဂျာနယ်တစ်စောင်မှာ အနောက်တိုင်းဆေးပညာရှင်များက ဘလက်ကော်ဖီတွင် ချင်းထည့်သောက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေကြောင်း ရေးသားထားသည်ကိုလည်း ဖတ်ရှု့လိုက်ရသည်၊ ချင်းကိုနာကျင် ကိုက်ခဲသောဝေဒနာကုသရာတွင် အသုံးပြုကြောင်း၊ ချင်းကို အရည်ထုတ်ယူပြီး သောက်သုံးပါက ဗိုက်အောင့်ဝေဒနာနှင့် ပျို့ချင်၊ အန်ချင်ဖြစ်သော ဝေဒနာများကိုပျောက်ကင်းစေသည်ဟု မှတ်သားဖူးပါတယ်။
    ချင်းသည် မူလက အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး၊ ပရဆေးကုန်သည်များမှာ အိန္ဒိယလူမျိုးများဖြစ်သည်၊ ချင်းခြောက်ကို မပုပ်သိုးစေရန် ထုံးရည်ဖျန်းပြီး သင်္ဘောကြီးများဖြင့် သယ်ဆောင် တင်သွင်းလာသဖြင့်သင်္ဘောချင်းခြောက်ဟူသော အသုံးအနှုန်းမှာ ယနေ့ထိ ပရဆေး လောကတွင်သုံးစွဲနေဆဲဖြစ်ပါသည်၊ နောက်ပိုင်းတွင် ချင်းကို မြန်မာနိုင်ငံတွင် စိုက်ပျိုးလာသည်၊ အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မှထွက်သော ချင်းတက်များမှာ အပူဓါတ်အား ကောင်းပြီး၊ ကျစ်လစ်မာကျောသဖြင့် ချင်းတက်ကောင်းအဖြစ်၊ အိန္ဒိယ၊ပါကစ္စတန် စသောနိုင်ငံများသို့ပင် ပြန်လည်တင်ပို့ရသည်၊ ကျောက်မဲချင်း၊ အောင်ပန်းချင်း၊ ကျောက်ဆည်နယ် သံရွာချင်းတက်တို့သည် အတက်/အခက်များကြီးပြီး၊အပူ ဓါတ်အားကောင်းသဖြင့် နာမည်ကျော်ကြား၊ လူကြိုက်များသော ချင်းမျိုးများဖြစ်သည်။
    ချင်းကို ဟင်းခတ်ရာတွင်အသုံးပြုဆုံးလူမျိုးမှာ တရုတ်လူမျိုးဖြစ်သည်၊ ဟင်းခတ်အမွေးအကြိုင်အဖြစ်သာမက၊ အသားများနူးအောင် ချင်းကို ထည့်ချက်တတ်ကြသည်၊ ချက်ပြုတ်သော အသားကိုအစာအိမ်တွင် ရောက်လျှင်အစာကြေစေရန်လည်း ချင်း ကအထောက်အကူပြု ကြောင်းသိရသည်၊  ဆောင်းရာသီသည် အအေးပတ်လွယ်သော ရာသီဖြစ်ပြီး ဦးခေါင်းနှင့် လည်ပင်းကိုအအေးပတ်ပါက အသံဝင်ခြင်း၊ လည်ချောင်းနာခြင်း၊ သွားနာခြင်းနှင့် သွားဖုံးရောင်ခြင်းများဖြစ်လေ့ရှိသည်၊ ထိုသို့ အအေးပတ်ခြင်းကို ချင်း လက်ဖက်ရည် သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်သည်၊ မိမိတို့၏အိမ်တွင် သောက်နေကျ ရေနွေးကြမ်းထဲသို့ ချင်းပါးပါးနှစ်လွှာ၊သုံးလွှာလှီးထည့်ပြီး ပူပူလေးသောက်ခြင်းဖြင့် ကာကွယ်နိုင်သည်၊ အအေးပတ်ပြီး အဖျားဝင်၍ ကိုယ်လက်များ ညောင်းညာကိုက်ခဲလျှင်၊ ချင်းပါးပါး  ခုနှစ်လွှာခန့်၊ ထန်းလျက်သုံးခဲ၊ ကွမ်းရွက် တစ်ရွက်ကိုခြေ၍ ခွက်တစ်ခုတွင်ရေနွေးပူပူထည့်၍ ၁၅ မိနစ်ခန့် အငွေ့လုံအောင်ဖုံးထားပါ၊ ထို့နောက် အငွေ့ရှူရင်း ဖြေးဖြေးချင်းသောက်ပါက အအေးမိခြင်းကို သက်သာစေနိုင်သည်။
    ချင်းသုပ်သည် မြန်မာလူမျိုးတို့အကြိုက် ရိုးရာအစားအစာဖြစ်သည်၊ ချင်းကို အမြွာလေးများခြစ်ပြီး ရှောက်ရည်ဖြင့်စိမ်ထားသောချင်းနှပ်သည် ဝမ်းမီးကို တောက်ပြီး၊ အစာကြေ လွယ်စေသည်၊ အအေးပတ်ခြင်းမှ ကာကွယ်ပေးနိုင်သဖြင့် ပေလူကြီးများကိုယ်ငွေ့ကောင်းစေရန် ချင်းသုပ်ကိုမကြာ  ခဏကျွေးပေးခြင်းဖြင့်ကျန်းမာစေနိုင်သည်၊ ချင်းကို (၇) လွှာခန့် ပါးပါးလှီး၍ သံပုရာတစ်ခြမ်း၊ပျားရည် တစ်ဇွန်းဖြင့် ရေနွေးနှင့်သောက်ပါက အဆီကျကျန်းမာစေသည်၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ အအေးမိနှာစေးဖြစ်လျှင် ချင်းတက်ကိုပါးပါးလှီး၍ နားထင်တွင် ကပ်ထားပါက သက်သာစေပြီး၊ ဇက်ကြောတက်ပါက ချင်းတက် ပါးပါးကို ဇက်၏အရင်းနှင့် ပခုံးတလျှောက် ကပ်ပေးပါက သက်သာစေနိုင်ပါသည်၊ ရှေးမြန်မာလူမျိုးများသည် ဖျားလျှင် သောက်သုံးသင့်သည့် အခိုးပွင့်ဆေးမှာ ချင်း၊ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်တို့ဖြစ်သည်၊ အဖျားအနာမှန်သမျှ ချင်းပြုတ်ရည်သောက်ပါက အခိုးပွင့်ပြီး၊သက်သာစေနိုင်သလို ညှော်မိ၊ အနာဝင်၊ ငန်းမန်းတက်ဖျားလျှင် ချင်း၊ကွမ်းရွက်၊ကြပ်ခိုး၊ဆားလှော် အနည်းငယ်ထည့်၍ ပြုတ်သောက်လျှင် သက်သာစေပါသည်၊
    ချင်းသည်သွေးကို ကျဲစေသောသတ္တိရှိသဖြင့် ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေထောက်သွေးမလျောက်သောရောဂါရှိသူများ၊ ချင်းတက်အစိုကို ထုထောင်း၍အရည်ညှစ်ယူပြီး ဟင်းစားဇွန်းတစ်ဇွန်းသောက်နိုင်ပြီး၊ ပိန်စေလိုလျှင် သံပုရာရည်ဖြင့် ရောသောက်နိုင်သလို၊ အစာကြေစေလိုလျှင် ပျားရည်တစ်ဇွန်းဖြင့် သောက်သုံးနိုင်ပါကြောင်း ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။
DOCA(ရှမ်း)