Main menu

ဝန်ဆောင်မှုအကြောင်း သိကောင်းစရာ တစ်စိတ်တဒေသ

Powered by Drupal
Tue, 01/23/2024 - 15:08 -- consumer_admin

    စားသုံးသူဆိုသည့် လူသားတို့သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေက အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ လူသားတို့သည် နေ့စဉ် သွားလာလှုပ်ရှားနေထိုင်လျက်ရှိရာ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နေ့စဉ် မဖြစ်မနေထိတွေ အသုံးပြုနေကြသဖြင့် မိမိအသုံးပြုလိုသော ဝန်ဆောင်မှု ကဏ္ဍာအကြောင်းကို သိရှိနားလည်နိုင်ရန် လိုအပ်သည်။ ဝန်ဆောင်မှု အခန်းကဏ္ဍသည် စားသုံးသူတို့ မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်သည်။ ယေဘုယျအနေဖြင့် ဝန်ဆောင်မှုဆိုသည်မှာ ကိုင်တွယ်ထိတွေ့၍ မရသော ကုန်စည်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဝန်ဆောင်မှုပေးခြင်းသည် စားသုံးသူကိုယ်တိုင်ကို ဖြစ်စေ (ဥပမာ) ဆံပင်ညှပ်ခြင်း) စားသုံးသူပိုင်ဆိုင်သော ပစ္စည်းကိုဖြစ်စေ (ဥပမာ- မော်တော်ကားပြင်ခြင်း) စားသုံးသူ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာကို (ဥပမာ- စတော့ရှယ်ယာများ စီမံခန့်ခွဲခြင်း) ဖြစ်စေ တစ်နည်းတစ်ဖုံ ကူညီပံ့ပိုးပေးသည်။

    ဝန်ဆောင်မှုဆိုတာဘာလဲ ? ဝန်ဆောင်မှုကို ထုတ်လုပ်ချိန်တွင် ဝယ်ယူသူသည် ထုတ်လုပ်သည့် စနစ်တွင်ရရှိရမည်။  ဆံပင်ညှပ်ဆိုင်ကို ဥပမာပေးပါမည်။ ဆံပင်ညှပ်ချိန်တွင် ဆံပင်ညှပ်မည့် ပုဂ္ဂိုလ်မှာ ဆံပင်ညှပ်ဆိုင်တွင်ရှိရမည်။ ဝန်ဆောင်မှုကို ထုတ်လုပ်ချိန်တွင် ဝယ်ယူသူသည် မိမိစိတ်တိုင်းကျမှုကို ပြောင်းလဲမှု တစ်ရပ်အဖြစ် ထည့်သွင်းနိုင်သည်။ ဆံပင်ညှပ်ရာတွင် မိမိညှပ်လိုသည့် ပုံစံကိုပြောနိုင်သည်။ တိကျပုံစံမရှိပါက မိမိစိတ်တိုင်းကျ ပုံသွင်းနိုင်သည်။ ဝန်ဆောင်မှုကို ထုတ်လုပ်ချိန်နှင့် သုံးစွဲချိန်မှာ ဆက်တိုက် ဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ဆောင်မှုကို သိုလှောင်၍ မရ။ သယ်ယူပို့ဆောင်၍ မရပါ။ ဆံပင်ညှပ်ရန် ပိုက်ဆံကြိုပေး၍ မရ။ နောက်တစ်နေရာ ပြောင်းညှပ်၍မရပါ။

    ထုတ်ကုန်နှင့် ဝန်ဆောင်မှု ကွာခြားချက်မှာ ထုတ်ကုန်ကို ထိတွေ့၍ရသည်။ ဝန်ဆောင်မှုကို ထိတွေ့၍မရ။ ထုတ်ကုန်ကိုဝယ်ယူချိန်တွင် ပိုင်ဆိုင်မှုကိုလွှဲပြောင်းသည်။ ဝန်ဆောင်မှုတွင် ပိုင်ဆိုင်မှုကို ယေဘူယျအားဖြင့် လွှဲပြောင်းခြင်းမရှိ။ ထုတ်ကုန်ကို တဆင့်ပြန်လည်ရောင်းချ၍ရသည်။ ဝန်ဆောင်မှုကို ပြန်လည်ရောင်းချမှုမှာ မဖြစ်နိုင်။ ဝယ်ယူခြင်းမပြုမီ ထုတ်ကုန်ကိုပြနိုင်သည်။ ဝယ်ယူခြင်းမပြုမီ ဝန်ဆောင်မှုမှာ မတည်ရှိနိုင်သေးပါ။ ထုတ်ကုန်ကို ဂိုဒေါင်တွင် သိုလှောင်နိုင်သည်။ ဝန်ဆောင်မှုကို သိုလှောင်မထားနိုင်။ ထုတ်ကုန်ကို မသုံးစွဲမှီကြိုတင် ထုတ်လုပ်ထားရသည်။ ဝန်ဆောင်မှုတွင် ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းမှာ တစ်ပြိုင်နက်ဖြစ်ပေါ်သည်။ ထုတ်ကုန်ကို သယ်ယူတင်ပို့နိုင်သည်။ ဝန်ဆောင်မှုကို မပြုနိုင်။ (သို့သော် ထုတ်လုပ်သူများကိုတော့ ပို့ဆောင်နိုင်သည်။) ထုတ်ကုန်ကို ရောင်းသူမှ ထုတ်လုပ်သည်။ ဝန်ဆောင်မှုကို ထုတ်လုပ်သည့်ဖြစ်စဉ်တွင် ဝယ်ယူမှု တစ်စိတ်တဒေသအနေဖြင့် တိုက်ရိုက်ပါဝင် ပတ်သက်သည်။ ရောင်းသူ ကုမ္ပဏီနှင့် ဝယ်သူကြားတွင် တိုက်ရိုက် မဟုတ်သော ဆက်သွယ်မှု ဖြစ်တည်နိုင်သည်။ ဝန်ဆောင်မှု တော်တော်များများတွင် တိုက်ရိုက်ဆက်သွယ်မှုလိုအပ်သည်။

  အရည်အသွေးဝန်ဆောင်မှုဆိုသည်မှာ အရည်အသွေးအစီအစဉ်ကိုဆိုလိုသည်။ မှန်ကန်သော လုပ်ငန်းစဉ် ရည်မှန်းချက်များချမှတ်ခြင်းနှင့် စောင့်ကြည့်ခြင်းအားဖြင့် ၀န်ဆောင်မှု၏လုပ်ဆောင်မှုကို လမ်းညွှန် ပေးနိုင်ပြီး သွေဖယ်မှုများပေါ်ပေါက်ပါက အလျင်အမြန် ဝင်ရောက်စွက်ဖက်ခြင်းလည်းဖြစ်နိုင်သည်။ စားသုံးသူများ စနစ်တကျရွေးချယ်နိုင်ရန်အတွက် ဖောက်သည်များ၏ လိုအပ်ချက်နှင့် စီမံခန့်ခွဲမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရမည်။ 

   ဝန်ဆောင်မှုအေပါ်သဘောထားဝယ်ယူသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါတိုင်း သဘောထားများကို ပြသနေရခြင်းဖြစ်ပါသည်။ ဝယ်ယူသူဝန်ဆောင်မှုအတွက် အကောင်းမွန်ဆုံး မှန်ကန်တဲ့ သဘောထားများ၊ ကောင်းမွန်သော ဆက်ဆံရေး၊ ဝယ်ယူသူမှ စိတ်ကျေနပ်မှုများ ပိုမိုရရှိစေရေး၊ မည်သည့်အခြေအနေမဆို ကောင်းမွန်သော သဘောထားကို လုပ်ငန်းရှင်မှ ထိန်းသိမ်းထားနိုင်ရန် လိုအပ်သည်။

    စားသုံးသူကာကွယ်ရေးဥပဒေအရ ဝန်ဆောင်မှုကဏ္ဍ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါပဲဖြစ်စေ၊ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုသည်။ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် အာမခံချက်နှင့် စပ်လျဉ်း၍ အခန်း(၁၃) အရ (က) မိမိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင် အသိပေးခြင်း။ (ခ) မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးရမည်။ (ဂ) စားသုံးသူလိုအပ်ချက်နှင့် ကိုက်ညီမှုရှိရမည်။ (ဃ) အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက် အောင်ဆောင်ရွက်ပေးခြင်း၊ (င) စားသုံးသူသဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်ရမည် ဖြစ်သည်။

     လုပ်ငန်းရှင်သည် မိမိဝန်ဆောင်မှုပေးသည့်လုပ်ငန်းအပေါ်တွင် စားသုံးသူသိရှိနားလည်နိုင်စေရန် ပါဝင်သည့် သတင်းအအချက်အလက်အပြည့်အစုံကို ကြိုတင်သိရှိနိုင်စေရန် ဖော်ပြမှုဖြင့် ရောင်းချနိုင်သည်။ စားသုံးသူအား လွဲမှားသော သတင်းအချက်အလက်ပေးပြီးမှ ကြော်ငြာထားသည့်အတိုင်း ဝန်ဆောင်မှုများ ပျက်ကွက်ခဲ့လျှင် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံနိုင်ခြင်းကြောင့်၊ စားသုံးသူနှင့်လုပ်ငန်းရှင် အငြင်ပွားဖွယ် ကိစ္စရပ်ဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့ဝန်ဆောင်မှု အဆင့်မတန်းကိုမြင့်၍သာ လုပ်ငန်းကို ဆွဲဆောင်နိုင်ရန် လိုအပ်သည်။ စားသုံးသူသည် ၎င်းတို့နှစ်သက်သော ဝန်ဆောင်မှုကိုသာ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိ၍ ကိုက်ညီသောဝန်ဆောင်မှုကိုသာ ရွေးချယ်အသုံးပြုနိုင်သည်။ လုပ်ငန်းရှင်တိုသည် မည်သို့သော ဝန်ဆောင်မှုကိုမဆို ပေးထားသောအာမခံချက်နှင့်အညီ အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနိုင်သော ဝန်ဆောင်မှုမျိုးကိုသာ စားသုံးသူအားပေးစွမ်းသင့်သည်။ လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူအခွင့်အရေး စိတ်မကျေနပ်မှု ဖြစ်ပေါ်ခြင်းကြောင်း လုပ်ငန်းရှင်မှ သဘောတူထားသည့် ဝန်ဆောင်မှုတန်ဖိုး အတိုင်းပေးအပ်ရမည် ဖြစ်သည်။ စားသုံးသူရေးရာဦးစီးဌာန၏ “စားသုံးသူ အခွင့်အရေးဦးစားပေး”ဆိုသည့်အတိုင်း စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လူမျိုးဘာသာ၊ လူတန်းစာမရွေး ရယူပိုင်ဆိုင်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည့် စားသုံးသူ အခွင့်အရေးကို သိရှိနားလည်စေရန် ကျေးလက်၊ မြို့ရွာ၊ နယ်စပ်ဒေသ တိုင်း၊ ပြည်နယ် မြို့ရွာအသီးသီးပါမကျန် မိမိတို့အခွင့်အရေး သိရှိနားလည်နိုင်ဖို့ကို စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးသူနှင့် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များ အသိတိုးပွားစေရန် အသိပညာပေးခြင်းလုပ်ငန်းကို အသက်မွေး ဝမ်းကြောင်း ပြုသကဲ့သို့  စိတ်စေတနာဖြင့် တာဝန်သိ၊ တာဝန်ခံနိုင်သည်အထိ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်  ကာကွယ်ပေးပြီး ပရဟိတလုပ်ငန်းစဉ်တစ်ခုအဖြစ် အလေးထား အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း အသိပညာမျှဝေလိုက်ပါသည်။

DOCA(ဧရာဝတီ)