Main menu

MSMEs ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ

Powered by Drupal
Mon, 01/15/2024 - 14:20 -- consumer_admin

    အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် မရှိမဖြစ် အရေးပါသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ အာဆီယံတွင် MSMEs လုပ်ငန်းပေါင်း သန်း ၇၀ ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ စုစုပေါင်း၏ ၉၇.၂% မှ ၉၉.၉% ကြားရှိသည်။ ဒေတာရရှိမှုများအရ  အသေးစား စီးပွားရေးလုပ်ငန်းများသည် MSMEs လုပ်ငန်းများ၏ အကြီးမားဆုံးဈေးကွက်ပင်ဖြစ်ပါသည်။ ဒေသအလိုက် MSME များသည်  အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးခြင်းအတွက် ၈၅%၊ GDP တွင် ၄၄.၈% နှင့် နိုင်ငံလုံးဆိုင်ရာပို့ကုန်များတွင် ၁၈% ပါဝင်ပါသည်။

   အဆိုပါ အချက်အလက်ကိန်းဂဏန်းများအရ  MSME ကဏ္ဍသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး တန်ဖိုးမြှင့်လုပ်ငန်းများ၊ တီထွင် ဆန်းသစ်မှုနှင့် မြို့ပြကျေးလက်များအထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ခြင်းဖြင့်  ပံ့ပိုးပေးပါသည်။ ထို့ကြောင့် MSME ကဏ္ဍသည် အာဆီယံ၏ ကျောရိုးဖြစ်ပြီး ရေရှည်နှင့် စဉ်ဆက်မပြတ် တည်တံ့စေရန်အတွက်သော်လည်းကောင်း ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အ တွက် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်လာသည်ကို သိရှိ ကြမှာဖြစ်ပါတယ်။

    ASEAN တွင် SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ပြီး SME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် အရင်းအမြစ်များနှင့်စပ်လျဉ်း၍ ဦးစားပေးကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။ AMS (Asean Member State) ရှိ SME အေဂျင်စီများမှ ကိုယ်စားလှယ်  များပါဝင်သော ASEAN SME Agency Working Group (SMEWG) ကို SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ အစီအစဉ်များနှင့် လှုပ်ရှားမှုများ ရေးဆွဲရန် ၂၀၀၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့ ပါသည်။

   ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အာဆီယံ ASEAN SME Agency Working Group (SMEWG) ကို အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးကော်မတီ (ACCMSME) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး အသေးစားလုပ်ငန်းများကို လွှမ်းခြုံနိုင်စေရန်နှင့် ကော်မတီဖွဲ့စည်းမှုကို ချဲ့ထွင်ရန် လိုအပ်ကြောင်း ထင်ဟပ်စေရန်၊ MSME အေဂျင်စီများအပြင် အခြားနယ်ပယ်များမှ ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ပြီး ACCMSME ကိုယ်စားလှယ်များ တစ်နှစ်လျှင် နှစ်ကြိမ်တွေ့ဆုံပြီး အာဆီယံစီးပွားရေးဝန်ကြီးများ၏ လုပ်ပိုင် ခွင့်အရ အကြီးတန်း စီးပွားရေးအရာရှိများ အစည်းအဝေးသို့ အစီရင်ခံတင်ပြပါသည်။ ACCMSME ဥက္ကဋ္ဌတာဝန်ကို နှစ်စဉ်အလှည့်ကျ အာဆီယံနိုင်ငံများမှ အလှည့်ကျ ဆောင်ရွက် လျက်ရှိပြီး  ACCMSME ၏ လက်ရှိဥက္ကဌအဖြစ်-ဖိလစ်ပိုင် နိုင်ငံမှ မစ္စ Blesila A. Lantayona ၊ကုန်သွယ်ရေး နှင့် စက်မှုလက်မှုဦးစီးဌာန လက်ထောက်အတွင်းရေးမှူးမှ တာဝန်ထမ်းဆောင် လျက် ရှိပါသည်။

           အာဆီယံရှိ MSME ဖွံ့ဖြိုးတိုးတက်ရေးကို  လက်ရှိတွင် ဆယ်နှစ်တာ SME ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာမြောက်ဆောင်ရွက်မှုအစီအစဉ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး  SME ဖွံ့ဖြိုးတိုးတက်ရေး ၂၀၁၆-၂၀၂၅ မဟာဗျူဟာစီမံချက်(SAP SMED) ၂၀၂၅ သည် ပြိုင်ဆိုင်မှု ပြင်းထန်သော စီးပွားရေးပတ်ဝန်းကျင်တွင် အာဆီယံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာ စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းရှိသော MSME များကို ဖန်တီးပေးရန်စသည့် မျှော်မှန်းချက်ဖြင့် MSMEs များ၏ တိုးတက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်များကို ပံ့ပိုးကူညီရန် ဆောင်ရွက်ပေးပါသည်။  MSMEs ဖွံ့ဖြိုးတိုးတက်ရေး ၂၀၁၆-၂၀၂၅ မဟာဗျူဟာစီမံချက်(SAP SMED) ၂၀၂၅ သည် MSME လုပ်ငန်းများ ကြုံတွေ့ရလေ့ရှိသည့် ပြဿနာများကို မဟာဗျူဟာ ရည်မှန်းချက်ငါးခုဖြင့် ဖြေရှင်းရန် ရည်ရွယ်သည်။မဟာဗျူဟာရည်မှန်းချက်ငါးရပ်မှာ-မဟာဗျူဟာပန်းတိုင် A-  ကုန်ထုတ်စွမ်းအား၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်၊ မဟာဗျူဟာ ရည်မှန်းချက် B- ဘဏ္ဍာရေးဆိုင်ရာ လက်လှမ်းမီမှုကို တိုးမြင့်ရန်၊မဟာဗျူဟာ ရည်မှန်းချက် C- စျေးကွက်ရရှိရေးနှင့် နိုင်ငံတကာကို မြှင့်တင်ရန်၊မဟာဗျူဟာပန်းတိုင် D-     မူဝါဒနှင့် စည်းကမ်းထိန်းသိမ်းရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန်နှင့်မဟာဗျူဟာပန်းတိုင်E- စွန့်ဦးတီထွင်သူနှင့် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တို့ဖြစ်ပြီး ACCMSME သည် ဒေသတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေး ပဏာမခြေလှမ်းများကို ကြီးကြပ်ရန်အတွက် အလုံးစုံညှိနှိုင်းရေးကော်မတီအဖြစ် ဆောင်ရွက်ပါသည်။ ACCMSME ၏ ညွှန်ကြားချက်အရ ACCMSME သည် SAP SMED ၂၀၂၅ ၏ မဟာဗျူဟာရည်မှန်းချက်များနှင့် သက်ဆိုင်သည့် သီးခြားကိစ္စရပ်များအတွက် ဖြေရှင်းရန်နှင့် အကြံပေးရန်အတွက် လုပ်ငန်း အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံတွင်လည်း အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကို ပံ့ပိုးမြှင့်တင် နိုင်ရန်အတွက် အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နှင့် အသေးစား၊အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကော်မတီနှစ်ခုမှ ဦးဆောင်၍ မြန်မာနိုင်ငံတဝှမ်းလုံးရှိ အသေးစား၊အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ စသည့်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်မည့် အဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။ အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရာတွင် SMEs Development Agencyအနေဖြင့် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် ကုန်စည်ပြပွဲများကျင်းပပေးခြင်း၊နိုင်ငံတော်အဆင့် National MSMEs Award ဆုများ ချီးမြှင့်ခြင်း၊ နည်းပညာများဖြန့်ဖြူးပေးခြင်း၊ Business Matching များကျင်းပခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများနှင့်ဝန်ထမ်းများအတွက် အရည်အသွေး မြင့်တင်မှု သင်တန်းများကျင်းပခြင်း၊ ငွေကြေးနှင့်သက်ဆိုင်သော အထောက်အကူများပေးခြင်း၊ အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်း မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ အတိုင်ပင်ခံ ဝန်ဆောင်မှုများ ပေးခြင်းစသည့် အဓိကအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိက ကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်လာစေရန်၊ ပြည်သူလူထု၏ အလုပ်အကိုင်အခွင့် အလမ်းများစွာကို ဖန်တီးပေးနိုင်စွမ်း ရှိခြင်း ကြောင့် MSME များ ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရန်၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်ပေါ်လာသည့် ခေတ်ရေစီးကြောင်းများအရ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိစေရန်၊ ပြည်တွင်း ပြည်ပစျေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်မြင့်မား တိုးတက်စေရန်၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ လုပ် ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်နှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် ရည်ရွယ်၍ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကာ အစည်းအဝေးတွင် ဆုံးဖြတ် ချက်(၁၁)ရပ်ကို ချမှတ်ခဲ့ပြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်စုံ၊ ကဏ္ဍစုံမှ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသလို  အာဆီယံအဖွဲ့ဝင်နိုင်ငံမျာနှင့် တန်းတူရင်ဘောင်တန်းနိုင်ရေးကိုလည်း ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

SOURCE-https://asean.org/our-communities/economic-community/resilient-and-inclu...

DOCA(မန္တလေး)