Main menu

အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လိမ်လည် လှည့်ဖျားမှု ကင်းစင်ရေး

Powered by Drupal
Wed, 01/10/2024 - 15:10 -- consumer_admin

        အစားအစာကုန်သွယ်မှုကဏ္ဍဟူသည် အစာကွင်းဆက်တစ်လျှောက် ကျရောက်နိုင်သော ဘေးအန္တရာယ်ဖြစ်မှု ကာကွယ်ရန် နည်းပညာအစီအမံများ အသုံးပြုရန်လိုအပ်သော ကဏ္ဍ တစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာ အစားအစာ ကုန်သွယ်ရေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး World Trade Organization WTO စည်းမျဉ်းများအရ ကုန်သွယ်ဘက်နိုင်ငံများ၏ လူ၊ အပင်၊ တိရိစ္ဆာန်နှင့် ပတ်ဝန်းကျင်နှင့် ပတ်သက်သော ထိခိုက်ပျက်စီးယိုယွင်းမှုများ ကာကွယ်ရန် အတွက် လူ၊အပင်၊ တိရိစ္ဆာန်ဆိုင်ရာ သန့်ရှင်းကျန်းမာရေး သဘောတူညီချက် Sanitary and Phytosanitary SPS Agreementနှင့် ကုန်သွယ်မှု နည်းပညာအတားအဆီးဆိုင်ရာ သဘောတူ ညီချက် Technical Barriers to Trade TBT Agreement တို့ကို ကျင့်သုံးဆောင်ရွက် လျက်ရှိပါသည်။ အာဆီယံနိုင်ငံများအတွက်လည်း အာတီကယ် (၁၈)ပိုဒ် ပါဝင်သော ASEAN Food Safety regulatory Framework Agreement (AFSRF) ရေးဆွဲ ပြဌာန်းလိုက်နာခြင်းဖြင့် စားသုံသူများကို အပြည့်အဝ ကာကွယ်ပေးရန်နှင့် ဘေးကင်း လုံခြုံသော ကုန်စည်များလွယ်ကူစွာ စီးဆင်းနိုင်စေရေး ဆောင်ရွက်လျက်ရှိပါသည်။

         စားသောက်ကုန်ထုတ်လုပ်သည့် ကွင်းဆက်တိုင်းသည်အရေးကြီးပြီး ထုတ်လုပ် တင်ပို့ ရောင်းချရာတွင် အစာကွင်းဆက်တစ်လျှောက်ပါဝင်သူများ၏ ကျင့်သုံး ဆောင်ရွက်ချက် practices များသည် ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှုရှိရန် အရေးကြီးပါသည်။ ရည်ရွယ်ခြင်း မရှိသော်လည်း ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ် unintentional hazards ကိုလည်းကောင်း ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သော  ဘေးအန္တရာယ် intentional hazards ကိုလည်းကောင်း ကာကွယ်နိုင်ရန် မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရန်သော နည်းပညာအစီအမံများ အသုံးပြုခြင်း ဖြင့် စားသုံးသူအား အပြည့်အဝအကာအကွယ်ပေးထားခြင်းဖြစ်ပါသည်။ ၁၈ ရာစုမှစ၍ ယနေ့ ထက်တိုင် အစားအစာဆိုင်ရာ လိမ်လှည့်ဖျားမှုသည် ဖြေရှင်းနေရဆဲပြဿနာ တစ်ရပ်ဖြစ်ရာ ယင်းကို ဉီးတည်ချက်ထား၍ တစိုက်မတ်မတ် ဆောင်ရွက်နိုင်မှသာ အစားအစာ လုံခြုံစိတ်ချရမှု စီမံခန့်ခွဲရေးစနစ် Food Safety Management System တစ်ခုလုံးကိုလွှမ်းခြုံနိုင်မည်ဖြစ်ပါသည်။

         စားသောက်ကုန်တစ်ခု၏ အစားအသောက်၊ အစားအစာပါဝင်ပစ္စည်းများ (သို့မဟုတ်) အစားအသောက်ထုပ်ပိုးခြင်း၊ အညွှန်းတပ်ခြင်း၊ ထုတ်ကုန်အချက်အလက်များ (သို့မဟုတ်) မှားယွင်းသော(သို့မဟုတ်)လွဲမှားသောဖော်ပြချက်များ အား တမင်တကာ  ရည်ရွယ်ချက်ရှိရှိဖြင့် မမှန်ကန်သောအရာများဖြင့် အစားထိုးခြင်း၊ ထပ်မံပေါင်းထည့်ခြင်းအား စီးပွားရေးအကျိုးအမြတ် အတွက် ပြုလုပ်ခြင်း၏ အကျိုးဆက်ကြောင့် စားသုံးသူများ၏ ကျန်းမာရေး ထိခိုက်နိုင်ခြင်းအား အစားအသောက် လိမ်လည်လှည့်ဖြားခြင်း food fraud ဟုခေါ်သည်။ Global Food Safety Initiatives GFSI ၏အဆိုအရ  အစားအစာဆိုင်ရာ လိမ်လှည့်ဖျားမှု Food Fraud ဆိုသည်မှာ စီးပွားရေး(ငွေကြေး)ဆိုင်ရာ ရယူလိုမှုကြောင့် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ရာမှ ဖြစ်ပေါ်သော လိမ်လည် လှည့်ဖျားမှုဖြစ်ပါသည်။

        မိမိတို့နိုင်ငံတွင် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁)၊ အပိုဒ် (၂) (ဆ) အရ လိမ်လည် လှည့်ဖြားခြင်း(Fraud)ဆိုသည်မှာ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျှဉ်း၍ မှားယွင်းသော ဖေါ်ပြ ခြင်းဖြင့်ဖြစ်စေ၊ မမှန်ကန်သော ကြေငြာခြင်း ဖြင့်ဖြစ်စေ၊ မရိုးဖြောင့်သော သဘောဖြင့် ဖြစ်စေ စားသုံးသူကလွဲမှားစွာ လက်ခံစေရန် ရည်ရွယ်ဆောင်ရွက်မှု ကိုဆိုပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၊ အပိုဒ်(၂)(ဇ) အရယင်းနှင့်အလားတူ အခြားအဓိပ္ပါယ် ဖွင့်ဆိုချက်တစ်ခုမှာ ထင်ရောင် ထင်မှားဖြစ်ခြင်း (Deception) ဖြစ်၍ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သဘာဝအရည်အသွေးကိုဖြစ်စေ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ ဆောင်ရွက်မှု ဖြစ်စဉ်ကိုဖြစ်စေ ဝိသေသလက္ခဏာကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ ရည်ရွယ်ချက်ကိုဖြစ်စေ အရေအတွက်ကိုဖြစ်စေ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေသော ပြုလုပ်မှုကို ဆိုလိုပါသည်။

      ပညာရှင်များအဆိုအရ အစားအစာလိမ်လည်လှည့်ဖျားခြင်း အမျိုးအစား (၇)မျိုး ခွဲခြားထားရာ အစားထိုးခြင်း(substitution)၊ ဖုံးကွယ်ခြင်း(concealment)၊ မှားယွင်းသော ကုန်အညွှန်း ဖေါ်ပြခြင်း(mislabelling)၊ တရားဝင် မဟုတ်သော မှောင်ခိုဈေးကွက်အတွက် ထုတ်လုပ်ခြင်း (grey market production/ Theft)၊ တရားမဝင်သော ထပ်ဖြည့် ပစ္စည်းအသုံးပြုခြင်း (unapproved enhancement)၊ အတုပြုလုပ်ခြင်း   (counterfeiting) နှင့် ရောနှောခြင်း (Diluting) တို့ဖြစ်သည်။

        ဈေးကွက်တွင်တွေ့ရလေ့ရှိသော အစားအစာ လိမ်လည်လှည့်ဖျားခြင်း ဖြစ်စဉ်များမှာ ဈေးကြီးသောစားသုံးဆီများကို အခြားဆီများဖြင့်ရောနှောခြင်းဖြစ်ပြီး သံလွင်ဆီ (ပြည်တွင်းတွင် မြေပဲဆီ)တွင် အခြား ဈေးသက်သာသော ဆီများ ရောနှောခြင်း၊ ဈေးနှုန်းမတူညီသော ငါးများရောင်းချရာတွင် ဈေးနှုန်း ကြီးမြင့်သော ငါးနှင့် ပုံစံတူသော်လည်း အမျိုးအစား မတူသည့် ဈေးနှုန်း သက်သာသော ငါးရောနှောရောင်းချခြင်း (သို့မဟုတ်) အစားထိုး ရောင်းချခြင်း၊ နို့တွင် မယ်လမင်းဓာတ်ဖြည့်၍ ရောင်းချခြင်း၊ လယ်ယာ သီးနှံများ တင်ပို့ရာတွင် မျိူးရိုးဗီဇပြောင်း ထားသော သီးနှံများ Genetically Modified Organism-GMO သီးနှံများနှင့် ရောနှောရောင်းချ ခြင်း၊ ပျားရည်တွင် (ပျားရည် မဟုတ်သော) သကာရည်များ အခြားပစ္စည်းများ ရောနှောရောင်း ချခြင်း၊ ကော်ဖီနှင့် လဖက်ခြောက် အမျိုးအစားနှင့် ထွက်ရှိရာ ဒေသများကို စီးပွားရေး အကျိုး အမြတ်ထွက်စေရန် လိမ်လည်လှည့်ဖြားခြင်း၊ စေျးနှုန်းကြီးမြင့်သော ဟင်းခတ်အမွှေးအကြိုင် များကို ရောနှော ရောင်းချခြင်း၊ အရက်၊ ဘီယာနှင့် ဝိုင်အတု ပြုလုပ်ရောင်းချခြင်း၊ အသီးအနှံ ဖျော်ရည်တွင် သစ်သီးအစစ်မှပြုလုပ်သော ဖျော်ရည်နှင့် ဓာတုပစ္စည်းသုံး ဖျော်ရည် အတု synthetic cordial  ရောနှောရောင်းချခြင်း တို့ဖြစ်သည်။

      ကမ္ဘာတစ်လွှား နိုင်ငံအလိုက်နာမည်ဆိုးဖြင့်ကျော်ကြားသော အစားအစာလိမ် လည်လှည့် ဖျားသော ဖြစ်စဉ်များမှာ နယူးဇီလန်နိုင်ငံထွက်မနုကပျားရည်(Manuka Honey)သည် အလှကုန် အဖြစ်လည်းကောင်း၊ ဆေးဘက်ဝင်၍ လည်းကောင်း ကျော်ကြား၍ ဈေးနှုန်းကြီးမြင့်ရာ တစ်နှစ် လျှင်တန်ချိန် ၁၇၀၀ ကျော်သာ ထွက်ရှိသော်လည်း ဈေးကွက်တွင် နယူးဇီလန်ထုတ်မနုက ပျားရည်အမည်ဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့် ရောင်းချခြင်း၊ ၂၀၂၃ ခုနှစ်တွင် အင်္ဂလန်၊ ပြင်သစ်နှင့် ဉရောပတစ်ခွင် အမဲသားညှပ်ဘာဂါများ ရောင်းချရာတွင် အမဲသားအစား မြင်းသားနှင့် ဝက်သားများသုံးပုံတစ်ပုံခန့် ရောနှောထုတ်လုပ်ထားသည့် အမဲသားများ အသုံးပြု ရောနှောရောင်းချခြင်း၊ ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင်ဖြစ်ပွားသော ကလေးငယ်များအတွက် နို့မှုန့်တွင် မယ်လမင်း ရောနှော၍ လှည့်ဖျားရောင်းချခြင်း၊ ဖာလာစေ့ကဲ့သို့ ဟင်းခတ် အမွှေး အကြိုင်တွင် မြေပဲများရောနှောထားရာ မြေပဲနှင့် ဓာတ်မတည့်သူများအတွက် ဆိုးကျိုးဖြစ် စေခြင်း၊ အာရှနိုင်ငံများတွင် သံလွင်ဆီ၊ ငရုတ်ဆီနှင့် မြေပဲဆီများတွင် ဈေးပေါသော အခြားဆီ များ ရောနှောခြင်း၊ အီတလီချီစ် ထုတ်လုပ်စဉ်တွင် ကျွဲနို့ အစား  နွားနို့အသုံးပြုခြင်းဖြင့် လွဲမှားသော နို့အမျိုးအစား အသုံးပြု ထုတ်လုပ်ခြင်း၊ အီးယူတွင် အသားထုပ်ပိုးသူများ (meat packer)က လျှာနာ ခွာနာရောဂါ ဖြစ်ပွားသည့် ကျွဲနွားများအား  လုံလောက်သော ကာကွယ် တားဆီးမှု ပြုလုပ်ရန် ပျက်ကွက်ရုံမျှမက ယင်းတို့ကို စားသောက်ရန် ဖြန့်ချိ ရောင်းချသည်အထိ ကျုးလွန်ခဲ့ကြခြင်း တို့ဖြစ်သည်။

       အတုအပပြုလုပ်ခြင်း(counterfeiting)ဖြစ်စဉ်များတွင်   အရက်၊ ဘီယာနှင့် ဝိုင်များကို အတုပြုလုပ်ခြင်းမှာ အများစုဖြစ်သည်။  ထိုမျှသာမက အစားအသောက် ကဏ္ဍကို အသုံးချ၍ ကြိုတင်ကြံစည်သော ရာဇဝတ်မှု ကျူးလွန်ခြင်းကို Malicious contamination ဟုခေါ်ပါသည်။  ၂၀၀၅ ခုနှစ်တွင် ဗြိတိန်တွင်ဖြစ်ပွားသော ကျူးလွန်ခြင်းတွင် ပေါင်မုန့်အတွင်း၌ ဖန်ထည်စများ အပ်များပါဝင်ခဲ့ခြင်း၊ အမေရိကန်နိုင်ငံ၊ အိုရီဂွန် အရွက်သုတ်ဘားဆိုင်၏ စားစရာ(အသုတ်) များတွင် ဆယ်လ်မိုနဲလား ပါဝင်၍ လူပေါင်း ၇၅၁ ဉီး နာမကျန်း ဖြစ်စေခဲ့ခြင်း၊၂၀၀၇ခုနှစ်တွင် ကိတ်မုန့် စက်ရုံတစ်ခုတွင် မြေပဲကို ခွဲခြား သိမ်းဆည်းခြင်း မပြုဘဲ ရောနှောနေခဲ့ရာ မြေပဲဖြင့် ဓာတ်မတည့်သူများအတွက် အန္တရာယ်ရှိနိုင်၍  ယခင် ဈေးကွက်တွင်း ဖြန့်ဖြူးပြီး ထုတ်ကုန်များ ပြန်လည် သိမ်းဆည်းခဲ့ရပြီး စက်ရုံကိုလည်း တစ်ပတ်ခန့်ကြာအောင် သန့်ရှင်းရေး ဆောင်ရွက် ခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။  

        အစားအစာဆိုင်ရာဆိုက်ဘာပြစ်မှုများ cyber crimeမှာ အစားအစာ မှာယူသည့် ကိစ္စတွင် ဖြစ်ပွား၍ ငွေလွဲကိစ္စများ၊ အကြွေးဝယ်ကဒ် ကိစ္စများနှင့် ပတ်သက်ပါသည်။ သူလျှို ထားခြင်း espionageမှာ  အစားအစာ ဆိုင်ရာလိမ်လည် လှည့်ဖြားခြင်းတစ်ခုဖြစ်ရာ အစားအစာ ထုတ်လုပ်သော စက်ရုံများ၏ ဖေါ်မြူလာများကို တရားဝင်မဟုတ်သော နည်းလမ်းဖြင့်ရယူခြင်း ဖြစ်ရာ ယင်းကို အသုံးပြုထုတ်လုပ်မည်ဆိုပါက ပြည့်စုံမှုရှိမရှိ မသေချာသည့်အပြင် ဉပဒေ ကြောင်းအရ ငြိစွန်းနေသည်။ အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်း နောက်ထပ်နည်းလမ်း တစ်ခုမှာ  ခြိမ်းခြောက် ငွေညှစ်ခြင်း extortion ဖြစ်၍ အစားအစာ ညစ်ညမ်းမှု ဖြစ်ပွားနေခြင်းကို အကြောင်းပြု၍ မသမာသော အစိုးရ တာဝန်ရှိသူမှ ခြိမ်းခြာက်ငွေညှစ်ခြင်းနှင့် မသမာသူတစ်စုမှ စူပါမားကတ်ရှိ အစားအစာများတွင် ညစ်ညမ်းမှုဖြစ်စေရန် ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခြင်း တို့ဖြစ်ပါသည်။

         အစားအစာကဏ္ဍတွင်သာမက အခြားမည်သည့်ကဏ္ဍတွင်မဆို လိမ်လည်လှည့်ဖျားမှု fraud ဖြစ်ပွားလေ့ရှိရာ ကျူးလွန်သူများကိုလေ့လာရာတွင် လိမ်လည် လှည့်ဖျားမှုကျူးလွန်သော လူ(၁၀)ဉီးလျှင်(၉)ဉီးမှာ ရာဇဝတ်မှုဆိုင်ရာ နောက်ကြောင်း ရာဇဝင်ရှိသူများမဟုတ်ပါ။ သို့ဖြစ်ရာ (မရည်ရွယ်ဘဲ) လိမ်လည်လှည့်ဖျားမှု ကျူးလွန်ခြင်းပြဿနာဖြေရှင်းရာတွင် သိရှိထားသင့်သော လိမ်လည်လှည့်ဖျားမှုတြိဂံ (Fraud Triangle)၏ အခြေခံအချက်သုံးချက်မှာ အခွင့်အလမ်း (opportunity)၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်မှု (rationalization)နှင့် စေ့ဆော်သော အချက်များ (motivation) (သို့မဟုတ်)ဖိအား (pressure)တို့ဖြစ်ပါသည်။ လိမ်လည် လှည့်ဖျားမှု ဖြစ်ပွားရန် အခြေအနေနှင့် ကြုံကြိုက်ပါက လူအများအနေဖြင့် မည်သို့ တုံပြန်ကြသည်ကို ပညာရှင်များ လေ့လာခဲ့ရာ “၁၀-၈၀-၁၀ ဉပဒေသ” အရ ကျူးလွန်ကြောင်း တွေ့ရှိခဲ့သည်။ အဓိပ္ပါယ်မှာ လူပေါင်း ၁၀၀ ဉီးရှိပါက ၁၀ ဉီးမှာ လိမ်လည်လှည့်ဖျားမှု ကျူးလွန်မည့်သူများလုံးဝ မဟုတ်ပါကြောင်း ဆန့်ကျင်ဘက်အနေဖြင့် ၁၀ ဉီးမှာ လိမ်လည် လှည့်ဖျားမှုကျူးလွန်နိုင်မည့် နည်းလမ်းများကိုအားထုတ်ကြိုးပမ်းကျူးလွန်ကြကြောင်း ကျန်သော ၈၀ ဉီးမှာမူ လိမ်လည် လှည့်ဖျားမှု ဖြစ်ပွားစေသည့် အခြေခံအချက်(၃)ချက်အရ လိမ်လည်လှည့်ဖျားမှု ကျူးလွန် ကောင်းကျူးလွန်ကြပါကြောင်း၊ သို့ဖြစ်ရာ ယင်းအခြေအနေများကြောင့် တာဝန်ရှိသူများ အနေဖြင့်စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ဉပဒေပြုခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း မူခင်း ပညာရှင်များက ထောက်ခံအကြံပြုထားပါသည်။

        အစားအစာ လိမ်လည်လှည့်ဖျားမှု ဖြစ်ပွားပါက  Vulnerability assessment critical control point VACCP အသုံးပြု၍ စိစစ်ရန်ဖြစ်ရာ အားနည်းချက်/ ပျော့ကွက်များ Vulnerabilityကို ရှု့ထောင့်(၃)မျိုးမှ ဉီးတည်စိစစ်ရန် လိုအပ်ပါသည်။  ထုတ်ကုန်တွင် ပါဝင်သော ပစ္စည်းဆိုင်ရာအချက်များ၊ လုပ်ငန်းအပေါ် သက်ရောက်သော အချက်များနှင့် သွင်းအားစုနှင့် လုပ်ငန်းထုတ်လုပ်မှုကွင်းဆက်၏ မဟာဗျူဟာများကိုထိန်းချုပ်သည့်အချက်များတွင် ပျော့ကွက် များရှိမရှိ စိစစ်ရန်ဖြစ်၍ ရှိပါက ပျော့ကွက် အနိမ့်/ အမြင့်ကို ဆက်လက်စိစစ်ရန်ဖြစ်ပါသည်။ သို့မှသာ ပျော့ကွက်များ လျော့ချ၍ လိမ်လည်လှည့်ဖျားမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အစားအစာ ထုတ်လုပ်မှုမှာ ကွဲပြားခြားနားရာ ထုတ်ကုန်၏အရေးကြီးသော ပါဝင်ပစ္စည်းတိုင်းကို လိုအပ်သလို စိစစ်ရန် ဖြစ်သည်။ VACCP စိစစ်ခြင်းတွင် ဖြစ်နိုင်ခြေရှိသော ပျော့ကွက်များကို သတ်မှတ်ရန်၊ မသမာသော အလေ့အထများ ဖြစ်နိုင်ခြေရှိမှု အကဲဖြတ်ရန်၊ ထိန်းချုပ်မှု အစီအမံများကို သတ်မှတ်ရန်၊ မှတ်တမ်းထားရှိရန်နှင့် ပြန်လည်သုံးသပ်ရန်စသည့် အဆင့်များ ပါဝင်ပြီး ယင်းတို့ကို ဆောင်ရွက်ရာတွင် တစ်ကြိမ်သာဆောင်ရွက်ရမည့် အစီအမံမဟုတ်ဘဲ အမြဲမပြတ်ဆန်းစစ်နေရန် လိုအပ် ပါသည်။

        အစားအစာ လိမ်လည်လှည့်ဖျားမှုဖြစ်ပွားမှုသည် ဆောင်ရွက်နေကျဖြစ်သော ပုံမှန် ကုန်သွယ်ရောင်းဝယ်မှုတွင်သာမက အီးကောမတ်စ်တွင်လည်းဖြစ်ပွားရာ အစိုးရ၏ အီးကော မတ်စ်ဉပဒေ၊ နည်းဉပဒေများမှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များအပြင် အီးကောမတ်စ် ထိန်းချုပ်သော ပုဂ္ဂလိကပလက်ဖေါင်းများ e–commerce platform ကို ထိန်းချုပ်ကွပ်ကဲရန် လိုအပ်မည်ဖြစ်ပါသည်။ အစားအစာ လိမ်လည် လှည့်ဖျားမှုဖြစ်ပွားမှု ဖေါ်ထုတ်ရာတွင် သိပ္ပံပညာ အခြေခံ၍ အချက်အလက် အထောက်အထားဖြင့် သက်သေပြသမှသာ ထိန်းချုပ်အရေးယူနိုင် မည်ဖြစ်ရာ သာမန်နည်းပညာများဖြင့် လုံလောက်မှုရှိရန် မလွယ်ကူဘဲ ခေတ်မီနည်းပညာများကို အသုံးချရန်လိုအပ်သည်ဖြစ်ရာ နည်းပညာအရရှုတ်ထွေး၍ ငွေကုန်ကြးကျ များပြားစွာ လိုအပ်ပါ သည်။

         သို့ဖြစ်ပါ၍ အစားအစာ လိမ်လည်လှည့်ဖျားမှုအန္တရယ်မှကာကွယ် တားဆီးနိုင်မှသာလျှင် ထုတ်လုပ်မှု ကွင်းဆက် supply-chain တစ်လျောက် ပါဝင် ပတ်သက်သူများ၏ စီးပွားရေး ပုံမှန် လည်ပတ်နိုင်မည်ဖြစ်ပြီး ယုံကြည်မှု ပျက်စီးပြို လဲခဲ့ပါက ပြန်လည်ထူထောင်ရန် နှစ်ပေါင်း များစွာ ကြာမြင့်တတ်ပါသည်။  ထိုပြဿနာကိုဖြေရှင်းရန် နိုင်ငံအဆင့်အစားအစာလိမ်လည် လှည့်ဖျားမှု Food Fraud အဓိပ္ပါယ်ဖွင့်ဆိုရန်၊ ယင်းကို (ပုံမှန်ကုန်သွယ် ရောင်းဝယ်မှုနှင့် အီးကောမတ်စ်အတွက်ပါ) ဖြေရှင်းနိုင်ရေး မူဘောင်တစ်ခုရေးဆွဲရန် နိုင်ငံအဆင့် အစားအစာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို နိုင်ငံတကာစံချိန် စံညွှန်းရေးဆွဲရေး အဖွဲ့များ၏စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ တန်ပြန်အစီအမံများ counter measures ချမှတ်ရန် ခေတ်အမီဆုံးသော နည်းပညာအသုံးချမှု လိုအပ်ချက် ဖြည့်ဆည်းထားရန်နှင့် နည်း ပညာခိုင်မာစေရေး အဆင်သင့်ပြင်ဆင်ထားရန် ပညာရှင်များက ထောက်ခံ အကြံပြုထား ပါသည်။

           အစားအစာကုန်သွယ်မှုတွင် လိမ်လည်လှည့်ဖျားမှု မကြာခဏ ဖြစ်ပေါ် လေ့ရှိရာ လယ်ယာ ထွက်ကုန်တင်ပို့သော မိမိတို့နိုင်ငံအတွက် အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများအပေါ် အခြေခံ၍ တန်ပြန် အစီအမံများချမှတ်ရန်၊ နည်းပညာ ခိုင်မာစေရေး ခေတ်မီနည်းပညာများ၊ စက်ကိရိယာများကို အသုံးချ၍ လိုအပ်ချက်များကို အဆင်သင့် ပြင်ဆင် ဆောင်ရွက်ထားရန်နှင့်  ဉပဒေပြု၍ တားဆီးရုံမျှမက ဉပဒေ၏အာဏာ သက်ရောက်မှု law enforcement ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မှသာ အထိအခိုက်၊ အကုန်အကျနည်းပါး သက်သာ စွာဖြင့် အစားအစာ လိမ်လည်လှည့်ဖျားမှု ပြဿနာကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ဒေါက်တာဝေရီလင်း

စားသုံးသူရေးရာဦးစီးဌာန

ရင်းမြစ်-the Consumer Protection law 2019 (Myanmar), IFT.org, foodfraudpreventionthinktank.com and fraud triangle

------------------------------------------------------------------------

ကျမ်းကိုးစာရင်း

  1. စားသုံးသူကာကွယ်ရေးရာဉပဒေ (၂၀၁၉) the CP law of 2019
  2. Prescreening Ingredients for a Food Fraud Vulnerability Assessment - IFT.org
  3. Food Fraud in the WTO Report on Trade and Food Standards foodfraudpreventionthinktank.com
  4. fraud Triangle Components Explained by embroker