Main menu

မွန်ဒေသထွက် ငါးပုတ်သင်အကြောင်း

Powered by Drupal
Tue, 01/02/2024 - 15:15 -- consumer_admin

      မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ ရာသီအလိုက် ရေချို၊ ရေငန်တို့၌ ငါးမျိုးစုံထွက်ရှိပါသည်။  မွန်ဒေသ၌ ဆောင်းရာသီကာလ တန်ဆောင်မုန်းလ၊ နတ်တော်လ၊ ပြာသိုလနှင့် တပို့တွဲလတို့တွင် ငါးပုတ်သင်ငါးကို အများဆုံးဖမ်းမိကြသည်ဟု ငါးဖမ်းရေလုပ်သားများကပြောကြသည်။ ငါးပုတ်သင်ငါးသည် ရေအောက်ကြမ်းပြင်နေ (Demersal Fish)ဖြစ်သော ငါးပုတ်သင်ငါး (Croaker)ကို ရေချို/ရေငန်စပ်နှင့် ရေငန်ပိုင်းတို့တွင် အများဆုံးတွေ့ရလေ့ရှိသည်။ ငါးပုတ်သင်ဟုခေါ်ရခြင်းမှာ ထိုငါး၏ဦးခေါင်းပုံသဏ္ဌာန်သည် ပုတ်သင် ညို၏ ဦး‌ခေါင်းနှင့်တူသောကြောင့်ဖြစ်သည်ဟုဆိုပါသည်။ မွန်ဒေသတွင် ငါးပြက်ဟုလည်းခေါ်ကြသည်။

      ငါးပုတ်သင်ငါးကို မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်နှင့် မုတ္တမပင်လယ်ကွေ့၊ မော်လမြိုင်မြို့၊ ကျိုက်ခမီမြို့၊ စက်စဲမြို့နှင့်ရေးမြို့နယ်တို့၌ ပိုမိုဖမ်းမိတွေ့ရှိရသည်။  ရေလုပ်သားများဖမ်းမိရရှိသည့် ငါးပုတ်သင်ငါးကို မော်လမြိုင်မြို့၏ ငါးအဝယ်ဒိုင်များ၌ လာရောက်ရောင်းချကြသည်။ ထိုငါးဒိုင်နှင့်အအေးခန်းများရှိ လုပ်သားများက ပြုပြင်ခြင်း၊ မွမ်းမံခြင်း၊ အအေးခန်းတို့တွင်သိုလှောင်ခြင်း၊ သယ်ယူမည့်အအေးခန်းပါ ငါးသေတ္တာများတွင် စနစ်တကျထည့်သွင်းပြီးမှသာ ဈေးကွက်သို့ဖြန့်ဖြူးသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိဈေးများနှင့် အခြားမြို့နယ်အသီးသီးသို့ လက်လီ/ လက်ကား ထပ်ဆင့်ဖြန့်ဖြူးရောင်းချသည်။

မွန်ပြည်နယ်ငါးပုတ်သင်ငါး၏ ဈေးနှုန်းအခြေအနေ

       မွန်ပြည်နယ်ငါးပုတ်သင်ငါး၏  ဈေးနှုန်းအခြေအနေမှာ ပေါ်ဦးစအချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်အချိန်တွင်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းမှာ  တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလဆန်းတွင် ငါးပုတ်သင်ငါး၏ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြစ်ခဲ့သည်။  ငါးပုတ်သင်ငါးသည် ဆောင်းရာသီတွင် ရေလုပ်သားများ ဖမ်းဆီးမှုပေါများသောကြောင့်  ဈေးနှုန်းအနည်းငယ်လျော့ကျလာခဲ့သည်။  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်မှစ၍    ယခုအချိန်အထိ   ဈေးနှုန်းအခြေအနေတည်ငြိမ်၍  တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့်၇၀၀၀ကျပ်အတွင်းသာရှိတော့သည်။ ငါးပုတ်သင်မှရသော ငါးပုတ်သင်စီဖောင်း (fish maw)သည် ဈေးကွက်ဝင် အစီဖောင်းတစ်မျိုးဖြစ်၍    ဈေးကောင်းရရှိပါသည်။   

ကမ်းနီးငါးဖမ်းလုပ်ငန်းများမှဖမ်းဆီးရရှိသော ငါးပုတ်သင်ငါး

မွန်ပြည်နယ်၊ ကမ်းနီးငါးဖမ်းလုပ်ငန်းမှ ဖမ်းဆီးရရှိသည့် ငါးပုတ်သင်ငါး၏ ကုန်းတက်ပိဿာစာရင်းများမှာ-

စဉ်

ဘဏ္ဍာနှစ်

အရေအတွက်

(ပိဿာချိန်ထောင်ပေါင်း)

မှတ်ချက်

၂၀၁၆-၂၀၁၇ခုနှစ်

၁၄၀၀.၈၀

 

၂၀၁၇-၂၀၁၈ခုနှစ်

၁၆၉၈.၅၃

 

၂၀၁၈ခုနှစ်ဧပြီလမှစက်တင်ဘာလ အထိ

၇၅၉.၅၈

 

၂၀၁၈-၂၀၁၉ ခုနှစ်

၂၂၅၂.၈၉

 

၂၀၁၉-၂၀၂၀ ခုနှစ်

၃၆၇၇.၇၀

 

၂၀၂၀-၂၀၂၁ ခုနှစ်

၃၆၈၀.၀၀

 

၂၀၂၁-၂၀၂၂ ခုနှစ်

၃၇၁၀.၂၀

 

 

ငါးပုတ်သင်ငါးစားသုံးမှု

      ငါးပုတ်သင်ငါးကို ချက်စား၊ ကြော်စား၊ ပေါင်းစားကြသည်။ ငါးပုတ်သင်ကို အချဉ်တည်၍လည်းစားသုံးကြသည်။ ငါးပုတ်သင်ချဉ်သည် ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်တို့ထက်ပို၍ အရသာရှိသည်ဟုဆိုကြသည်။ မော်လမြိုင်ဘက်တွင် ငါးပြက်ချဉ်ထုပ်ဟုခေါ်ဝေါ်ကြပါသည်။  ငါးပုတ်သင်ကို အစိုချက်စားရာတွင် ပေါ့ပြက်ပြက်ရှိသော်လည်း ငါးခြောက်ပြုလုပ်၍ ကြော်ချက်စားပါက အရသာထူးလှသည်။ ထို့ပြင် ငါးပုတ်သင်ကို ငါးပိချက်လည်းချက်စားခြင်းဖြင့်သော်လည်းကောင်း၊ အခြားသင့်လျော်သည့်အတိုင်း ကြော်ချက်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးနိုင်ပါသည်။ ငါးပုတ်သင်၏ ငါးစီဖောင်းနှင့် ဝမ်းပျဉ်းသားတို့ကိုစားသုံးခြင်းဖြင့် အကျိုးများစေသည်ဟုလည်းဆိုပါသည်။

ငါးပုတ်သင်စားသုံးခြင်းနှင့်ကျန်းမာရေး

      ငါးပုတ်သင်ငါးကို  မွန်ပြည်နယ်၊ ဒေသတွင်းစားသုံးသူများက ငါးပုတ်သင်ဟင်းချက်၍လည်းကောင်း၊ ခွဲခြမ်းအခြောက်လှမ်း၍လည်းကောင်း စားသုံးကြသည်။ ထို့ပြင် ကျန်းမာရေးအရ ငါးပုတ်သင်၏ ဦးခေါင်းထဲတွင် ကျောက်ခဲဖြူ ၂လုံးပါရှိပြီး ယင်းကျောက်ခဲကို အမှုန့်ကြိတ်၍ သံပရာရည်နှင့်ဖျော်သောက်လျှင် ဆီးနှင့်သက်ဆိုင်သောရောဂါများ (ဆီးကျိတ်ကြီးရောဂါ၊ ဆီးကျိတ်ပိတ်ရောဂါ)ကိုပျောက်ကင်းစေသည်။  မွန်ဒေသရှိ ကမ်းနီးကမ်းဝေးရေလုပ်သားများ၊ အအေးခန်းနှင့်ငါးအဝယ်ဒိုင်မှလုပ်သားများ၊ ငါးရောင်းချသည့် လက်လီ/လက်ကားရောင်းချသူများအားလုံးကြောင့် ငါးပုတ်သင်ငါးကို ဒေသတွင်း၌ ကြွယ်ဝစွာစားသုံးကြပြီး ကုန်သွယ်မှုလည်းရရှိနေသည့်  ဒေသထွက်ငါးပုတ်သင် (ခေါ်) ငါးပြက်အကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မွန်)