Main menu

ဖိတ်ခေါ်ပါသနော် မကွေးမန်းရွှေစက်တော်ဘုရားပွဲတော်

Powered by Drupal
Mon, 01/01/2024 - 15:53 -- consumer_admin

    မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏အလယ်ပိုင်းတွင်တည်ရှိပြီး ဧရိယာကျယ်ဝန်း၍ တိုင်းဒေသကြီး(၇)ခုအနက် ဒုတိယမြောက်အကြီးဆုံးတိုင်းဖြစ်ပြီး ဧရိယာစတုရန်းမိုင်(၁၇၃၀၅) ကျယ် ဝန်းပါသည်။ မြန်မာပြည်အလယ်ပိုင်းချိုင့်ဝှမ်းဒေသဖြစ်၍ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီ ဥတုရှိပါသည်။ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်၊ အနောက်တောင်ဘက်တွင် ရခိုင်ပြည် နယ်၊ မြောက်ဘက်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီးတို့နှင့် ထိစပ်လျက်ရှိပါသည်။

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိ ယပွဲတော်ကြီးကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄) ရက်(တပို့တွဲလဆန်း ၅ ရက်)နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  မန်းရွှေစက်တော်ဘုရားကို မင်းဘူးမြို့မှလည်းကောင်း၊ ပုသိမ်-မုံရွာလမ်းအတိုင်းလာပါက (၈) မိုင်လမ်းမှသော်လည်းကောင်း၊ (၃)မိုင်လမ်းမှသော်လည်းကောင်း၊ မင်းဘူးမြို့မှ(၃၇)မိုင်ခန့်ကွာဝေးသော ပဒါန်းဘက်မှသော်လည်းကောင်း ကား၊ ဆိုင်ကယ်၊ ယာဉ်အမျိုးမျိုးတို့ဖြင့် အဆင်ပြေ‌ချောမွေ့ စွာသွားရောက်နိုင်ပါသည်။

    မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့၏အနောက်တောင်ဘက် (၂၆)မိုင်အကွာတွင်တည်ရှိပြီး အထူးထင်ရှားလှသည့် မန်းရွှေစက်တော်ရာပါဒစေတီတော်ကို ရွှေစက်တော်ဟူ၍လည်းကောင်း၊ မန်းစက်တော်ရာဟူ၍လည်း ကောင်းခေါ်ဝေါ်ကြသည်။ မန်းစက်တော်ရာဘုရားတွင် အထက်စက်တော်ရာနှင့် အောက်စက်တော် ရာဟူ၍ နှစ်ဌာနရှိပြီးတောင်ပေါ်တွင်ရှိသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟုခေါ်ကြ၍ တောင်အောက်မန်း ချောင်းဘေး၌ရှိသော ခြေတော်ရာတစ်ဆူကို အောက် စက်တော်ရာဟုခေါ်ကြသည်။ ထို့ကြောင့် ရွှေစက်တော်ဘုရားအား စက်တော်ရာဘုရားဟုလည်း လူသိများကြပြီး မြတ်စွာဘုရား၏ခြေတော်ရာများတည်ရှိခြင်းကြောင့်လည်း ထင်ရှားကျော်ကြားလှသည်။ မန်းရွှေစက်တော်ဘုရားမှာ သဘာဝသစ်တောများ ဝန်းရံလျက်ရှိပြီး ယဉ်ကျေးမူအမွေအနှစ်နှင့် သဘာဝယှဉ်တွဲတည်ရှိနေသောနေရာလည်း ဖြစ်သည်။

   ဘုရားပွဲတော်ရာသီမှာနွေဦးကာလဖြစ်၍ အညာမြေ၏ပူပြင်းသည့်နေရောင်အောက်တွင် မန်း ချောင်းသည်စက်တော်ရာတောင်ခြေကို အရောင်တလက်လက်ဖြင့် မြွေနဂါးတစ်ကောင်ပမာ ကွေ့ ပတ်၍စီးဆင်းနေသည်ကို မြင်လိုက်ရရုံဖြင့် ခရီးပင်ပန်းနွမ်းနယ်မှုများ ကွယ်ပျောက်ကြရသည်။ ဘုရားဖူးခရီးသွားများအတွက် တည်းခိုဆောင်များမှာလည်း သက္ကမိုးထရံကာဖြစ်၍ သဘာဝနှင့်အံဝင်ခွင့်ကျ ဖြစ်သောကြောင့် မြန်မာပြည်အနှံမှဘုရားဖူးလာကြသော ရဟန်းရှင်လူပြည်သူများအဖို့ စိတ်အေးချမ်းစွာဖြင့် ဘုရားဖူးကြသည့်မြင်ကွင်းမှာ အလွန်ပင်သာယာကြည်နူးဖွယ် ကောင်းလှပေသည်။

  သမိုင်းဝင်မန်းရွှေစက်တော်ဘုရား၏ထူးခြားချက်မှာ အခြားအထင်ကရနေရာများဖြစ်သည့် စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော်ဘေးမဲတောဥယျာဉ်ရှိ ကြယ်လိပ်နှင့်ရွှေသမင်ခြံများ၊ ငှက်မျိုးစိတ်များကြည့်ရှု့လေ့လာနိုင်သည့်အပြင် မဟာပုဏ္ဏ ရဟန္ထာအရှင်မြတ်တည်ထားကိုးကွယ်ခဲ့သော အောက်ကျောင်းသမုတ္တဂီရိ မြစေတီဘုရား၊ ရေပုတ်ကလေးရွာမှ ရွှေမြင်တင်စေတီနှင့် စကုမြို့မှထေရ်ကြီးစေတီများနှင့် ရုပ်စုံကျောင်းများမှာလည်း တဆက်တစပ်တည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှခရီးသွားပြည်သူများက ဘုရားစေတီများဖူးမျှော်ကာ အထင်ကရနေရာများအား ဝင်ရောက်ကြည့်ရှု့လေ့လာလျက်ရှိကြောင်း သိရသည်။

   မန်းရွှေစက်တော်ရာဘုရားသမိုင်းကိုကြည့်မည်ဆိုလျှင် မြတ်စွာဘုရားသည် ဝါဏိဇ္ဇဂါမသို့ ဆွမ်းခံကြွတော်မူရာ နမ္မမြစ်(ယခု)မန်းချောင်းနားသို့ရောက်တော်မူသည်။ ထို့အခါ မြစ်၌နေသော နမ္မ ဒါနဂါးမင်းသည် မြတ်စွာဘုရားအားအလွန်ကြည်ညိုသဖြင့် နဂါးပြည်သို့ပင့်လျက်ကြီးစွာသော သက္ကာရတို့ဖြင့် တရားတော်ကိုနာ၏။ တရားနာပြီးသောမြတ်စွာဘုရားအား ကိုးကွယ်ရာအမွေတစ်စုံတစ်ခု ပေးတော်မူပါရန် လျောက်ထားသည့်အတွက် မြတ်စွာဘုရားရှင်လည်း နမ္မဒါမြစ်နား၌ခြေတော်ရာ ပါဒစေတီကိုထားတော်မူခဲ့သည်။ ထို့စက်တော်ရာကို အောက်စက်တော်ရာဟုခေါ်ကြသည်။ ထို့နောက်မြတ်စွာဘုရားသည် ထို့မှသစ္စဗန်ဓတောင်ထိပ်သို့ကြွတော်မူသည်။ တောင်ထိပ်သို့ရောက်တော်မူလျှင် ထိုအရပ်၌ ရှိသောသစ္စဗ္ဓရသေ့လည်း ရသေ့ကို တရားဟောတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေသည်။ သစ္စဗ္ဓရသေ့လည်း အရိုအသေကိုးကွယ်ရာကို တောင်းပန်းရာ တစ်ခဲနက်သောအပြင်ရှိ ကျောက်ဖျာထက်၌ စိုစွတ်သောမြေစိုင်ပေါ်တွင် တံဆိပ်ခတ်ဘိသကဲ့သို့ စက်တော်ပါဒစေတီတော်ကို ချတော်မူ၏။ ဤ ခြေတော်ရာကို အထက်စက်တော်ရာဟုခေါ်တွင်ကြသည်။

   စက်တော်ရာအနီးအနားရှိတောင်များ၊ ဒေသများကို မြတ်စွာဘုရားရှင်၏ ခြေတော်ရာချထား ပေးသနားရန် တောင်းပန်ခဲ့သောပစ္စဗန္ဓမထေရ်အား အစွဲပြု၍ ယခုအခါမှည့်ခေါ်ထားသည်ကိုတွေ့ရ သည်။ ထို့မထေရ်သည် ရှေ့အခါမုဆိုးအဖြစ်ဖြင့် အသက်မွေးခဲ့စဉ်က နေထိုင်သည်ကိုအစွဲပြု၍ အထက် စက်တော်ရာဘေးမှတောင်ကို မုဆိုးတောင်ဟူ၍လည်းကောင်း၊ ထို့တောင်အောက်ရှိသော သားကောင်မှရသည့် သားရေကြက်ရာနေရာဖြစ်၍ သားရေကြက်တောင်ဟူ၍လည်းကောင်း ယုံမှတ်ခေါ် ဝေါ်ကြသည်။ မုဆိုးတောင်၏လက်ယာစွန်းတွင် ထူးခြားစွာတည်ရှိနေသော ကျောက်တုံး ကြီးတစ်ခု၌ မုဆိုး၏ဒူးထောက်ရာနှင့် ခြေရာများရှိ၍ ထို့ခြေရာတို့တွင်တည်ရှိနေသောရေများကို မျက်စဉ်းအဖြစ် ခပ်ပါက မျက်စိရောဂါများပျောက်သည်ဟု ယုံကြည်ကြသည်။

   လမ်းခရီးစခန်းများကိုလည်း စက်တော်ရာသမိုင်းနှင့်ဆက်စပ်၍ အမည်မှည့်ခေါ်ထားသည်။ စကု မြို့မှ(၇)မိုင်ခန့်အကွာ အနောက်ဘက်တွင်မုဆိုးကြီးယုန်လိုက်ကြည့်ရာ တောအုပ်တစ်ခုရှိခဲ့ သည်ဟု ယုံကြည်သဖြင့် ထို့နေရာကိုယုန်ကြည့်တောင်ဟုခေါ်ဆိုကြသည်။ မြတ်စွာဘုရားကြွရောက် စဉ်က ဆွမ်းစားပြီးနောက်အာလုပ်တော်ဆေးခဲ့သည့်ကိုရည်ညွှန်း၍ လုပ်ဆေးချောင်းဟုခေါ်တွင်ကြသည်။ ထို့ချောင်းတွင် ဆန်စေ့နှင့်တူသောကျောက်ခဲကလေးများကို အနှံ့အပြားတွေ့ရှိရသည်။ စက်တော်ရာအနီး တောင်အဆင်းစခန်းတစ်ခုကိုလည်း မုဆိုးကြီးလေတင်ဆင်းရာအရပ်ဟု ယုံကြည် ကြကာ လေးတင်ဆင်စခန်းဟု အမည်ပေးထားကြသည်။

  စက်တော်ရာဘေးရှိလိုင်ဏ်ဂူတစ်ခုကို  မြန်မာနိုင်ငံသမိုင်းတွင် မင်း(၅)ဆက်၏ မိဘုရားဖြစ် ခဲ့သော  ရှင်ဘို့မယ်သည် ရောက်လာ၍ စခန်းချနားနေလျက် ရက်ကန်းခတ်ခဲ့ဖူးသည်ကို ရည်မှတ်၍ ရှင်ဘို့မယ်တွင်းဟု ခေါ်ဝေါ်ကြသည်။ ရှေးယခင်က မိန်းမပျိုများသည် ထိုတွင်း၏ ဘေးတွင်းအပေါက်ငယ်များပြုလုပ်၍ လက်ညှိုးကိုထားကာ ရက်ကန်းတတ်ပါစေ၊ ဗိုင်းငင်းတတ်ပါစေဟု ဆုတောင်းလေ့ရှိကြသည်။ စက်တော်ရာတောင်ကို မန်းချောင်းသည် ကွေ့ပတ်၍ စီးဆင်းရာ တောင်ခြေရင်းသို့ (၃)ကြိမ်တိုင်တိုင် (၃)နေရာတွင် ချဉ်းကပ်ပြီးမှ တစ်ဖြောင့်တည်း စီးဆင်းသွားလေသည်။ ဤသည်ကို အသက်မရှိသော မန်းချောင်းပင်လျှင် မြတ်စွာဘုရား၏ ခြေတော်ရာအရပ်ကို ဦး(၃)ကြိမ်တိုက်သည်ဟု ပြောစမှတ်ပြုကြလေသည်။

  အင်းဝခေတ် စာဆိုတော် ရှင်မဟာရဌသာရ ရေးသားခဲ့သည့် ရွှေစက်တော်သွား တောလားတွင်လည်း "ဘုန်းသန်သကျ၊ မိုနိန္ဒလျှင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူကျွန်း မြတ်၊ ဘုန်းထွဋ်သိရိ၊ တမ္ဗဒီထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါးမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု၊ နမန္တာနား၊ ရာ့တပါးနှင့် တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောင်ပြိုးပြက်သည်၊ ဖိုလ်မဂ်နိဗ္ဗာန် စူးစူးတည်း" ဟူ၍ စပ်ဆိုထားပါသည်။

   တောတောင်များ၏ သာယာလှပဆန်းကြယ်ပုံကိုလည်း "နေခြည်ဝင်မြောက်၊ ဆည်းစျာ ရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့် သံခြေကြွေးကြော်၊ ဖိုမခေါ်လျက်"ဟူ၍ ရေးဖွဲ့ထားပါသည်။

   မကွေးတိုင်းဒေသကြီးအညာဒေသတွင် ထင်ရှားကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်သည့် သမိုင်းဝင် မန်းရွှေစက်တော်ဘုရားပွဲသို့ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာမှ ရှေးရိုးရာ အစဉ်အလာမပျက် နွားလည်းတန်းဖြင့် တစ်ပေါင်းလပြည့်နေ့အမှီလာရောက်ပြီး လပြည့်နေ့တွင် အာရုဏ်ဆွမ်း ကပ်လှူရန်အတွက် နှစ်စဉ် လာရောက်ဖူးမြော်လျက် ရှိကြောင်းလည်းသိရှိရပါသည်။

     ထို့အပြင် ဘုရားဖူးများအနေဖြင့် သာယာလှပသည့် သဘာဝတရားကိုခံစားရင်း အထက်စက်တော်ရာ (၉)ခန်းကြီးလမ်းခွဲမှ (၈)မိုင် လမ်းအတိုင်း (၃)မိုင်ဆင်းလျှင် ဆင်စခန်းသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

    မင်းဘူး(စကု)မြို့နယ်တွင် မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲနှင့် အတူဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း -ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပ သော သဘာဝ ရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီသွားဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထား ကြောင်း သိရသည်။

     အပန်းဖြေဆင်စခန်းဖွင့်လှစ်ရန် မြန်မာ့သစ်လုပ်ငန်းမှခွင့်ပြုရန်ပုံငွေအပြင် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ အထောက်အပံ့အစီအစဉ်များဖြင့် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ဆင်စခန်း၏ ဧရိယာအကျယ်အဝန်းမှာ ပဒေါင်း-ပျော်ဘွယ်ကြိုးပြင်ကာကွယ်တောမှ ဧက(၅၀)၊ မြေလွတ်မြေရိုင်းမှ ဧက(၉၀)၊ စုစုပေါင်းဧက (၁၄၀)ကျယ်ဝန်းပြီး ဆင်စာစားကျက်မြေမှာ ကြိုးပြင်ကာကွယ်တောအတွင်း၌ ဧက(၇၀၀)ကျယ်ဝန်းကြောင်း သိရသည်။ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

    အပန်းဖြေလည်ပတ်သူများ ခရီးတိုဆင်စီးရင်း တောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသည့် သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ခြင်း၊ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် ဆင်အရိုးစုများ၊ ဆင်နှင့် ပတ်သက်ပြီး စုဆောင်းထားသော ဆင်ပြတိုက်ကိုလည်း ထည့်သွင်းပြီး ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းလည်း မင်းဘူးသစ်ထုတ်ရေးဒေသတာဝန်ခံ ခရိုင်မန်နေဂျာထံ မှလည်း သိရှိရပါသည်။ ဆင်စခန်းကို နံနက်(၀၇:၀၀)မှ ညနေ(၀၆:၀၀)အချိန်အထိ ဖွင့်လှစ်ထား မည်ဖြစ်၍ ဆင်စာများကျွေးခြင်းနှင့် ဆင်များကိုစီး၍ တောတောင်များ၏ရှုခင်းများအား တဝကြီး ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။ ဆင်စခန်းဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ် (၁၀၀၀)နှင့် ခရီးတို ဆင်စီးခ ကျပ်(၅၀၀၀)၊ နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေးကျပ်(၁၀၀၀၀)နှင့် ခရီးတိုဆင်စီးခ ကျပ်(၁၀၀၀၀)၊ ဘန်ဂလိုတည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ကျပ်(၃၀၀၀၀)၊ VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ကျပ်(၅၀၀၀၀) သတ်မှတ်ထားကြောင်းလည်း သိရှိရပါသည်။ ဆင်ချစ်သူများအနေဖြင့် ဆင်စခန်းရောက်ရှိချိန်တွင် ဆင်များစားရန် ဘူးဖေးအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ နနတ်သီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာမြက် စသည်တို့ကို ဝယ်ယူကျွေးမွေးနိုင်ပြီး အဓိကဖြည့်စွက်စာအဖြစ် ဆေး၊ စပါးနှင့် မန်ကျည်းနှစ်များကိုလည်း  လှူတန်းကျွေးမွေးနိုင်ကြောင်း သိရှိရသည်။

   မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင် လူပြည်သူများ၊ ရောင်းချသည့်ဈေးသည်များနှင့် စည်းကားသိုက်မြိုက်နေပြီး ဒေသထွက်ကုန်များဖြစ်သည့် မျှစ်ခြောက်၊ ဝက်မြေဇာဥတို့မှာ အမှတ်တရလက်ဆောင်ပေးရန်အလွန်ကောင်းလှသည့် မန်းရွှေစက်တော်၏ ဘုရားဖူးအပြန်လက်ဆောင်များပင်ဖြစ်ပါသည်။ "တစ်နှစ်တစ်ခေါက် ရောက်ဖူး ချင်သနော် မန်းရွှေစက်တော်" ဆိုသည့်အတိုင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသည့် ရဟန်းရှင်လူပြည်သူများ၏ စိတ်တွင် နှစ်တိုင်းဖူးချင်နေသည်မှာ မလွဲဧကန် ဖြစ်ပေသည်။

     မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာကျင်းပနိုင် ရန်အတွက် မန်းရွှေစက်တော်ဘုရားဩဝါဒစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီးဖြစ်ကာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်(တပို့တွဲလဆန်း ၅ ရက်)နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း၊ ယခင်နှစ်အတိုင်း တည်ခိုဆောင်အလုံးပေါင်း(၈၀၀)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း(၄၀၀)ခန့် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေး၊ ရပ်နီးမှဘုရားဖူးလာရောက်ကြမည့် ဘုရားဖူး ရဟန်းရှင်လူမိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ကြောင်း၊ ဘုရားဖူးလာရောက်ကြသူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် လုံခြုံရေးအစီအမံများကိုလည်း စနစ်တကျစီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မန်းရွှေစက်တော်ရာပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြန်မာလ ဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလမှာ (၆၄)ရက်သာကြာမြင့်မှာဖြစ်ပါကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရှိရပါသည်။

   ထို့အပြင် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပပြုလုပ်နိုင်ရန်အတွက်လည်း မန်းချောင်း ရေလမ်းကြောင်းလွှဲခြင်း၊ တည်းခိုဆောင်နှင့် ဆိုင်ခန်းနေရာများဆောက်လုပ်နိုင်ရေး မြေနေရာ ရှင်းလင်းခြင်း၊ ဘုရားပရဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် ရွှေစက်တော်အဝင်(၃)မိုင်လမ်းတစ်လျှောက် (Flower Box) ပန်းအလှစိုက်ပျိုးခြင်း၊ ရေကျော်တံတားတစ်စင်းတည် ဆောက်ခြင်း၊ လမ်းများပြုပြင်ခြင်း၊ ကတ္တရာလမ်းများခင်းခြင်း၊ ကျောက်ကြီး စီ၍မြေထိန်းနံရံများ တည်ဆောက်ပြုပြင်ခြင်း၊ အောက်စက်တော်ရာဘုံ(၇)ဆင့်နှင့် လင်းနို့တောင် စတီးပန်းဆွဲများကို မြန်မာမှု့ရှေးမူလက်ရာမပြတ်ပြုပြင်ခြင်း၊ အောက်စက်တော်ရာနှင့် အထက စက်တော်ရာ အမိုး၊ မျက်နှာကျက်နှင့် ဘုံအဆင့်တိုင်လုံးများဆေးသုတ်ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာအတက် စောင်းတန်း(၅)သွယ်ပြုပြင်ခြင်းလုပ်ငန်းများကို ဘုရားပွဲတော်ရက် မတိုင်ခင်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရပါသည်။

   အချုပ်အားဖြင့်ဆိုလျှင် မြန်မာနိုင်ငံ၏ ရက်အရှည်ကြာဆုံး သမိုင်းဝင်ဘုရားပွဲတော်ကြီးဖြစ်သည့် မန်းရွှေစက်တော်ဘုရားပွဲအား စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးရန်၊ သဘာဝတောတောင် ရေမြေနှင့် စိမ်းစိုသာယာ လှပသော သဘာဝရှုခင်းအလှများကို ကြည်နူးခံစားနိုင်ရန်နှင့် ဆင်အပန်း ဖြေစခန်းသို့ လာရောက်လည်ပတ်ရန် အတွက် အရောက်လာဖို့ဖိတ်ခေါ်လိုပါသဖြင့် ဖိတ်ခေါ်ပါသနော် မကွေးမန်းရွှေစက်တော် ဘုရားပွဲတော် ဟုရေးသား တင်ပြလိုက်ရပါသည်။

DOCA(မကွေး)