Main menu

ပြည်ပပို့ကုန်( Export) နှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုကို မြှင့်တင်နိုင်စေရန် စံချိန်စံညွှန်းကို အခြေခံ

Powered by Drupal
Wed, 12/27/2023 - 13:28 -- consumer_admin

    နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံခြားငွေကြေး တောင့်တင်းခိုင်မာမှုသည်လည်း အရေးကြီးသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားငွေ တောင့်တင်းခိုင်မာရန် အလေးအနက်ထားပြီး ကြိုးပမ်းဖော် ဆောင်လျက်ရှိသည်။ နိုင်ငံခြားငွေရှိရေးအတွက် ပြည်ပပို့ကုန် (Export) တိုးမြှင့်နိုင်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေရန် နည်းလမ်းတစ်ရပ်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်  ကုန်သွယ်မှုများ ဆောင်ရွက်ရာ၌ တိုက်ရိုက်ငွေပေးချေသည့် စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ အကျိုးဖြစ်ထွန်းမှုရှိကြောင်း တွေ့ရသည်။

    ကုန်သွယ်မှုတွင်လည်း  တစ်ဖက်မှ Border Trade ကို ဆောင်ရွက်လျက်ရှိသလို Normal Trade ကို တိုးတက်ရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံသားအားလုံးအတွက် လူနေမှုဘဝ အရည်အသွေးတိုးတက်စေရန် ရည်ရွယ်၍ စံချိန်စံညွှန်းရေးဆွဲခြင်းကဏ္ဍတွင် ဦးဆောင်မှု ပေးနိုင်ရန်အတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ စံချိန်စံညွှန်းကဏ္ဍကို မြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများကို အထောက်အပံ့ပေးရေး၊  စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု၊ အရည်အသွေးနှင့်စျေးကွက်ရရှိမှုကို တိုးတက်စေ‌ရေးအတွက် အထောက်အပံ့ပေးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုကို မြှင့်တင်ခြင်းဖြင့် စားသုံးသူများ၏ အကျိုးစီးပွားကို အကာအကွယ်‌ အထောက်အပံ့ပေးရေး၊  နိုင်ငံတော်၏ဝင်ငွေနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကုန်ထုတ်လုပ်မှုနှင့်  ပြည်ပပို့ကုန်မြှင့်တင်နိုင်‌ရေးအတွက် အထောက်အပံ့ပေးရေးကို များစွာ အထောက်အကူပြုစေသည်။

     ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့်လူနေမှုဘဝ ဖွံဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော မြန်မာစံချိန်စံညွှန်းချမှတ်နိုင်ရန်၊  ထိုမြန်မာ စံချိန်စံညွှန်းများအား ထိန်းသိမ်းရန်နှင့်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လုပ်ငန်းစဉ်များ အားလုံးတွင် အသုံးပြုမှုတိုးမြှင့်ရန်တို့အတွက် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် စက်မှုလုပ်ငန်းကဏ္ဍနှင့် အခြားအသင်းအဖွဲ့များသို့ စံချိန်စံညွှန်းဆိုင်ရာ နယ်ပယ်တွင်အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အတားအဆီးများနှင့် သက်ဆိုင်သော အမျိုးသားအဆင့်စုံစမ်းရေးဌာနအနေဖြင့် ဆောင်ရွက်ခြင်းနှင့် မြန်မာစံချိန်စံညွှန်းများ စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ရေးအတွက် အချက်အလက်များ စုဆောင်းခြင်းနှင့် သုတေသနလုပ်ငန်းများ ပြုလုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

     စံချိန်စံညွှန်းဆိုသည်မှာ နယ်ပယ်တစ်ခုတွင်ရှိသော သက်ဆိုင်ရာ ကဏ္ဍတစ်ခု၌ အနိမ့်ဆုံး သတ်မှတ်ချက် ပြည့်မီစေရန် ရည်ရွယ်၍ စံချိန်စံညွှန်းဆိုင်ရာ သက်ဆိုင်သည့် လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများက အများသဘောတူညီချက်ကို အခြေခံ၍ ပြုစုရေးဆွဲ အတည် ပြုထားသည့် ယေဘုယျနှင့် အကြိမ်ကြိမ် အသုံးချနိုင်သော  စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များ၊ ဆောင်ရွက်မှု သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အကျိုးဆက်များကို ဖွင့်ဆိုရှင်းပြသည့် သတ်မှတ်ချက်များကိုဆိုသည်။

    စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်မည့်ကိစ္စတစ်ခုတွင် ထုတ်လုပ်သူများနှင့် စားသုံးသူများ၏ အကျိုးအတွက် လက်တွေ့အသုံးဝင်မှုအခြေအနေနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး စီးပွားရေးတိုး တက်မြင့်မားစေရန် သက်ဆိုင်ရာကျွမ်းကျင်သူများ စုပေါင်းပါဝင်၍ စံချိန်စံညွှန်းရေးဆွဲ သတ်မှတ်သည့် ဆောင်ရွက်မှု လုပ်ငန်းများကို ဆိုလိုသည်။

     မြန်မာနိုင်ငံစံချိန်စံညွှန်းဆိုသည်မှာ အမျိုးသားစံချိန်စံညွှန်းကောင်စီက သတ်မှတ်သော အမျိုးသားစံချိန်စံညွှန်းကို ဆိုလိုသည်။ ပြည်ပနိုင်ငံ စံချိန်စံညွှန်းဆိုသည်မှာ ပြည်ပနိုင်ငံ တစ်ခုခုတွင် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းက သတ်မှတ်သော ယင်းနိုင်ငံ၏ အမျိုးသားစံချိန်စံညွှန်းကို ဆိုသည်။

    စံချိန်စံညွှန်းသတ်မှတ်ခြင်းကို အောက်ပါအချက် (၇) ချက်ဖြင့်ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ -

(က)   ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ယင်းတို့၏ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေးကိုမြင့်မားစေပြီး ပြည်ပပို့ကုန်မြှင့်တင်နိုင်သော စံချိန်စံညွှန်းများကို ဦးစားပေးနယ်ပယ် အလိုက်ဖော်ထုတ် ချမှတ်သွားရန်၊

(ခ)     အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အထောက်အကူပြုသော စံချိန်စံညွှန်းများ ဖော်ထုတ်ချမှတ်နိုင်ရန်၊

(ဂ)     ပြည်သူများ၏  ကျန်းမာရေး၊   အစားအသောက်ဘေးကင်းလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးတို့အတွက် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများ သတ်မှတ်ရန်၊

(ဃ)  ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အရည်အသွေး ကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ၏ စမ်းသပ်ခြင်းရလဒ်များ၊ စစ်ဆေးခြင်း အစီရင်ခံစာများ၊ ထောက်ခံချက်လက်မှတ်များအား နိုင်ငံတကာမှ လက်ခံစေရန်အတွက် အသိအမှတ်ပြုခြင်း ဝန်ဆောင်မှုပေးနိုင်ရန်၊

(င)    အမျိုးသားအဆင့်တိကျစွာတိုင်းတာရေးမူရင်းစံများကို ထိန်းသိမ်း၍ အပြည်ပြည်ဆိုင်ရာယူနစ်များနှင့် ကွင်းဆက်မပြတ် စံဖြင့်တိုက်ကြည့်ခြင်းဆိုင်ရာ တိုင်းတာမှုများကို ဆောင်ရွက်ရန်၊

(စ)     စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဓါတ်ခွဲခန်းများနှင့် အခြားသော တိုင်းတာရေးကိရိယာ အသုံးပြုသူများအတွက် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဝန်ဆောင်မှုပေးနိုင်ရန်၊

(ဆ)    ဥပဒေအရတိကျစွာ တိုင်းတာခြင်းနည်းပညာဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများ၏ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများတွင် အသုံးပြုသောတိုင်းတာရေး စံကိရိယာများကို ကွင်းဆက်မပြတ် စံဖြင့်တိုက်ကြည့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်တို့ဖြစ်သည်။

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လူသုံးကုန်ပစ္စည်း၏ ထုတ်ကုန်ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်။( အစားအစာ ၊ ဆေးဝါး၊ အလှကုန်၊ ဆေးဖက်ဆိုင်ရာကိရိယာ၊ အိမ်တွင်း ထုတ်ကုန်) စက်မှုပစ္စည်းများ၏ ထုတ်ကုန်ဘေးကင်းလုံခြုံစိတ်ချမှုများအတွက် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများ၏ စံချိန်စံညွှန်းများ ကြီးကြပ်ရေး၊ အပင်ပိုးမွှားကာကွယ်ရေးနှင့် သွင်းကုန်ပစ္စည်းများအတွက် ထောက်ခံချက်လက်မှတ် နိုင်ငံတော်အဆင့်မီ စီမံခန့်ခွဲမှု၊ နိုင်ငံတကာ အပင်ပိုးမွှားကာကွယ်မှုအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု( လှည်းကူး) Commodity Testing and Quality Management Center မှ စားသုံးသူများ လုံခြုံစိတ်ချရမှုအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

   တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများသည် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်ဘေးကင်းလုံခြုံမှုနှင့် မိမိ၏ ထုတ်ကုန်ဘေးကင်းစေရန်အတွက် တာဝန်ယူမှုကို အပြည့်အဝ သတိပြုမိရေး ပညာပေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ချမှတ်ထားသော စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းအတိုင်း လိုက်နာရန်လည်း ဆောင်ရွက်လျက်ပေးလျက်ရှိသည်။ ပြည်ပပို့ကုန် (Export) တိုးမြှင့်နိုင်ရန် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုကို    မြှင့်တင်နိုင်စေရန်အတွက် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း အသီးသီးတို့သည် ထုတ်ကုန်ဘေးကင်းလုံခြုံမှုနှင့် ထုတ်ကုန်တာဝန်ယူမှု အစီအမံများနှင့် စံချိန်စံညွှန်း၏အခြေခံအချက်များဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း  ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)