Main menu

မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ

Powered by Drupal
Wed, 12/13/2023 - 13:55 -- consumer_admin

   မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီကာလတည်းက အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားသည့်နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ကျော် စုစည်းနေထိုင်ကြကာ တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားသော ယဉ်ကျေးမှုများဓလေ့ထုံးစံများ အမြဲရှင်သန်တည်ရှိနေသော  နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ ယဉ်ကျေးမှုဆိုသည် “The Way Of Life” လူသား တစ်ဦး (သို့မဟုတ်) လူသားမျိုးနွယ်တို့၏ မွေးဖွားသည်မှ သေဆုံးသည်အထိ ကာလစပ်ကြား၌ ရင်ဆိုင်ကြုံတွေ့ ထိတွေ့ ဆက်ဆံရသော အရာအားလုံးဖြစ်သည်ဟူ၍ ခြုံငုံသုံးသပ်အဓိပ္ပာယ် ဖွင့်ဆိုထားသည်ကို တွေ့နိုင်သည်။     

    တိုင်းပြည်တစ်ပြည်၏ “ယဉ်ကျေးမှု”ကို ပြောဆိုဖော်ညွှန်းမည်ဆိုပါက စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ( Intangible Culture) နှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (Tangible Culture) ဟူ၍ နယ်ပယ်နှစ်ခုကို ခွဲခြား ဖော်ထုတ်ရမည် ဖြစ်သည်။ ဤသည်ကို တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ( Intangible Culture Heritage) နှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Culture Heritage) ဟူ၍လည်း ခေါ်ဆိုကြသည်။ ဒြပ်မဲ့ယဉ်ကျေးမှုဟူသည် လူသားတို့ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ လက်မှုပညာနှင့် အနုသုခမပညာ စသည်တို့ ပေါင်းခြုံထားခြင်းပင် ဖြစ်သည်။ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်တွင်မူ လူသား တို့ပြုလုပ်သုံးစွဲခဲ့သော ကိုင်တွယ်၍ရသော ပစ္စည်းများဖြစ်သည့် ‌ရှေးဟောင်း ကျောက်လက်နက်ကိရိ ယာများ ၊နေအိမ်၊ အဆောက်အဦ၊ အသုံးအဆောင်ပစ္စည်းများ၊ တူရိယာပစ္စည်း စသည်များ ဖြစ်သည်။

    လူနေမူအဆင့်အတန်း တိုးတက်မြင့်မားလာခြင်းသည် ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်မြင့်မား လာခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။ ဘာသာရေးအယူဝါဒများ၊ ဓလေ့ထုံးစံများ၏ အဆုံးအမနှင့် လမ်းညွှန်မှု အောက်တွင် ကိုယ်အမူအရာနှင့် စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့ခြင်း၊ စာနာထောက်ထားခြင်း၊ ခေတ်မီ တိုးတက်သည့် ယဉ်ကျေးသော လူအဖွဲ့အစည်းများထူထောင်ခြင်း၊ ခေတ်ကာလအလျှောက် ထွန်းလင်းလာ သော ယဉ်ကျေးမှုအနုပညာများကို ခံစားနားလည်ခြင်း၊ မြတ်နိုးတန်ဖိုးထားခြင်း၊ အဆိုပါ အစဉ်အလာ ကောင်းများ ဓလေ့ထုံးတမ်းများကို ပိုးမွေးသကဲ့သို့ မွေးမြူုး၍ တည်တံ့‌အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်ခြင်းများသည်ပင် ယဉ်ကျေးမှု၏ အနှစ်သာရပင်ဖြစ်သည်။

    မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီဖြစ်တည်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များမှာ ယနေ့ထိတိုင် နိုင်ငံတစ်ဝန်းတွင် ထင်ရှားကျော်ကြားဆဲ ဖြစ်သည်။ အစောဆုံးမြို့ပြ ထွန်းကားခဲ့သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်း သုံးမြို့ကို(၂၀၁၄)ခုနှစ်တွင် ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပြီး နှစ်ပေါင်းထောင်ကျော် ရှေးဟောင်းဗိသုကာလက်ရာများ တစ်စုတစ်တည်း တည်ရှိနေသည့်  ပုဂံရှေ့ဟောင်းယဉ်ကျေးမှုဒေသသည်လည်း (၂၀၁၉) ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ထိုက်တန်စွာ ရရှိခဲ့ပြီးဖြစ်ကြောင်း  သိရသည်။ ယူနက်စကို၏   ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်လာ ခြင်းဖြင့် မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များ  ပေါများရာနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွား နိုင်ပါသည်။

  ပုဂံသည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၌ တည်ရှိပြီး စေတီပုထိုးများ၊ သမိုင်းဝင်အမွေအနှစ်များစွာတည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ ပုဂံသည် ပထမမြန်မာနိုင်ငံတော်အဖြစ် စတင်ထူထောင်ခဲ့သည့် ပုဂံခေတ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ အကြီးအမားဆုံး အင်ပါယာတစ်ခုဖြစ်ခဲ့ပြီး အခြားဒေသများနှင့် စီးပွားရေး၊ လူမူရေးနိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့ဖလှယ်ရာ အဓိကဒေသတစ်ခု ဖြစ်ပါသည်။ ပုဂံသည်ကမ္ဘာ့အမွေအနှစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ကျော်က ‌ရှေးဟောင်းအဆောက်အအုံ များကို တစ်စုတစ်ဝေးတည်း တစ်နေရာတည်းမှာ တွေ့မြင်နိုင်၍  တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့နှလုံးသား အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်စားသော ယဉ်ကျေးမှုနယ်မြေ တစ်ခုလည်း ဖြစ်ပါသည်။

     မြန်မာတို့၏ ယဉ်ကျေးမှု မြင့်မားခြင်းကို ပြောပြရမည်ဆိုလျှင် ရှေးဟောင်းမြို့ပြနိုင်ငံဖြစ်သော ပျုခေတ်မှသည် ယနေ့တိုင်ခိုင်ခိုင်မာမာ‌ တွေ့ရှိနိုင်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုရှိသည့် အတွက် ဗုဒ္ဓစာပေနှင့် ဆက်နွှယ်သော စာပေဆိုင်ရာ ယဉ်ကျေးမှု၊ အနုသုခုမဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာရေးအသိတရားဆိုင်ရာ ယဉ်ကျေးမှုတို့သည် ရှေးအစဉ်အဆက်က လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သည်။ အနုသုခမဆိုင်ရာ ယဉ်ကျေးမှုတွင် မြန်မာတို့၏ အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ ပန်းပုပညာရပ်များ ပါဝင်သည်။ အကသည် မြန်မာ့ယဉ်ကျေးမှု၏ ကိုယ်ပိုင်အစိတ်အပိုင်း တစ်ခုအဖြစ် အစဉ်အမြဲပါဝင်လျက်ရှိသည်။ ခန္ဓာကိုယ်၏ လှုပ်ရှားမှု၊ စည်းချက်နှင့်အညီလှုပ်ရှားပြီး ကိုယ်နေဟန်ထားများသည် မြန်မာ့ရိုးရာ အကအလှများ၏ ထူးခြားသော အသွင်အပြင်များ ဖြစ်ပါသည်။ ထိုပညာရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ် နေသည်။ ယနေ့မြင်တွေ့နေရသော ဇာတ်သဘင်သည် ပျုခေတ်ကတည်းက ထွန်းကားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

  မြန်မာနိုင်ငံသည် ယဉ်‌ကျေးမှု အဆင့်အတန်းမြင့်မားသော နိုင်ငံဖြစ်သည်။ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုအစဉ်အလာများ ရှေးအစဉ်အဆက်မှ ယနေ့ ထက်တိုင် ဖြစ်ထွန်းနေသည်။ ခေတ်ကာလများ မည်သို့ပင်ရွေ့လျားလာသော်လည်း မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာများမှာ မှေးမှိန်သွားခြင်း မရှိပေ။ ဤသည်မှာ ကမ္ဘာပေါ်ရှိနိုင်ငံတစ်နိုင်ငံ၏ ထူးခြားသော ဂုဏ်ဒြပ်ပင်ဖြစ်ပြီး တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ ထင်ရှားခိုင်မာစွာ တည်ရှိလျက်ရှိသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ထုံးတမ်းစဉ်လာဓလေ့များနှင့် မြန်မာမှု၊ မြန်မာ့ဟန် စစ်များကို ရှေးမြန်မာ ဘိုးဘေးဘီဘင် အဆက်ဆက် လက်ထက်က ဖန်တီးပုံဖော် လာခဲ့ကြသည့် အနုသုခုမပညာရပ်များကို ယင်းကာလမှစ၍ ခေတ်အဆက် ဆက်မှ ယနေ့ထက်တိုင်အောင် ထိန်းသိမ်းလာခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း စုဆောင်းရေးသား တင်ပြလိုက်ရပါသည်။

DOCA(ကရင်)