Main menu

လယ်ယာမြေကို တန်ဖိုးမြင့်မားအောင်ပြုပြင်ပေးမှ လယ်ယာမြေဥပဒေကပေးသော အကျိုး ခံစားခွင့်အပြည့်အဝရရှိနိုင်မည်

Powered by Drupal
Mon, 12/11/2023 - 13:40 -- consumer_admin

     လယ်သမားအကျိုးကိုရှေးရှု၍ နိုင်ငံ​တော်က လယ်ယာ​မြေဥပ​ဒေနဲ့လယ်ယာ​မြေနည်းဥပ​ဒေကို ပြဋ္ဌာန်း​ပေးခဲ့ပါသည်။ လယ်ယာ​မြေဥပ​ဒေ (၃) ပုဒ်မ (၉)၊ ပုဒ်မခွဲ (ခ)မှာ လယ်ယာ​မြေကို အားလုံးဖြစ်​စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်​စေ လုပ်ပိုင်ခွင့်အား သတ်မှတ်​ပေးထား​သောစည်းကမ်းချက်များနှင့်အညီ ​ရောင်းချခွင့်၊​ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့်​ပေးကမ်းခွင့်ရှိသည်ဟုဆိုထားပါသည်။

     လယ်ယာ​မြေနည်းဥပ​ဒေ အခန်း(၅)၊ ပုဒ်မ(၄၈)၊ ပုဒ်မခွဲ(က)အရ လယ်ယာ​မြေလုပ်ပိုင်ခွင့်ရရှိသူသည် ယင်းလယ်ယာ​မြေ​ပေါ်၌ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အရင်းအနှီးရရှိ​ရေးအတွက်သာ ​ပေါင်နှံရမည်ဟူ၍လည်း​ကောင်း၊ ပုဒ်မခွဲ(စ)​ပေါင်နှံသူသည် ​ပေါင်နှံသည့်ကာလများအတွင်း ယင်းလယ်ယာ​မြေတွင် ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိသည်ဟူ၍လည်း​ကောင်း ​ဖော်ပြထားပါသည်။ လယ်ယာ​မြေဥပ​ဒေနှင့်နည်းပညာ​တွေကို ​တောင်သူလယ်သမားများအ​နေနဲ့ ဥပ​ဒေပါအကျိုးခံစားခွင့်များကို အပြည့်အဝရရှိ​ရေးအတွက် နိုင်ငံ​တော်က လယ်ယာ​မြေ​တွေ တန်ဖိုးတက်​အောင်​ဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းထားပါသည်။

    လယ်​မြေ​ကောင်းတစ်ခုရဲ့ အရည်အချင်းဟာ ရူပဂုဏ်သတ္တိနဲ့ပြည့်စုံရမယ်။ ဓာတုဂုဏ်သတ္တိနဲ့လည်းပြည့်ဝရမယ်။ အ​ရေးအကြီးဆုံးက​တော့ ဇီဝဂုဏ်သတ္တိ​တွေလည်းအလျှံအပယ်ရှိဖို့ လိုပါတယ်။ ရူပဂုဏ်သတ္တိနဲ့ပြည့်ဖို့က​တော့ လယ်ယာ​မြေဟာ ဇကကွက်၊ ဟတ်တာကွက်ကြီး​တွေဖြစ်ဖို့လိုတယ်။ ​ရေလွယ်လွယ်သွင်းနိုင်ဖို့ ​ရေသွင်း​မြောင်းရှိဖို့လိုအပ်ပါတယ်။​ရေလွယ်လွယ်ထုတ်နိုင်ဖို့အတွက် ​ရေနုတ်​မြောင်းရှိဖို့လိုအပ်ပါတယ်။ ထွက်ရှိလာ​သောသီးနှံ​တွေကို အပြင်သို့လွယ်လွယ်နဲ့ထုတ်ယူနိုင်ဖို့အတွက် ရာသီမ​ရွေးသွားလာနိုင်ဖို့ ကုန်ထုတ်လမ်း​ဖောက်ဖို့လိုပါတယ်။ လယ်ယာ​မြေဟာမျက်နှာပြင်ညီရမယ်။ ထရံ​ထောင့်ပုံ၊ ဒယ်အိုးပုံ၊ လိပ်ခုံးပုံ စသည့်မညီမညာမဖြစ်​စေရပါ။ လယ်ယာ​မြေကန်သင်းထူပြီး ​ရေလုံ​နေ​အောင် ပြုပြင်ထားဖို့လိုပါတယ်။ သဲဆန်​မြေ၊ ဂဝံကျပ်တည်းကုန်း​မြေ၊ ​ရေဝပ်ဒုံ​ပေါက်​မြေ၊ ​ရေငန်ဝင်၊ ဆား​ပေါက်​မြေမဖြစ်​စေရပါဘူး။

     လယ်ယာ​မြေဂုဏ်သတ္တိနဲ့ပြည့်ဝ​နေဖို့ဆိုရင် သစ်ပင်သီးနှံအတွက် လိုအပ်တဲ့အာဟာရဓာတ် (၁၆)မျိုး အလုံအ​လောက်ရှိရမယ်။ ​မြေဆီသြဇာထက်သန်​နေ​အောင် ပြုပြင်ဖို့လိုအပ်ပါသည်။ လယ်ယာ​မြေဟာ အနည်းဆုံး ​မြေ​ဆွေးဓာတ် ၁ဒသမ၅ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းထိရှိ​နေဖိုလိုအပ်ပါတယ်။ လယ်ယာ​မြေဓာတ်ဂုဏ်သတ္တိနဲ့ပြည်စုံပြီး​ မြေဆီသြဇာထက်သန်​နေဖို့ သဘာဝ​မြေ​ဆွေး​တွေများများထည့်ပြီ ပြုပြင်ဖို့လိုအပ်ပါတယ်။ သဘာဝ​မြေသြဇာ​တွေအ​နေနဲ့ နွား​​ချေး၊ ကြက်​ချေး၊ တိရစ္ဆာန်အညစ်အ​ကြေး၊ ​မြေ​ဆွေး၊​ ကောက်ရိုး၊ ပဲဖက်၊ နှမ်းဖက်၊ ရိုးပြတ်၊​ ပြောင်းရိုး၊ ​ပြောင်း​မှော်၊ ပဲ​မှော်၊ ​ကောက်​မှော်၊ သီးနှံအ​မှော်အမှိုက်၊ လ​ချေး​ကျောက်မှုန့်၊ ထုံးမှုန့်ပဲမျိုးစုံနှင့် သစ်စိမ်း​မြေသြဇာညံ့၊ ​ဘောစကိုင်း၊ ကုက္ကိုပင်၊ အရွက်များ၊ မြစ်​ချောင်းအင်းအိုင်များမှရ​သောနုန်းများ၊ ​ရေ​ကျောက်ခက်များ စသည်တို့သည် လွယ်ကူရိုးရှင်းစွာရရှိအသုံးပြုနိုင်​သော ​မြေ​ဆွေးအ​ခြေခံပစ္စည်းများဖြစ်ပါသည်။ ​ကောင်းစွာ​ဆွေးမြည့်​နေတဲ့နွား​ချေးမှာ နိုက်ထရိုဂျင် ၁ဒသမ၄ရာခိုင်နှုန်း၊​ ဖောစဖိတ် ၂ဒသမ၆ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၀ဒသမ၂ရာခိုင်နှုန်း၊ ဆာလ်ဖာ ၁ဒသမ၆ရာခိုင်နှုန်းပါဝင်တာ​တွေ့ရပါတယ်။ ကြက်​ချေးမှာဆိုရင် နိုက်ထရိုဂျင် ၃ဒသမ၄ရာခိုင်နှုန်း၊ ​ဖော့စဖိတ် ၆ဒသမ၂၇ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ဒသမ၀၈ရာခိုင်နှုန်းပါဝင်တာ​တွေ့ရပါတယ်။ လယ်ယာ​မြေ​တွေမှာ နွား​ချေးနဲ့ကြက်​ချေးကို အလုံအ​လောက်ထည့်​ပေးရင်​တောင်မှ အပင်ကလိုအပ်တဲ့အာဟာရ (၁၆)မျိုးပြည့်ပြည့်စုံစုံရရှိနိုင်တယ်ဆိုတာကို သတိမူကြဖို့လိုပါတယ်။ ပိုက်ဆံ​လျှော်ပင်မှာ နိုက်ထရိုဂျင် ၂ဒသမ၆ရာခိုင်နှုန်း၊​ ဖော့ဖရပ် သုညဒသမ၄၀ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁ဒသမ၉၁ရာခိုင်နှုန်း​၊ ​မြေ​ဆွေးဓာတ် ၅၆ရာခိုင်နှုန်းပါဝင်တဲ့အတွက် တစ်ဧကလျှင် ပိုက်ဆံ​လျှော်အရွက် ၇တန်(ယူရီးယာ ၁၈၆​ပေါင်နှင့်ညီမျှ)ထည့်​ပေးရင် သီးထပ်လို့ရှိရင် စပါးးတစ်ဧက ၁၀၄တင်းထွက်ရှိ​ကြောင်း ​ရေးဆင်းစိုက်ပျိုး​ရေး   သု​တေသနမှတ်တမ်းမှ တွေ့ရှိရပါတယ်။ နိုင်ငံ​တော်က လယ်ယာ​မြေ​တွေကို တန်ဖိုးရှိ​အောင်​ဆောင်ရွက်​သော်လည်း (၂၀၁၉-၂၀၂၀) ခုနှစ်​နောက်ပိုင်းတွင် ယင်းလယ်ယာ​မြေများကို စီးပွား​ရေးသမားများက ​စျေး​ကောင်း​ပေးဝယ်ယူကြပြီး ထိုလယ်ယာ​မြေများကို အခြားနည်းအသုံးပြုခွင့်(လန/၃၉) ​လျှောက်ပြီး ​မြေကွက်များရိုက်၍ အကွက်​ဖော်ထုတ်​နေ​သော​ကြောင့် ပြည်နယ်နှင့်တိုင်း​ဒေသများရှိ လယ်ယာ​မြေများမှာ ​မြေရိုင်းများသာကျန်ရှိပြီး စိုက်ပျိုး​မြေများမှာ အိမ်ကွက်များအဖြစ်သို့ ​ပြောင်းလဲသွားပါတယ်။ လယ်ပိုင်ရှင်များမှာလည်း လယ်စိုက်ရာသီ၊ ရိတ်သိမ်းရာသီတို့ဆိုလျှင် အလုပ်သမားရှားပါးမှု၊ ​လုပ်သားစျေးနှုန်းမြင့်မား​နေမှုတို့​ကြောင့် စိတ်ပါဝင်စားမှုများလည်းမရှိ​ခြင်း၊ မိသားစုဝင်များမှာ တစ်ဖက်နိုင်ငံတို့သွား​ရောက်၍ လုပ်ကိုင်​နေထိုင်ကြ​သော​ကြောင့် မွန်ပြည်နယ်အတွင်းရှိ ​ကျေးရွာအများစုတွင် သက်ကြီးပိုင်းနှင့် သက်ငယ်ပိုင်း​လောက်သာ​ရှိ​နေ​သော​ကြောင့် လယ်​ယာ​မြေများအား စျေး​ကောင်းကောင်းဖြင့် ​ရောင်းချ​နေကြ​ခြင်းဖြစ်ပါသည်။ ယခုချိန်မှသာ လယ်ယာ​မြေများကို အခြားအသုံးပြုမှုများမရှိ​အောင် နိုင်ငံ​တော်က စိစစ်ကြပ်မတ်လိုက်​​သော​ကြောင့် စီးပွား​ရေးသမားများ ငြိမ်သက်စပြုလာသည်ကိုသတိပြုမိလာပါသည်။

    နိဂုံးချုပ်အ​နေဖြင့် မြင်​တွေ့မိတာကို ပြောရမည်ဆိုလျှင် လယ်ယာ​မြေများကို စိုက်ပျိုးမှုရိတ်သိမ်းမှုများအတွက် ကုန်ကျစရိတ်များကို မည်သို့မည်ပုံသက်သာမည်ကို ပညာရှင်များနဲ့ ​ရေးဆွဲတိုင်ပင်ပြုလုပ်​ပေးပါနိုင်ပါက နိုင်ငံ​တော်အတွက်​ရော ​တောင်သူ​တွေအတွက်ပါအကျိုးရှိပြီး လယ်​​မြေများလည်းဆုံးရှုံးမှုမဖြစ်​ပေါ်​စေဘဲ စိုက်ပျိုး​ရေးနိုင်ငံအဖြစ်သတ်မှတ်သည့်အတိုင်း အမှန်အကန်ဖြစ်​​ပေါ်နိုင်သည်ဟု ​​ရေးသားလိုက်ရပါသည်။

DOCA(မွန်)