Main menu

ကညွတ်အကြောင်း သိကောင်းစရာ

Powered by Drupal
Wed, 12/06/2023 - 14:28 -- consumer_admin

    ကညွတ်ကို ယခုခေတ်နောက်ပိုင်းတွင် မြန်မာပြည်၌ တွင်ကျယ်စွာစားသုံးလာကြပါတယ်။ အရသာကောင်းမွန်တဲ့အပြင် ကျန်းမာရေးအတွက်ပါကောင်းမွန်တာကြောင့် တန်းဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်လာပါတယ်။ ကညွတ်ကို ကညို့၊ ကြံညွတ် စသည်ဖြင့်လည်း ခေါ်ဝေါ်ကြပါတယ်၊ မြန်မာပြည်တွင် ကညွတ်နွယ်ဝင်အမျိုးအစား(၆)မျိုးခန့်နှင့် ကညွတ်အမည်ဆင်တူအပင်မျိုး (၄)မျိုးခန့်ရှိပါတယ်။ ရုက္ခဗေဒမှာ ယခင်က ကညွတ်ဟာ ကြက်သွန်မျိုးနွယ်များကဲ့သို့ နှင်းပန်းမျိုးရင်းထဲတွင် ပါဝင်ခဲ့သော်လည်း ယခုတွင်မူ ကြက်သွန်မျိုးရင်း Amaryllidacea ဟု ခွဲထွက်သတ်မှတ်လိုက်သကဲ့သို့ ကညွတ်မျိုးရင်းကိုလည်း Asparagaceae အဖြစ် ခွဲထုတ်သတ်မှတ်ခဲ့ပါတယ်။ ကညွတ်မူရင်းတွေ့ရှိရာဒေသများမှာ အမေရိက၊ ဥရောပ၊ မြောက်အာဖရိကနဲ့ အာရှအနောက်ဒေသများပဲဖြစ်ပါတယ်၊ ကညွတ်ကို လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ကျော်တည်းက လူတွေဆေးအဖြစ်မှီဝဲရာမှ အစားအစာဟင်းလျာအဖြစ် ယနေ့တိုင်စားသုံးလာခဲ့ကြပါတယ်။

    ကညွတ်ပင်ဟာ ပင်ပျော့ချုံပင်တစ်မျိုးဖြစ်ပါတယ်။ အပင်ခြေတွင် မြောက်မြားစွာဥများမျှင်တန်းကာ ပျံ့နှံ့ပေါက်ရောက်ကြပြီး တစ်နှစ်တစ်ကြိမ်အပင်တက်ထွက်ကာ ပန်းပွင့်/အသီးသီး ပြီးပါက မြေပေါ်ရှိအပင်ဟာ ခြောက်သွားပါတယ်။ ဥတွေကတော့ နောက်နှစ်မှာ အတက်ပြန်ထွက်လာမယ့် မျိုးအဖြစ်ရှိနေခဲ့ပါတယ်။ အပင်အမြင့်မှာ (၅)ပေခန့်ရှိပြီး အရွက်မှာ အပ်ပုံစံ အစိမ်းရောင်ဖြစ်ပြီး သက်တမ်းရင့်လျှင် အဝါရောင်သို့ပြောင်းသွားပါတယ်။ ပင်စည်က မာဆတ်တဲ့သဘောရှိပြီး အကိုင်းအခက်များစွာဖြာလျက်ရှိပါတယ်။ အပွင့်မှာ အလွန်သေးငယ်ပြီး ခေါင်းလောင်းပုံရှိကာ စိမ်းဝါရောင်ရောလျက်ရှိတဲ့ အဖြူလေးတွေဖြစ်ပြီး ကိုင်းအဆက်နဲ့ အရွက်အဆက်ကားများကနေ ပွင့်ကြပါတယ်။ အသီးမှာ လုံးဝန်းပြီး နုစဉ်အစိမ်းရောင်ဖြစ်ပြီး မှည့်လျှင် အနီရောင်ပြောင်းသွားပါတယ်။ အစေ့များမှာ အလွန်သေးငယ်ပြီး အသီးတစ်လုံးတွင် အစေ့(၂)စေ့မှ (၄/၅)စေ့ထိပါရှိတတ်ပါတယ်။

     ကညွတ်ဟာ ကယ်လိုရီနည်းပြီး ရေဓာတ်(၉၃.၅%)၊ အသားဓာတ်(၁.၉%)၊ အဆီဓာတ် (၀.၁၆%)၊ ကာဗိုဟိုက်ဒရိုက်(၂.၀၄%)၊ အမျှင်ဓာတ်(၁.၃၁%)၊ နိုက်ထရိုဂျင်ဓာတ်(၀.၃၁%)ပါဝင်ပါတယ်၊ ကညွတ်တွင် ဓာတ်တိုးဆန့်ကျင်(Antioxidants)များ ပါဝင်တာကြောင့် ကင်ဆာရောဂါကာကွယ်ခြင်း၊ အရွယ်တင်ခြင်း၊ အဆိပ်အတောက်များဖယ်ရှားပေးခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေပါတယ်။ ထို့ပြင် ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါ၊ နှလုံးကျန်းမာရေးတို့အတွက်လည်း အကျိုးပြုခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးလမ်းကြောင်းရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့အတွက် သင့်လျော်ပါတယ်။ အမျိုးသမီးများ ဟော်မုန်းမညီညွတ်ခြင်း၊ ကျောက်ကပ်နဲ့ သည်းခြေတို့မှာ ကျောက်တည်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်း၌ လေပွခြင်း၊ နာတာရှည်အဆုတ်တီဘီကဲ့သို့သော မြစ်ခြောက်နာ၊ ကိုယ်ခံအားနဲရောဂါ၊ အရည်ဝမ်းလျှောခြင်း၊ အာရုံကြောနာကျင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ လေးဘက်နာရောဂါ၊ စိတ်ဓာတ်ကျခြင်းများအတွက် စားသုံးနိုင်ပါတယ်။ တချို့ကလည်း ကညွတ်ကို အနာစိမ်း၊ အနာခြောက်၊ တင်းတိတ်တို့တွင်လည်း ပွတ်လိမ်းပေးကြတယ်လို့သိရပါတယ်။

     ကညွတ်တွင် ကောင်းကျိုးများရှိသလို ဆိုးကျိူးများလည်းရှိတတ်ပါတယ်။ ကညွတ်တွင်ပါဝင်တဲ့ ကာဘောက်စီလစ်အက်ဆစ်ဓာတ်ပေါင်းကြောင့် ဆီးအနံ့ပြောင်းခြင်း၊ ဓာတ်မတဲ့တဲ့သူများမှာ ခြေဖျား၊ လက်ဖျားများရောင်ရမ်းခြင်း၊ ကိုယ်ဝန်သည်နဲ့ နို့တိုက်မိခင်များအနေနဲ့ ကိုယ်ဝန်ကိုထိန်စေတတ်ခြင်း၊ ဟော်မုန်းကို ထိန်စေတတ်ခြင်းတို့ကြောင့် အစားအစာပမာဏအနေဖြင့်သာ စားသုံးသင့်ပါတယ်။ ကညွတ်ဟာ‌ သွေးထဲမှာ ယူရစ်အက်ဆစ်ကို ထုတ်ပေးတတ်တာကြောင့် အရိုးအဆစ်ရောင်ရမ်းနာတစ်မျိုးဖြစ်တဲ့ ဂေါက်ရောဂါအခံရှိသူများအနေဖြင့် ချင့်ချိန်စားသုံးသင့်ပါတယ်။ ကညွတ်သီးသန့်နဲ့ထုတ်တဲ့ဆေးဝါးများကိုလည်း အမြစ်မှုန့်ဆို (၃)ဂရမ်ကနေ (၅)ဂရမ်ထိသည် အသင့်လျော်ဆုံးဖြစ်ပါတယ်။

     ကညွတ်မှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ရာသီအလိုက်ပေါ်သည့်အပြင် အရသာထူးသော ဟင်းသီးဟင်းရွက်ဖြစ်သည့် ကညွတ်ကို လူများက အမြတ်တနိုးဝယ်ယူစားသုံးကြပါတယ်။ မြန်မာနိုင်ငံတွင် မိုဦးကျစလများ၌ ကညွတ်များကို ဈေးထဲ၌ရောင်းချကြပါတယ်။ ရောမဘုရင်ကြီးများကြီးစိုးသည့် ခေတ်မှစ၍ ကညွတ်ကို အစာကောင်းတစ်ခုအဖြစ် စိုက်ပျိုးခဲ့ကြပါတယ်။ ကညွတ်မှာ နှစ်ကြာခံပင်မျိုးဖြစ်ရာ ကျနစွာပြုပြင်ထားသည့်စိုက်ခင်းတွင် အစေ့များကိုစိုက်ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင် နှစ်စဉ် အပင်စို့များ ပေါ်ါထွက်လာမှာဖြစ်ပါတယ်။ အထက်မြန်မာပြည်တွင် ကညွတ်ကိုတွေ့ရမှုနည်းပါတယ်။ မြန်မာနိုင်ငံစွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင် ပေါက်ရောက်ပါတယ်။ တောင်ပေါ်ဒေသနှင့် အေးသောအရပ်များတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး သဘာဝအလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြပါတယ်။

     စိုက်ပျိုးသည့်နည်းစနစ်များမှာ-

မျိုးစေ့ပျိုးထောင်ခြင်း။          အစေ့ကိုပျိုးထောင်ပါက တစ်နှစ်ခန့်ပျိုးထောင်ရပါတယ်။ အစေ့မှ အပင်ပေါက်ရန် (၂)ပတ်မှ (၆)ပတ်ကြာတတ်သဖြင့် ၃၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေတွင် (၃-၄) မိနစ်ခန့်အကြာစိမ်ပြီး စိုက်ခြင်းဖြင့် (၄-၅) ရက်အတွင်း အပင်ပေါက်နိုင်ပါတယ်။ ပျိုးခင်းပေါင်များကို (၂-၃) ပေခွာပြုလုပ်၍ ပေါင်များပေါ်တွင် မျိုးစေ့ကို (၃-၄) လက်မခြားခွာပြီး ပျိုးကြဲသင့်ပါတယ်။

စိုက်ပျိုးခြင်း။            မြေဆွေးဩဇာဓာတ်များသည် မြေကိုထွန်ယက်ပြုပြင်ပြီး အကျယ်(၃)ပေ၊ အနက်(၁)ပေရှိ စိုက်မြောင်းများကို (၄)ပေခွာကာ တူးဖော်၍ တစ်နှစ်ခန့်ရှိပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရပါတယ်။

အပင်ပြုစုခြင်း။         မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာပြုလုပ်ပေးရပါတယ်။ ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များမထွက်မီ ထယ်ထိုးပြီးမြေဖို့ ထားရပါတယ်။

ရိတ်သိမ်းခြင်း။          သက်နုကညွတ်ပင်များ (၂-၃)နှစ်သားအရွယ်တွင် ကညွတ်အစို့ကို (၂/၃)ကြိမ်ခန့်သာဖြတ်ယူသင့်ပါတယ်။ (၃)နှစ်သားကျော်လျှင်မူ တစ်နှစ်အတွင်း (၄-၅) ကြိမ်ထိဖြတ်ယူနိုင်ပါတယ်။ အပင်သက်(၇)နှစ်အထိ အထွက်တိုးလျက်ရှိပါတယ်။ (၄-၁၀)နှစ်သားတွင် အမျိုးအစားကောင်းမွန်သော အတန်းအစားများကိုရရှိနိုင်ပါတယ်။ တစ်ဧကလျှင် ပိဿာ(၃၀၀မှ ၅၀၀)ထွက်ရှိပါတယ်။

အသုံးဝင်ပုံ။              မြန်မာဆေးကျမ်းများအရ ကညွတ်မှ ချိုအေးသောအရသာရှိ၍ အေးသောဂုဏ် ရှိ၏။ သလိပ်ကိုကြေစေပြီး သွေးရောဂါများကိုနိုင်နင်းပါတယ်။ အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီးအားလုံးသည် လူကိုအကျိုးပြုသော်လည်း အစို့၊ အမြစ်သည် အဓိကအသုံးကျသည်။ အမြစ်ကို ချက်ပြုတ်၍ စားသုံးပါက အားဖြစ်စေပါတယ်။ ကညွတ်မြစ်ဥအရည်ကို ကျိုချက်၍ရသော အဆီကိုလိမ်းပါက အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းနှင့် လေရောဂါများကို ပျောက်ကင်းစေပါတယ်။ အမြစ်အရည်ကို ပျားရည်နှင့်ရောသောက်ပါက ဆီးရောဂါအမျိုးမျိုးနှင့် သည်းခြေရောဂါကို ပျောက်ကင်းစေပါတယ်။ အမြစ်အရည်ကို နွားနို့နှင့်ဆတူရော၍သောက်ပါက ကြာရှည်စွာစွဲကပ်နေသော ကျောက်တည်ရောဂါပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အညွန့်ကိုစားသုံးခြင်းဖြင့်  လေကိုကြေစေပါတယ်။ အင်အားကိုဖြည့်တင်းစေ၍ သွေးအားကောင်းစေပါတယ်။

   ကညွတ်များနှင့် ဟင်းသီးဟင်းရွက်များထဲတွင် လူကို များစွာအကျိုးပြုစေပြီး ဈေးကောင်းရ၍ တန်းဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တာကြောင့် GAP စနစ်ဖြင့် သေချာစိုက်ပျိုးပြီး ဈေးကွက်ချဲ့ထွင်နိုင်ပါက အကျိုးများစွာဖြစ်ထွန်းတဲ့ သီးနှံဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)