Main menu

စိုက်ပျိုးရေး၊ မွေးမြူရေးမှသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့

Powered by Drupal
Tue, 11/21/2023 - 11:40 -- consumer_admin

    စီးပွားရေးသည် လူ့အဖွဲ့အစည်း၏ အခြေခံပင်ဖြစ်သည်။ စီးပွားရေးတည်ငြိမ်သည့်အခါ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်သည်။ “ စံပြုစီးပွားရေးဆိုတာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပေါင်းစပ်မှုဖြစ်ပြီး ကူးသန်းရောင်းဝယ်ရန် အကောင်းဆုံးကုန်ပစ္စည်းမှာ ရိုးသားမှုနှင့် မေတ္တာတရားပါပဲ” ဟု ဂျပန်ပညာရှိ မိုရီဟေးအူအီရှီဘား(၁၈၈၃-၁၉၆၉)ကဆိုခဲ့သည်။    ကမ္ဘာပေါ်မှ နိုင်ငံများအနေဖြင့် စျေးကွက်စီးပွားရေးစနစ်ကို ပို၍ကျင့်သုံးလာကြပြီးနောက် ကုန်ပစ္စည်းဝယ်လိုအားမြင့်မားလာသည်။ ဝယ်လိုအားမြင့်မားလာမှုက ရောင်းလိုအားကိုတိုး၍ တောင်းဆိုလာသည်။ လူများအား ကုန်ပစ္စည်းများပိုမိုထွက်ရှိအောင် တိုး၍လှုံ့ဆော်လာသည်။ တချို့သောကုန်ပစ္စည်းများကို တိုး၍ထုတ်လုပ်နိုင်ရန် နှစ်အတန်ကြာအချိန်ယူရသည်။ ရေတိုကာလတွင် ရောင်းလိုအားသည် တိုး၍လာသောဝယ်လိုအားကို လိုက်မမီနိုင်ဖြစ်ရသည်။ ထိုအခါ ကြိုတင်ခန့်မှန်း၍မရသော ဝယ်လိုအားမြင့်တက်လာမှုမှာ ရောင်းလိုအားကို ကျဆင်းသွားစေသည်။

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားဦးစားပေးလုပ်ကိုင်နေသောနိုင်ငံဖြစ်သည်။ ထိုလုပ်ငန်းကို တိုးတက်သည်ထက်တိုးတက်အောင် လုပ်ဆောင်ကြပြီး စိုက်ပျိုးရေးမှထွက်ရှိသော ကုန်ပစ္စည်းများကို လူသားတို့ နေ့စဉ် စားသုံးနေကြရသည်ဖြစ်ရာ လူသားတို့အတွက် မရှိမဖြစ်/ မသုံးမဖြစ်သော ပစ္စည်းများကို မြန်မာနိုင်ငံက အဓိကထားထုတ်လုပ်နေခြင်းဖြစ်သည်။ စိုက်ပျိူးရေးလုပ်ငန်းကို အအောင်မြင်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့ပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်သည်။

    မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းကို အလုံအလောက်ရှိထားပြီးဖြစ်သော မြေအားလုံးတွင် စိုက်ပျိုးခြင်း၊ စိုက်ပျိုးရာတွင် ရေလိုအပ်ပါက ရေလုံလောက်စွာရရှိရေး စီမံဖန်တီးခြင်းများပြုလုပ်ကာ စိုက်ပျိုးရေးကို ပိုမိုလုပ်ဆောင်လာကြပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း များစွာပေါ်ထွက်လာပါသည်။ လူငယ်တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းသည် လူငယ်တို့၏ဘဝတိုးတက်ရေးကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ထိုအခွင့်အလမ်းများရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များက အင်တိုက်အားတိုက် တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။

   အထူးသဖြင့် ပြည်ပပို့ကုန်များပြားစွာထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေများရရှိလာပြီး နိုင်ငံတည်ဆောက်ရေး၊ တိုးတက်ရေးလုပ်ငန်းများကို အကျိုးပြုမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌  ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို  မိမိတာဝန်ယူလုပ်ဆောင်နေရသော မည်သည့်လုပ်ငန်းတာဝန်ကိုမဆို စေတနာ၊ မေတ္တာထားရှိကာ လုပ်ဆောင်မည်ဆိုလျှင် လုပ်ငန်းအောင်မြင်မည်ဖြစ်သည်။

  စိုက်ပျိုးမွေးမြူရေးနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်မြင့်မားစေရန် တီထွင်ကြံဆနည်းလမ်းရဆိုသကဲ့သို့ ပညာရှင်များအပိုင်းကလည်း သုတေသနနည်းလမ်းသစ်များကိုဖော်ထုတ်နေကြသည်။ ထိုသုတေသနနည်းလမ်းအတိုင်း လက်တွေ့လုပ်ငန်းခွင်တွင် ဖြစ်ထွန်းနိုင်အောင်လည်း လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် မြေပေါများသလို ရေလည်းပေါများသည့်နိုင်ငံဖြစ်ပေရာ နည်းပညာအဆင့်အတန်းမြင့်မားအောင်လုပ်ဆောင်ပြီး ထိုလုပ်ဆောင်ချက်ကို အောင်မြင်အောင် တက်ညီလက်ညီဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ကြရန်ဖြစ်သည်။ သို့မှသာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ၌ နည်းပညာအကူအညီများကြောင့် ပိုမိုတိကျသည့်စိုက်ပျိုးထုတ်လုပ်မှု (precise farming) ဘက်ကို ဦးတည်လာနေသည်။ ဥပမာအားဖြင့် နည်းပညာအကူအညီကြောင့် ရာသီဥတုအပြောင်းအလဲကို ကြိုတင်ခန့်မှန်းနိုင်ပြီး သီးနှံရွေးချယ်စိုက်ပျိုးနိုင်ခြင်း၊ ပိုးမွှားနှင့်ရောဂါတွေအတွက်လည်း ကြိုတင်တွက်ဆမှုများလုပ်နိုင်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ခြင်းတို့ဖြစ်သည်။

  ထို့ပြင် ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများတွင် အအေးခန်းစက်ရုံများ၊ ရေထွက်ပစ္စည်းကုန်ကြမ်းများပိုမိုတိုးမြင့်ထုတ်လုပ်လာနိုင်မှုများ၊ စက်ရုံများ၏အရည်အသွေးထိန်းချုပ်နိုင်မှုများ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအနေဖြင့် မွေးမြူရေးကန်များနှင့်ပတ်သက်သည့် ပုစွန်ကန်၊ ငါးကန်များ၌ဖြစ်ပေါ်သော အစာစျေးနှုန်းကြီးမြင့်မှုများ၊ အတိုးနှုန်းသက်သာသောချေးငွေများ၊ ပင်လယ်ငါးသယံဇာတများကိုထိန်းသိမ်း၍ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အင်းအိုင်ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ အစရှိသော ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လည်းဆောင်ရွက်လျက်ရှိပါသည်။

     လယ်ယာစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း/ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ဈေးကွက်အလားအလာကောင်းရရှိနိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေးမှသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ရောက်ရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များက ဦးတည်လုပ်ဆောင်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ရာသီဥတုနှင့် စိုက်ပျိုးရေအရင်းအမြစ်၊ သဘာဝအရင်းအမြစ်များပေါကြွယ်ဝပြီး  နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ကုန်သွယ်မှုဆိုင်ရာပံ့ပိုးမှုများရရှိရေးအတွက် တောင့်တင်းခိုင်မာအောင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်မှုမှ  စီးပွားရေးဖွံ့ဖြိုးမှုအရွေ့ကိုပုံဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)