Main menu

တန်ဘိုးဖြတ်၍ မရနိုင်သည့် သဘာဝ တွင်းတောင်အင်း

Powered by Drupal
Mon, 11/20/2023 - 12:23 -- consumer_admin

   မြန်မာနိုင်ငံအတွင်း သယံဇာတစုံလင်ပေါများစွာ ထွက်ရှိသည့်ဒေသကို ညွှန်ပြပါ ဆိုလျှင် စစ်ကိုင်းတိုင်းဒေသကြီးကို ဖော်ပြရပါမည်ဖြစ်ပါသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တွင်းထွက်ပစ္စည်းများ၊ ကျောက်မျက် ရတနာများ၊ သစ်မျိုးစုံများ၊‌ ရေပေါ်ရေအောက် မြေပေါ် မြေအောက် တန်ဘိုးရှိသည့် ထုတ်ကုန်များစွာထွက်ရှိပါသည်။ ယင်းတို့အနက် တန်ဘိုးဖြတ်၍ မရ သေးသည့် သယံဇာတ တစ်မျိုးဖြစ်သော ဆေးဘက်ဝင်စိမ်းပြာရေညှိ(Spirulina) ထွက်ရှိရာ သဘာဝ “တွင်းတောင်အင်း”ကြီး တည်ရှိနေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှစ်သန်း ပေါင်းများစွာကတည်းက ဖြစ်တည် တည်ရှိနေခဲ့သော စိမ်းပြာရေညှိထွက်ရှိသည့် သဘာဝအင်း (၄)အင်းအနက် တွင်းတောင်အင်းသည် ပိုမိုထူးခြား အကျိုးကျေးဇူးများခဲ့၍ လူသိများခဲ့သည်။ မြန်မာပြည်၏ တွင်းထွက်သယံဇာတများကို ထုတ်ယူသုံးစွဲလိုက်သည်နှင့် ထပ်မံပြန်လည် ဖြစ် တည်မှု မရရှိနိုင်တော့သော်လည်း ဆေးဘက်ဝင် စိမ်းပြာရေညှိ အပင်များမှာ တန်ဘိုးသိသူများမှ ဂရုတစိုက် မျိုးထိန်းထုတ်လုပ် ဆောင်ရွက်နိုင်ပါက စဉ်ဆက်မပြတ် ထုတ်လုပ်ရရှိနိုင်သည့်အတွက် ပြန်ဖြစ်မြဲ သယံဇာတမျိုးစိတ်ဖြစ်ပါသည်။ တန်ဘိုးဖြတ်၍မရနိုင်သည့် စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင် သဘာဝအင်းကြီးကို ပြန်လည်ထိန်းသိမ်းပြီး သဘာဝစိမ်းပြာရေညှိများ ထိုအင်း အတွင်း ပြန်လည်ပွားများဖြစ်ထွန်းစေရန် သုတေသနမှ နိုင်ငံအတွက် လက်တွေ့အကျိုးပြု အောင်မြင် အောင်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်မှာ -

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်အင်း တည်နေရာ

          တွင်းတောင်အင်းသည် မုံရွာမြို့မှ ၂၁မိုင် ဝေးသည့်ဘုတလင်မြို့မှ တစ်ဆင့် ၇မိုင် အကွာ ထပ်မံသွားရသည့် တောင်ပေါ်တက်ရာ လမ်းကြောင်းတွင်တည်ရှိပါသည်။ ဘုတလင်မြို့မှ ကျောက် အိုး၊ သီးပင်အိုင် ရွာ(၂)ရွာ ဖြတ်ကျော်ပြီး ခပ်ပြေပြေတက်သွားပါက တွင်းတောင်ကြီးကို မြင်တွေ့ရမည်ဖြစ်ပါသည်။ တောင်ပေါ်ရောက်ခဲ့ပြီဆိုပါက တောင်အတွင်းရှိ ဒယ်အိုးပုံစံ တောင်မြောက် အကျယ်ပေ ၃၈၀၀ နှင့် အနံ အရှေ့အနောက်အကျယ် ပေ၂၇၅၀ခန့် ရှိသော စိမ်းစို နေသည့် အင်းရေပြင်ကြီးကို တွေ့မြင်ရပါသည်။ ယခင်က တွင်းတောင်အင်း ပတ်လည်တွင် ရှိခဲ့သည့် တွင်းတောင်ရွာလေးသည် ယခုအချိန်တွင် တွင်းတောင် အတက်နားရှိ လယ်အိုင်ကျင်း မြေပြန့်တွင် “တွင်းတော်စံပြကျေးရွာ” အဖြစ် ကျယ်ဝန်းခန့်ငြားစွာ တည်ရှိနေပြီဖြစ်ကြောင်း ပြောပြချက်အရ သိရှိရသည်။

တွင်းတောင်၏ ပါးစပ်ရာဇဝင် ဒဏ္ဍာရီသမိုင်း

          တွင်းတောင်ကို “တောင်ငါးလုံးပိတ်ဖုန်းကာကြို ရာဇဂြိုလ်” ဟု ဆိုခဲ့ကြသည်။ အဇာတ သတ်မင်း ၏ နောက်ဆုံးမင်းဆက် နာဂဒါသ နှင့် နှမတော် သီဝလီ‌ဒေဝီ တို့ အချွေအရံ နောက်လိုက် ဗိုလ်ပါများဖြင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက် စုန်ဆင်းပြေးလာရာမှ လုံခြုံစိတ်ချရာနေရာ တွင်းတောင်အင်းဘေးသို့ ရှောင်တိမ်း ရောက်ရှိလာကြသည်ဟု ပါးစပ်ရာဇဝင်အရ ဆိုခဲ့ကြသည်။

ချင်းတွင်းမြစ်တစ်လျှောက် ဝန်ဘိုရွာ၊ ဖလားကမ်းရွာ၊ ဆင်ဝပ်ရွာ တို့သည်လည်း ဤဒဏ္ဍာရီ သမိုင်း၏ သက်သေဆုံမှတ်များဖြစ်ခဲ့သည်။ ယနေ့ထက်တိုင်လည်း ဤမောင်နှမကို အစွဲပြုပြီး ရိုးရာမပျက် နတ်ပွဲများ နှစ်စဉ်ကျင်းပနေခဲ့ကြောင်း သိရှိရသည်။

တွင်းတောင်အင်း(သို့မဟုတ်)မေတ္တာကန် နှင့် မင်းတုန်းမင်း၏အဘယဒါနကျောက်စာတိုင်

          တွင်းတောင်အင်းကို “မေတ္တာကန်”ဟုလည်းခေါ်ဆိုခဲ့ကြသည်၊ တွင်းတောင်အင်းရေပြင် သည် ဧက(၂၀၀)ခန့် ကျယ်ဝန်းပြီး အင်းရေတွင် ငါးများ မရှင်နိုင်ကြောင်း၊ စိုက်ပျိုးပင်များ ဗေဒါပင် များလည်း မရှင်ကြောင်းမင်းတုန်းမင်း လက်ထက်က တွင်းတောင်အင်း (မေတ္တာကန်) အတွင်း သတ္တဝါများအား မဖမ်းဆီး၊ မသတ်ဖြတ်ရန်နှင့် အဘယဒါနအဖြစ် လှူဒါန်းကြောင်းအမိန့် ထုတ်ပြန်ထားပြီး တွင်းတောင်အင်း ပတ်လည်တွင် ကျောက်စာတိုင်များ စိုက်ထူထားခဲ့ကြောင်းနှင့် ကျောက်စာတိုင်ဟောင်းများလည်း တွေ့ခဲ့ဘူးသူများရှိကြောင်း သိရှိရသည်။

တွင်းတောင်အင်း နှင့်တွင်းပိုး

          တွင်းတောင်အင်းသည် မီးတောင်ဟောင်းတစ်ခုဖြစ်ပြီး ဧက(၂၀၀)ခန့် ကျယ်ဝန်းကာ ၂၀၂၂-၂၀၂၃ခုနှစ်က ရေအနက်(၁၈၀)ပေ ခန့်နက်ကြောင်း၊ သဘာဝအလျှောက် (pH) ချဉ်ဖန်နူန်း၊ (Salinity)အငံနူန်းမြင့်ခြင်း၊ ဘေးဝန်းကျင်မှ သစ်ရွက်၊ သစ်ပင်၊ သဘာဝ(Carbonate) ဆားဓါတ် များ မိုးရေနှင့်အတူ စီးဝင်ပြီး မီးတောင်ဟောင်းပြာရည်များဖြင့် အာဟာရဓါတ် ကြွယ်ဝနေသည့် အင်းအိုင်ကြီး ဖြစ်နေသည်မှာ နှစ်သန်းပေါင်း များစွာကြာခဲ့ပြီဖြစ်သည်ဟု ဘူမိဗေဒ လေ့လာမှု စာအုပ်များက ညွှန်းဆိုထားကြသည်။ ချဉ်ဖန်နူန်းမြင့် သဖြင့် ငါး၊ ပုဇွန် ၊ ဖား၊သတ္တဝါတို့ ရှင်သန် နိုင်ခြင်း မရှိသလို ရေချိုပင်များလည်း မပေါက်ရောက်နိုင်ခဲ့ကြောင်း တွင်းပိုး ခေါ် ဗီလားကောင် များသည် ကမ်းစပ်တွင် ဥအုပြီး တွင်းရေထဲမှ ရေညှိများကို စားသုံးကြပြီး၊ အင်းရေတွင် ရှင်သန် ကူးခပ်နိုင်ကြသည်ကိုတွေ့ခဲ့ရကြောင်း၊ တွင်းပိုးများကိုတော့ သားလောင်းဘဝမှာပင် မီးရောင်ဖြင့် ကမ်းစပ်မှာ စုယူဖမ်းဆီးခဲ့ကြသည်။ ရေနွေးဖျောပြီးသော တွင်းပိုးငယ်များကို နေတစ်ရက်လှန်းပြီး အခြောက်ခံ စုစည်းကြသည်။ စီးပွားဖြစ် လိုင်စင်ဖြင့် လုပ်ကိုင်ကြသူများရှိကြပြီး တွင်းရွာ၏ အဓိကစီးပွားရေးမှာ ကွမ်းနုဝါ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရသည်။

တွင်းတောင်အင်းရေစပ် မှ ကွမ်းနုဝါများ

          တွင်းတောင်အင်းရေပြင်နံဘေးတွင် ယခင်က ရေချိုတွင်း များစွာတည်ရှိကြောင်း၊ ထိုရေချို တွင်းမှ ရေဖြင့် ကွမ်းပင်များရေလောင်းခြင်း၊ သုံးရေ သောက်ရေ အသုံးပြုကြ ကြောင်းသိရသည်။ တွင်းရွာမှ ကွမ်းရွက်များကို အထက်ပိုင်း ကလေး၊ ကလေးဝ၊ မော်လိုက်အထိ ချင်းတွင်းမြစ်ရိုး တစ်လျှောက် မော်တော်ဖြင့် အဆက်မပြတ် တင်ပို့ရောင်းချနိုင်ခဲ့ကြသည်။ “တွင်းကွမ်း”  စားရ သည်မှာ အကောင်းဆုံးဟု  နာမည်ရရှိခဲ့သည်။ စီးပွားဖြစ် ကွမ်းတစ်မျိုးတည်း စိုက်ပျိုးခြင်းဖြင့် အိမ်ခြေတစ်ရာကျော်ရှိသည့် တွင်းတောင်ရွာအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။ တွင်းတောင် ကွမ်းပင် များ မှိုပိုးစွဲကပ်  ကိုင်းပြတ်ကျ ရောဂါဖြစ်ပွားလာချိန်တွင် အဆင်မပြေမှုများ စတင်ခဲ့တော့သည်။

ပြင်ပရှိ ချင်းတွင်းမြစ်ကမ်းပါးဘေး ရွာများတွင် ဧကဖွဲ့၍ “တွင်းကွမ်းမျိုး” များ စိုက်ပျိုးရောင်းချ လာမှုများကြောင့် တွင်းတောင်ရွာ၏ စီးပွားရေးကို ထိခိုက်လာစေခဲ့သည်။ ကွမ်းစိုက် အဆင်မပြေ ဖြစ်လာချိန်တွင် ရွာမှထွက်၍ အထက်ပိုင်း အုတ်ဖုတ်လိုက်သူများနှင့် ရွှေတောသို့ လက်ခစား လိုက်သူများ၊ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်သို့သွားသူများ၊ ပြင်ပ ဒေသများစွာသို့ သွားရောက် စီးပွားရှာသူ လူငယ်၊ လူကြီးများစွာ ရှိခဲ့ကြောင်း သိရှိရသည်။

တွင်းတောင်အင်းမှ ရေညှိ စိမ်းစိမ်းများပွားများမှု

တွင်းတောင်အင်းရေပြင်တွင် ရှေးယခင်ကတည်းက ဝေးလံသောဒေသများမှ ဆောင်းခို ငှက်များ၊ ကြိုးကြာငှက်များ၊ ဟင်္သာငှက်များ သဘာဝအလျှောက် နှစ်စဉ်ပြောင်းရွေ့(Migration) လာရောက်တတ်ကြသည်။ စိမ်းပြာ ရေညှိအပင်များအား စားသောက် သယ်ယူလာကြရာမှ ချဉ်ဖန်နူန်း မြင့်သော မီးတောင်ဟောင်း တွင်းတောင်အင်းရေအတွင်း ထိုအပင်များ ရှင်သန်ပွားများ လာခဲ့ကြသည်။ စိမ်းပြာရေညှိကြောင့် ကန်ရေပြင်သည် စိမ်းစိုညို့မှောင်နေသည်။ စိမ်းပြာရေညှိ များသည် သဘာဝအလျှောက် ဆက်လက်ပွားများလျက်ရှိပြီး ရေမျက်နှာပြင်တွင် မလိုင်ထုသဖွယ် တည်ရှိကြသည်၊ နွေရာသီတွင် လေတိုက်ရာဘက်သို့ ထုထည်ကြီးမားလှပစွာ ရွေ့လျားကြသည်။ ပရိုတိန်း(Protein) ဓါတ်ကြွယ်ဝသည့် ရေညှိပင်များ နေလောင်မှုကြောင့် ပျက်စီးချိန်တွင် အသားပုတ် အနံ့များဖြစ်ပြီး အနီးအနား ရွာများအထိ နံစော်နေတတ်ကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။ ဒေသခံတွင်းရွာမှ ထိုအင်းရေဖြင့် အဝတ်များလျှော်ဖွတ်ခြင်း၊ ခေါင်းလျှော်ခြင်းသာ အသုံးပြုခဲ့ကြသည်။ မျက်စိနာပါက တွင်းတောင် အင်းရေကို မျက်စဉ်းခတ်သူများလည်းရှိကြောင်း ပြောပြပါသည်။

တွင်းတောင်အင်းသို့ရောက်ရှိလာကြသည့်မော်လမြိုင်တက္ကသိုလ်မှ အဏ္ဏဝါများ

          ၁၉၈၄ခုနှစ် ဧပြီလတွင် တွင်းတောင်သို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးခန့် ရောက်ရှိလာခဲ့ကြသည်။ တွင်းတောင်သို့လာရောက် လေ့လာကြသူများ ရှိကြ သော်လည်း ယခုလို ညအိပ်ညနေ စခန်းချပြီး ရက်ရှည်နေထိုင် လာရောက်သူများမရှိခဲ့ပါ။ မော်လမြိုင်တက္ကသိုလ်မှ တစ်ဆင့် တွင်းတောင်အင်းကြီးသို့ ရထားတစ်တန်၊ ကားတစ်တန်ဖြင့် လာရောက်ကြသူများကြောင့် ဒေသခံများအတွက် အထူးအဆန်း ဖြစ်ကြရသည်။ တွင်းတောင်ရွာ၏ လက်ဖက်၊ တွင်းပိုးဖောက်သည် မုံရွာဈေးအတွင်း ဦးပေါ်သစ်မှ တစ်ဆင့်ရောက်ရှိလာကြောင်း ဒေသခံများမှ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် စိတ်ဝင်စားစွာ ဝိုင်းအုံစူးစမ်းကြသည်။ ဦးပေါ်သစ်တို့ ဖောက်သည်ယူသည့် မန္တလေး(ငွေနှင်းဖြူ)လက်ဖက်ပွဲရုံမှ သူဌေးဦးညီပု၊ဒေါ်နှင်းယဉ်တို့၏ သားကြီး က ဦးဆောင် ခေါ်လာသည်တဲ့။ မော်လမြိုင်တက္ကသိုလ်က ပါမောက္ခဆရာကြီးတဲ့၊ သူ့ကျောင်းသား တွေက တက္ကသိုလ်ဘွဲ့ရတွေ၊ ဘွဲ့လွန်တွေ၊ဆရာ၊ဆရာမတွေပါသတဲ့၊ ရေညှိတွေလာပြီး လေ့လာကြ ဆိုတာပဲ၊ တွင်းတောင်ဒေသခံ ရွာလူကြီးများဖြစ်သော ဦးတင်လင်း၊ ဦးအောင်တင်၊  ဦးငွေမောင်သိန်း တို့ကလည်း စိတ်ရောကိုယ်ပါ အကူအညီပေးကြသည်။ ထိုစဉ်က အိမ်ဝန်း

ကျယ်ကျယ်ဖြင့် တည်းခိုရန် အဆောက်ဦး အဆင်ပြေမည့် ဒေါ်ရွှေအုံသမီး ဒေါ်မမကြီးတို့အိမ်တွင် ရွာလူကြီးများမှ နေရာချထား ပေးခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကလည်း အဖွဲ့လိုက် တာဝန်ယူမှု၊ တာဝန်ခံမှုများ(Teamwork)နှင့် အတူနေထိုင်၊ ချက်ပြုတ်၊ စားသောက် စနစ်တကျရှိခဲ့ကြသည်။ မော်လမြိုင် တက္ကသိုလ် အဏ္ဏဝါဇီဝဗေဒ ဌာနမှဟုသိကြရပြန်သည်။ ချောချောလှလှ နုနုနယ်နယ် နှင့် နုပျိုသစ်လွင် လှပနေကြသူများ အားလုံးအား ဒေသခံများမှ လှိုက်လှဲပျူငှာ နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြကြောင်း သိရသည်။

          နွေနံနက်ခင်းတွင်တော့ မော်လမြိုင်တက္ကသိုလ်မှ လေ့လာရေးကျောင်းသား၊ ကျောင်းသူများ တွင်းတောင်အင်းဘေးတွင် တက်ကြွပျော်ရွှင်စွာ လုပ်ငန်းများ နေ့စဉ်ဆောင်ရွက် နေကြတော့သည်။ တွင်းတောင်အင်းရေပြင်တွင် မလိုင်ပြင်စိမ်းစိမ်းလေးများအား မည်သို့မည်ပုံ ဆယ်ယူရရှိနိုင်ရေး အမျိုးမျိုး ကြံဆစဉ်းစား သုံးသပ်နေကြသည်။ အပေါ်ယံခပ်ယူပြီး အမှိုက်သရိုက်များဖယ်ခြင်း၊ဆေး ကြော သန့်စင်ခြင်း၊ ရေများဖိထုတ်ခြင်း၊ ရေညှိအနှစ်များကိုပြား၍လှန်းခြင်း၊ ဆေးထိုးပြွန်များ မှ တစ်ဆင့် ညှစ်ထုတ်ပြီး အမျှင်ပြုလုပ်လှန်းခြင်း၊ မုန့်ဟင်းခါးညှစ်သလို နန်းဆွဲအမျှင်ထုတ် လှန်းခြင်း၊ တာရှည်ခံနိုင်ရေး အခြောက်လှန်းခြင်း၊ နမူနာရေညှိခြောက်ရရှိရေး ကြံဆဆောင်ရွက် ခဲ့ကြသည်။ စက်လှေပေါ်မှတစ်ဆင့် တွင်းတောင်အင်းရေပြင်တွင်ရှိကြသည့် အင်းဆက်များ၊ ရေပင့်ကူများ၊ တွင်းပိုး သက်ကြီးကောင်များ၊ ဗီလားကောင်များ သတ္တဝါများကို လေ့လာဆန်းစစ် ကြသည်။ ၁၉၈၄-၁၉၈၅ခုနှစ် တွင်းရေ၏ ရေအနက်ပေ(၁၆၈)ပေ ကို တစ်လွှာခြင်း ရေအနက် တိုင်းတာကြပြီး တစ်လွှာခြင်းရှိ အင်းရေတွင်ပါဝင်မှုများကို နမူနာယူ ဆန်းစစ်တိုင်းတာခဲ့ကြသည်၊၊ အင်းရေ၏ အပူချိန်၊ ရေ၏ချဉ်ဖန်နှုန်း၊ အငံနှုန်း၊ ဖော့စဖိတ်၊ နိုက်တြိတ်၊ ကယ်ဆီယမ်၊ ဆိုဒီယမ် ပါဝင်မှုများ နေ့စဉ်တိုင်းတာကြသည်။ မီးတောင်ဟောင်းအတွင်း တွေ့ရှိသမျှ ရေချိုထွက်ရှိမှု၊ ကျောက် အမျိုးအစား၊ အပင်အမျိုးအစား လေ့လာရသမျှ စာတမ်းတင်ခြင်း၊ ညအချိန်တွင် တွေ့ရှိသမျှ တင်ပြဆွေးနွေးပြီး ပါမောက္ခဆရာကြီး ဒေါက်တာမင်းသိမ်းထံမှ ပညာသင်ယူခြင်းများ ပြုလုပ်ခဲ့ကြ ကြောင်း ပြောပြပါသည်။

တွင်းတောင် စိမ်းပြာရေညှိ(Spirulina) အဏုဇီဝအပင်များအကြောင်း

          စိမ်းပြာရေညှိ(စပီရူလိုင်းနား)ကို အဏုကြည့်မှန်ဘီလူးအောက်တွင် ရစ်ခွေနေသည့် စပရိန် အမျှင် စိမ်းစိမ်းလေးများအဖြစ် မြင်တွေ့ရနိုင်သည်။အလျား(၀.၁)မမ မှ(၀.၄၂)မမ နှင့် အနံ(၀.၁)မမ မှ(၀.၀၃)မမအရွယ်ရှိသည်။ ရှေးကတည်းကပင် ကမ္ဘာနိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ချဒ် ၊ ဂျပန် နိုင်ငံများတွင် အဆိုပါစိမ်းပြာရေညှိကို အနှစ်၊ အမှုန့်၊ အခြောက်များအဖြစ် စားသုံးခဲ့ကြသည်။ ဓါတ်ခွဲစမ်းသပ်ချက်များအရ ပရိုတင်း(Protein) ၆၀ရာခိုင်နူန်းပါရှိပြီး အသားဓါတ်ကဲ့သို့ အရသာရှိ စွာ စားသုံးကြသည်။ စပီရူလိုင်းနားပင်၏ ဆဲလ်နံရံများသည် အစာကြေလွယ်သော မျူကိုပရိုတင်း (Mucoprotein)များဖြင့် ဖွဲ့စည်းထားသဖြင့် ရေညှိကိုစားခြင်းဖြင့် အစာကြေလွယ်ခြင်း၊ အစာအိမ်

အတွင်းရှိ အစာခြေပေးသည့် လက်တစ်ဘက်တီးရီးယား(Laticbacteria)များ ပိုမိုပွားများ စေသဖြင့် အစာစားမှု ပိုကောင်းမွန်လာစေကြောင်းဖော်ပြထားသည်။

တွင်းတောင်စိမ်းပြာရေညှိနှင့် မဟာသိပ္ပံစာတမ်းများ

          ပါမောက္ခဆရာကြီးဒေါက်တာမင်းသိမ်းသည် တွင်းတောင်မှ စိမ်းပြာရေညှိကို အထူးဂရုပြု သေချာစွာ လေ့လာဆန်းစစ်နိုင်ရန်အတွက် အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ခဲ့ သူတစ်ဦး ဖြစ်သည်။ ၁၉၈၄-၈၅ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနရှိ မဟာသိပ္ပံ ကျမ်းပြုစုရန် ခေါင်းစဉ်များ ချမှတ်ပြီး ဘွဲ့လွန်ကျောင်းသူ၊ ကျောင်းသားများအား လုပ်ငန်းတာဝန်များပေးပြီး အလေးအနက် ဆောင်ရွက်စေခဲ့သည်။ မြန်မာပြည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိမ်းပြာရေညှိ သဘာဝအင်း (၄)အင်းမှ စိမ်းပြာရေညှိ အပင်များကို မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနရှိ သုတေသန ဓါတ်ခွဲခန်းတွင် (Studies on Laboratory Culture of Spirulina) ဖန်ကန်၊ မှန်ကန် များဖြင့် မွေးမြူပွားများစေပြီး သုတေသန ကျမ်းပြုစုတင်ပြစေခြင်း၊ (Monthly Varations of

Protein content of Spirulina (Twyn Taung)and Effect of its Supplementation on growth performance in growing rats.) တွင်းတောင်အင်းမှထွက်ရှိသည့် စိမ်းပြာရေညှိအတွင်း လစဉ်ရာသီအလိုက် ပရိုတင်းဓါတ်ပမာဏ ပြောင်းလဲမှုများကို တိုင်းတာစေပြီး ကြွက်ငယ်လေး များ ကိုကျွေး၍ သူတို့၏ကြီးထွားမှု အဟာရဓါတ် ထောက်ပံ့နိုင်မှု များကိုတိုင်းတာမှု သုတေသန ကျမ်းပြုစု စေခြင်း၊ (Harvesting and Processing of Spirulina Production from Twyn Taung Lake, Myanmar.) မြန်မာနိုင်ငံ၊ တွင်းတောင်အင်းမှထွက်ရှိသော စိမ်းပြာရေညှိများ ရိတ်သိမ်းနိုင်မှု နှင့် ထုတ်လုပ်နိုင်မှု အဆင့်ဆင့်ကို သုတေသနကျမ်းပြုစုစေခြင်းများကို အချိန်ကိုက် ပြုလုပ် စေခဲ့ကြောင်းပြောပြပါသည်။

တွင်းတောင်အင်းတွင် စိမ်းပြာရေညှိထုတ်လုပ်ရေးလုပ်ငန်းစတင်မှုနှင့် BPI

          ၁၉၈၈ခုနှစ် နှစ်စ၊ ဇန်နဝါရီလမှာဖြစ်သည်။ ၁၉၈၄ခုနှစ်မှစ၍ မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ နှစ်စဉ် သုတေသန လေ့လာရေးခရီးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်း(၄)အင်းသို့ သွားရောက်ခဲ့ရာမှ ၁၉၈၈ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲများအဆင့်ဆင့် ခွင့်ပြု အားပေးချက်နှင့်အတူ ပါမောက္ခဆရာကြီးဒေါက်တာမင်းသိမ်းမှ ဦးဆောင်ပြီး အဏ္ဏဝါသိပ္ပံ ကျောင်းပြီးသူများ၊ ဘွဲ့ရ၊ ဘွဲ့လွန်(၂၉)ဦးဖြင့် ၁၁.၁.၁၉၈၈ ရက်နေ့မှ စတင်ပြီး စိမ်းပြာရေညှိ ထုတ်လုပ်ရေး လုပ်ငန်းကြီးကို စတင်ဆောင်ရွက်ခဲ့ကြသည်။ ပညာရေး သုတေသနလုပ်ငန်းမှ စီးပွားရေး ဆောင်ရွက်နိုင်မှုလမ်းစ အစပျိုးခဲ့သည်။ တွင်းတောင် အင်းရေမှ စိမ်းပြာရေညှိခြောက် များ ထုတ်လုပ်ပြီး ရန်ကုန်မြို့ အင်းစိန်ကြို့ကုန်းရှိ ဆေးဝါးလုပ်ငန်းစက်ရုံ(BPI)သို့ ပို့ဆောင်နိုင်ခဲ့ ကြသည်။  BPI မှ နိုင်ငံတကာ ဆေးဝါးထုတ်လုပ်မှု နည်းစဉ်များဖြင့် စိမ်းပြာရေညှိကို ဆေးပြား အဖြစ် အဆင့်ဆင့်ပြုလုပ် ရိုက်နှိပ်၍ ၁၉၈၉ခုနှစ်တွင် စတင်ပြီး ထုတ်လုပ်ရောင်းချပေးခဲ့သည်။ စိမ်းပြာရေညှိတွင် ဓါတ်ခွဲစမ်းသပ်ချက်အရ ပရိုတင်း၊ ဗီတာမင်၊ မင်နျူရယ်လ်(သတ္တုဓါတ်) ပေါများစွာ

ပါဝင်မှုကို အစွဲပြု၍ ပါမောက္ခဆရာကြီး ဒေါက်တာမင်းသိမ်းမှ (ပရိုဗီမင်) PROVIMIN ဟု ရွေးချယ် အမည်ပေး‌ခဲ့ကြောင်း ပြောပြသည်။

တွင်းတောင်မှ စိမ်းပြာရေညှိ ပရိုဗီမင်ဆေးပြား၏ အကျိုးအာနိသင်

          စိမ်းပြာရေညှိ ပရိုဗီမင်ဆေးပြားစားသုံးခြင်းဖြင့် စားမဝင် အိပ်မပျော်ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေခြင်း၊ အာဟာရချို့တဲ့နေသူများ အမြန်ဆုံးပြန်လည် ကျန်းမာစေခြင်း၊ ထိခိုက် ဒဏ်ရာများနှင့် ခွဲစိတ်ကုသသည့်အနာများ လျှင်မြန်စွာအနာကျက်စေခြင်း၊ လူလတ်ပိုင်းနှင့် အားကစားသမားများအတွက် အမောခံနိုင်ခြင်း၊ အသားအရည်ကို ပိုမိုချောမော နုပျိုစေခြင်း၊ သံဓါတ်နှင့် အိုင်အိုဒင်းဓါတ်ပါဝင်သဖြင့် ကိုယ်ဝန်ဆောင်များအတွက် သွေးအားကောင်း စေခြင်း/  အားရှိစေခြင်း၊နှလုံးရောဂါ၊ သွေးတိုး ၊ဆီးချို ပန်းနာရောဂါ သက်သာပျောက်ကင်းစေခြင်း၊အရက်စွဲ သူများ နှင့် စိတ်ဓါတ်ကျဆင်းသူများ၊ သက်သာပျောက်ကင်းစေခြင်း၊ ကြီးထွားဆဲ ကလေးသူငယ် များအတွက် ဦးနှောက်ဖွံ့ဖြိုးစေခြင်း၊ အရပ်ရှည်ကြီးထွားစေခြင်း၊ အဖျားအနာကင်းစင်ခြင်း၊နို့ကို ကြေဖျက်နိုင်စွမ်းရှိပြီး အစာချေ ဘက်တီးရီးယားများကို ပိုမိုပွားများစေသဖြင့် အစာကြေ လွယ်ခြင်း၊ ကင်ဆာရောဂါနှင့် ခုခံအားကျဆင်းမှု ရောဂါရှင်များအတွက် ခုခံအားပိုမိုတိုးမြင့်လာစေပြီး စားကောင်း အိပ်ပျော်စေခြင်း စသည်အကျိုးအာနိသင်များရရှိနိုင်ကြောင်း ပြောပြသည်။

တွင်းတောင်အင်းမှ     စိမ်းပြာရေညှိထုတ်လုပ်ရေးစီမံကိန်းစတင်မှု

          ပါမောက္ခဆရာကြီး ဒေါက်တာမင်းသိမ်း၏ တပည့်များဖြစ်သည့် မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ မဟာသိပ္ပံဘွဲ့ရနှင့် သိပ္ပံဘွဲ့ရ(၂၁)ဦးအား ၁.၁.၁၉၈၉ရက်နေ့မှ စ၍ စစ်ကိုင်း တိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တွင်းတောင်တွင် စိမ်းပြာရေညှိ အဏုဇီဝဆေးဝါး (အခြောက်) ထုတ်လုပ်ရန် ပုတ်ပြတ်လစာ(၂၀၀)ကျပ်နှုန်းဖြင့် စက်မှုဝန်ကြီးဌာန ဝန်ထမ်းများအဖြစ် စတင် တာဝန်ပေး ခန့်ထားခဲ့ကြောင်းသိခဲ့ရသည်။ BPI မှ ထုတ်လုပ်သည့် စိမ်းပြာရေညှိဆေးပြား (PROVIMIN)သည်လည်း အိပ်ပျော်စားဝင်သောအားဆေးအဖြစ် ပြည်သူလူထုအတွင်း အသုံးပြုမှု များပြားလာခဲ့ပြီး ထိပ်တန်း ဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က နိုင်ငံတော်အကြီးအကဲများ မှ စိမ်းပြာရေညှိထုတ်လုပ်ရေး စီမံကိန်းကို စိတ်ဝင်စား၍ တွင်းတောင်သို့လည်း လာရောက်ကြည့်ရူ စစ်ဆေးပြီး လုပ်ငန်းလိုအပ်သမျှ အားပေးကူညီပေးခဲ့ကြသည်။ အရည်အသွေး ပြည့်မီသော စိမ်းပြာရေညှိထုတ်လုပ်ရေးများ ဆောင်ရွက်နိုင်ရန် ပညာတတ်ဝန်ထမ်းများအား ဂျာမနီ နိုင်ငံသို့ ပညာသင် စေလွှတ်ခဲ့သည်။ နှစ်စဉ် စိမ်းပြာရေညှိထုတ်လုပ်မှု တန်ချိန် လျာထားသတ်မှတ်ချက် ထားရှိပြီး လျာထားချက်ပြည့်မီစွာ ထုတ်လုပ်ပြီးသည်နှင့် ပညာရှင် ထုတ်လုပ်မှုဝန်ထမ်းများအား စက်မှုဝန်ကြီးဌာန ဝန်ကြီးက ရာထူးတစ်ဆင့် တိုးပေးခြင်းဖြင့် ဂုဏ်ပြုပေးခဲ့သည်။ စိမ်းပြာရေညှိ ထွက်ရှိသည့် ရာသီချိန်ပြီးသည်နှင့် အပန်းဖြေခရီးသွား ရောက်ကြရန် စီစဉ်ပေးခဲ့သည်။ ၁၉၈၈ခုနှစ် လုပ်ငန်းစသည်မှ ၁၉၉၂ ခုနှစ်အထိ (၄)နှစ်တိုင် တွင်းတောင်အင်းကြီးမှ စိမ်းပြာရေညှိခြောက် ထုတ်လုပ်မှု လျာထားချက်(တန်ချိန်)အတိုင်း ပြည့်မီအောင် ထုတ်လုပ်နိုင်ခဲ့ကြောင်းပြောပြသည်။

တွင်းတောင်ရွာဒေသခံများနှင့် ငှက်ဖျားရောဂါ

          ၁၉၉၂ခုနှစ် ဝန်းကျင်အချိန်ကဖြစ်သည်။ တွင်းတောင်မှတစ်ဆင့် ပြင်ပဒေသများသို့ စီးပွားရေး အခက်အခဲအရ သွားရောက်သူများ အပြန်တွင် အပြင်းဖျား၍ ပြန်ရောက်လာသူများ ပါရှိကြသည်။ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့်ပြန့်ပွား ကူးစက်နိုင်သည့် ရောဂါဖြစ်၍ တွင်းတောင်အင်းဘေး ဧက(၅၀)ဝန်းကျင်တွင် စုစည်းနေထိုင်နေကြသည့် လူကြီးလူငယ်မရွေး ငှက်ဖျားကူးစက်မှု စတင် ခဲ့ပါသည်။ တွင်းတောင်အင်းဘေး ရေချိုတွင်း(၁၀၀၀)ခန့်အတွင်း ပေါက်ပွားလာသည့် (အနော်ဖလိ) ငှက်ဖျားခြင်များကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွားခဲ့ပါသည်။ လစဉ် ၊ နေ့စဉ် ငှက်ဖျားကြောင့် သေဆုံးသူများစွာ ရှိလာသည်။ ထိုစဉ်က ငှက်ဖျား ဖြစ်ပွားမှုကြောင့် ဘေးရွာများမှလည်း “တွင်းတောင်ရွာသို့ မသွားရ၊ တွင်းတောင်ရွာမှ လူများမလာရ”ဟု ကန့်သတ် ထားကြသည်။ တွင်းတောင်တွင် စိမ်းပြာရေညှိထုတ်လုပ်နေကြသည့် ဝန်ထမ်းများလည်း ငှက်ဖျား ရောဂါဖြစ်ခဲ့ရပြီး ကျောက်ဆည်သား အဏ္ဏဝါဘွဲ့ရပြီးသူ ကိုကျော်လေးမှာ တွင်းတောင် ငှက်ဖျား ကြောင့် မုံရွာမြို့ဆေးရုံ၌ကွယ်လွန်ခဲ့ရကြောင်း သိရှိရသည်။ မုံရွာမြို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီးများ ဦးဆောင်၍ တွင်းတောင်ရွာရှိ ဌက်ဖျားတိုက်ဖျက်ရေးအတွက် တွင်းတောင်ရွာ၌ ဆေးခန်းဖွင့်ပြီး ကုသမှုများ၊ ပညာပေးမှုများ၊ ရေချိုတွင်းများတွင် ခြင်စားငါးများ ထည့်ခြင်း ၊ ဆေးစိမ်ခြင်ထောင်များ အသုံးပြုစေခြင်း၊ ကာကွယ်ဆေးများ တိုက်ခြင်းစသည့် စီမံချက်များစွာဖြင့် ဆောင်ရွက်မှုများ အပူတပြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

တွင်းတောင် စိမ်းပြာရေညှိရှားပါး ပျောက်ကွယ်မှု စတင်တွေ့ကြုံခဲ့ခြင်း

          ၁၉၉၃ခုနှစ် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလတွင် အချိန်ကဖြစ်သည်။ စိမ်းပြာရေညှိ စီမံကိန်း လုပ်ငန်း “စ” သည်မှ (၄)နှစ်အတွင်း တွင်းတောင်အင်းအတွင်းမှ ရေညှိများ ထုတ်လုပ်မှု စဉ်ဆက် မပြတ် လုပ်ခဲ့ကြသည်။ ပထမ ရာသီချိန်ဖြစ်သော ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီလများတွင် သာမက ဒုတိယ ရာသီချိန်ဖြစ်သော ဇွန် ၊ ဇူလိုင်၊ ဩဂုတ်လ များတွင် စိမ်းပြာရေညှိများ ပေါများစွာ ခပ်ယူ ရရှိခဲ့သည်။ ထိုအချိန်က တွင်းတောင်အင်းရေပြင်တွင် စိမ်းပြာရေညှိများ နည်းပါးစွာ တွေ့ရှိခဲ့ တော့သည်။ တွင်းတောင်အင်းရေပြင်သည် မြစ်ရေကဲ့သို့ ကြည်လင်နေသည်။ စိမ်းနေသော ရေညှိများ မတွေ့ရှိတော့ပါ၊ ၁၉၉၃ခုနှစ် မတ်လကုန်တွင် ပြင်သစ်နိုင်ငံ မိုနာကို တွင်ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာ ရေညှိပညာရှင်များ စာတမ်းဖတ်ကြား ဆွေးနွေးပွဲသို့  ပါမောက္ခဆရာကြီး ဒေါက်တာမင်းသိမ်းမှ သွားရောက်နေစဉ်ဖြစ်သည်။ ဆရာကြီးခရီးဝေးသွားနေချိန်တွင် စက်မှု ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးကိုယ်တိုင် တွင်းတောင်အင်းသို့ ရောက်ရှိလာခဲ့ပါသည်။ စိမ်းပြာရေညှိ ထုတ်လုပ်မှုကျဆင်းသဖြင့် အခြေအနေမှန်သိရှိရန် တာဝန်ရှိသူများအားလုံးနှင့်အတူ ရောက်ရှိ လာကြသည်ဟုဆိုသည်။ ဝန်ထမ်း တစ်ဦးချင်းအလိုက် တွေ့ကြုံနေကြရသည့် အခက်အခဲများကို ဝန်ကြီးမှ မေးမြန်း အဖြေရှာခဲ့ကြသည်။

     ပါမောက္ခဆရာကြီး ဒေါက်တာမင်းသိမ်း၏ စဉ်ဆက်မပြတ်သင်ကြားမှု၊ လက်တွေ့ လေ့လာ ဆောင်ရွက်မှုများဖြင့် တွင်းတောင်အင်းတွင် ထုတ်လုပ်မှု လုပ်ကိုင်နေသော ဘွဲ့ရ၊ဘွဲ့လွန် တပည့် များက စိမ်းပြာရေညှိ ပြန်လည်ပွားများ ရှင်သန်နိုင်ရေးနှင့် ထုတ်လုပ်မှုပြည့်မီနိုင်ရေး အတွက် လိုအပ်ချက်များနှင့် သက်ရှိအပင်ဖြစ်၍ စိမ်းပြာရေညှိ (၁)တန်ထုတ်ယူလိုက်တိုင်း နိုက်တြိုဂျင် (၁) တန် လျော့နည်းသွားမှုနှင့် ပြန်လည်ဖြည့်စွက်ရမည့် နည်းလမ်းများ၊ စိမ်းပြာရေညှိသည် အပင်များ ဖြစ်၍  အာဟာရဓါတ်လိုအပ်မှုများကို ဝန်ကြီးထံ တိုက်ရိုက် ရှင်းလင်းတင်ပြနိုင်ခဲ့ကြောင်း သိရှိရ သည်။

တွင်းတောင်အင်းသို့နိုင်ငံတော်အကြီးအကဲအစိုးရအဖွဲ့ဝင်များရောက်ရှိလာမှု

          ၁၉၉၃ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အစိုးရအဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တွင်းတောင်သို့ ရောက်ရှိလာ ခဲ့သည်။ ထိုစဉ်က ပြင်သစ်နိုင်ငံ မိုနာကို Confanance ရေညှိပညာရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်နေသည့် ဆရာကြီး ဒေါက်တာမင်းသိမ်း မှ တွင်းတောင်အင်းသို့ အချိန်မီ အရောက် ပြန်လာခဲ့ရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိမ်းပြာရေညှိကိုအုတ်ကန်များဖြင့် စီးပွားဖြစ်ထုတ်လုပ် နေမှုများ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖြစ် အသုံးပြုနေမှုများ၊ မြန်မာ့စပီရူလိုင်းနားများအား တိုင်းပြည် အတွက် ကျန်းမာရေး ၊ စီးပွားရေးနှင့် ဒေသအလုပ်အကိုင်ပေါများရေး၊ လမ်းပန်းအဆက်အသွယ် ကောင်းမွန်ရေးတို့ကို ရှင်းလင်းတင်ပြနိုင်ခဲ့ပြီး တွင်းတောင်အင်း၏ စိမ်းပြာရေညှိ ရေရှည် မျိုးထိန်းသိမ်း ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးပင်များကဲ့သို့ အချိုးကျ (N: P: K) အာဟာရ ဓါတ် များ ဖြည့်စွက်ပေးနိုင်ရေးအပြင် ဆပွားအုတ်ကန်(Nursery Ponds)များဖြင့် အင်းဘေးတွင် ရေရှည် မျိုးထိန်းသိမ်း ဆောင်ရွက်နိုင်ရေး ဦးစားပေး ဆောင်ရွက်ထုတ်လုပ်ရန် လမ်းညွှန်ချက်များ ရရှိခဲ့ကြောင်း ပြောပြပါသည်။

တွင်းတောင်အင်းဘေး ဆပွားကန်များဖြင့် စိမ်းပြာရေညှိမျိုးထိန်းသိမ်းရေးစတင်ခြင်း

၁၉၉၃ခုနှစ် မေလ(၁)ရက်နေ့တွင် တွင်းတောင်အင်းဘေး စိမ်းပြာရေညှိများမျိုးထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံတကာမှတည်ဆောက်သည့်ဒီဇိုင်းပုံစံဖြင့် ဆပွားအုတ်ကန်များ စတင် တည်ဆောက်နိုင်ခဲ့သည်။ ဆပွားအုတ်ကန်များ ဩဂုတ်လတွင် စတင်အသုံးပြုနိုင်ပြီးချိန်တွင် အင်း ရေများထည့်ခြင်း၊ အင်းရေတွင်ပါဝင်သည့် (N: P: K) ပါဝင်မှုများတိုင်းတာခြင်း၊ လိုအပ်သည်များ ကို အချိုးကျ တွက်ချက်ကျွေးမွေး ပက်ဖျန်းခြင်းများပြုလုပ်၍ အင်းအတွင်း ပြန်လွှတ်ထုတ် ပေးခဲ့သည်။ အပေါ်ယံရေမျက်နှာပြင်သို့ နေရောင်ရရှိရေး ရွေ့လျားသွားတတ်သည့် စိမ်းပြာရေညှိ ပင်များကို  အလှည့်ကျစနစ်ဖြင့် အပူချိန်၊ အလင်းရောင်၊ အာဟာရ သမမျှတမှု ရှိစေရန် အုတ်ကန် တွင် လှော်တက်ဖြင့် လှည့်ပတ်စေရန်(Paddlewheel) တပ်ဆင်လည်ပတ်စေခဲ့သည်။

တွင်းတောင်အင်းအတွင်း စိမ်းပြာရေညှိ ပြန်လည်ပွားများ ထုတ်လုပ်နိုင်ခြင်း

မျိုးထိန်းသိမ်းမှု စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း စတင်ပြီး (၆)လပြည့်သည်နှင့် တွင်း တောင်အင်းအတွင်း စိမ်းပြာရေညှိ(Spirulina)ပင်များ ပြန်လည်ပွားများ လာခဲ့သည်။ တွင်း တောင်အင်းကြီး ပြန်လည်စိမ်းစိုလျက်ရှိပြီး စိမ်းပြာရေညှိများ ၁၉၉၄ခုနှစ်တွင် လျာထားချက် (တန်)အတိုင်း ပြန်လည်ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၉၄ခုနှစ်မှစတင်ပြီး ၂၀၁၁ခုနှစ်အထိ တွင်းတောင် အင်းမှ စိမ်းပြာရေညှိများကို လျာထားချက်နှင့်အညီ ပြည့်မီကျော်လွန်အောင် ပြန်လည် ထုတ်လုပ် နိုင်ခဲ့ကြသည်။ ၁၉၈၈ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ သက်တမ်း(၂၃)နှစ်အတွင်း တွင်းတောင်အင်းမှ စိမ်းပြာရေညှိခြောက် တန်ချိန် (၁၈၀၀)ကျော်ခန့် ထုတ်လုပ်နိုင်ခဲ့သည်ကို သိရှိရခဲ့ကြောင်း ပြောပြ သည်။

တွင်းတောင်အင်းစိမ်းပြာရေညှိမှ ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန်များထုတ်လုပ်မှု

          ၂၀၀၃ခုနှစ် ဇွန်လ(၆)ရက် နေ့တွင် တွင်းတောင်အင်းစိမ်းပြာရေညှိမှ ဆေးဝါး၊ စားသောက် ကုန်၊ အလှကုန်များထုတ်လုပ်မှုများထုတ်လုပ်ရန် Myanma Spirulina Factory (MSF) စက်ရုံကြီး ကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ချောင်းပေါက်ကျေးရွာအနီး၊ မင်းကွန်း လမ်းဘေး အနီး(၁မိုင်) ခန့်အကွာတွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ စိမ်းပြာရေညှိမှ ပရိုဗီမင်၊ အာဗာမင်၊ ဘိုင်အိုမင်၊ အားဆေးများ၊ Spilova ဖျော်ရည်နှင့် ဆေးသနပ်ခါး၊ ထုတ်လုပ်ပြီး နိုင်ငံခြား သွင်းကုန် အစားထိုးထုတ်လုပ်နိုင်ခဲ့ကြောင်း ပြောပြသည်။

တွင်းတောင်အင်း စိမ်းပြာရေညှိအား မျိုးထိန်းကန်များဖြင့် ပွားများထုတ်လုပ်နေခြင်း

          ယခုအချိန်တွင် စစ်ကိုင်းနှင့် မင်းကွန်း သွားရာလမ်း၊ချောင်းပေါက်ကျေးရွာအနီးရှိ အမှတ်(၃) ဆေးဝါးစက်ရုံ(စစ်ကိုင်း)တွင် စစ်ကိုင်းဇွန် ဆေးဝါးနှင့်ထုတ်လုပ်ရေးလီမီတက် အနေဖြင့် စက်မှု ဝန်ကြီးဌာနနှင့် JUNE PHARMACY တို့ ၂၀၁၂ခုနှစ်ကပင် စတင်ပြီး အကျိုးတူဖက်စပ် ဆောင် ရွက်၍ တွင်းတောင်မှစိမ်းပြာ ရေညှိမျိုးများကို နိုင်ငံတကာနည်း စနစ်များအတိုင်း အောင်မြင်စွာ မျိုးထိန်းပွားများ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ သဘာဝပြောင်းလဲမှုကြောင့် တွင်းတောင် အင်းမှ ထုတ်လုပ်မှုမရတော့ချိန်တွင် စိမ်းပြာ ရေညှိများကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်သည်ကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကုန်ကြမ်းရေညှိ‌ခြောက်အပြင် ကုန်ချောဖြစ်သည့် ဆေးဝါး၊ အလှ ကုန်၊ စားသောက်ကုန်များကို ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် ထုတ်လုပ်ပြီး JUNE PHARMACY မှ ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်များပါမကျန် စိမ်းပြာရေညှိ ထုတ်ကုန်များ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချဖြန့်ဖြူး လျက်ရှိကြောင်း သိရှိရသည်။

တန်ဘိုးဖြတ်၍ မရနိုင်သည့်  တွင်းတောင်အင်းကြီးကို ပြန်လည်ထိန်းသိမ်းကြပါစို့

          မြန်မာပြည်သူတို့အတွက် ဆေးဘက်ဝင်ပြီး လူသားအာဟာရအတွက် မရှိမဖြစ် အားဆေး အနေနှင့် အလွန်ကောင်းမွန်သော မြန်မာ့စိမ်းပြာရေညှိ (Spirulina)ပင်များကို မြန်မာပြည်တွင်စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများသို့ ရောင်းချနိုင်သည့် ပြည်ပထုတ်ကုန် တစ်ခု ဖြစ်နေပြီဖြစ်ပါသည်။ ယခုအချိန်တွင် စိမ်းပြာရေညှိ (Spirulina)ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန်များကို စစ်ကိုင်းဇွန်ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး လီမိတက်၊ အမှတ် (၃)ဆေးဝါးစက်ရုံ(စစ်ကိုင်း) တွင် အောင်မြင်စွာဆက်လက် ထုတ်လုပ်လျက်ရှိပါသည်။ စိမ်းပြာ ရေညှိထွက်ရှိသည့် တွင်းတောင်အင်းကြီးသည် ယခုအချိန်တွင် ရေချိုများ စိမ့်ဝင်မှုကြောင့် အင်း ရေမျက်နှာပြင်မြင့်တက်လာပြီး အပင်ကြိုက်နှစ်သက်သည့် အခြေအနေများ မရှိတော့သဖြင့် စိမ်းပြာရေညှိအပင်များ ငုတ်လျှိုးပျောက်ကွယ်သွားခဲ့ကြောင်း၊ ဆောင်းခိုငှက်များလည်း မလာ ရောက်တော့ကြောင်း၊ စိမ်းပြာရေညှိထုတ်လုပ်မှု ရပ်ဆိုင်းထားသည်မှာလည်း(၁၀)နှစ် ကျော်ခဲ့ပြီ ဖြစ်ကြောင်း  စိတ်မကောင်းစွာ ကြားသိရှိရသည်။ မြန်မာပြည်အနှံ့ ရှာဖွေ၍မရသည့် စစ်ကိုင်းတိုင်း ဒေသကြီး တစ်ခုတည်းတွင်သာ သဘာဝမီးတောင်ဟောင်းများအတွင်း ပွားများနိုင်သည့် နိုင်ငံ့ ဝင်ငွေ ရှာဖွေပေးနိုင်သည့် တန်ဘိုးရှိ ပြန်ဖြစ်မြဲသယံဇာတ စိမ်းပြာရေညှိပင်များ ပြန်လည် ပွားများနိုင်ရန် တွင်းတောင်အင်းကြီး မူလသဘာဝအတိုင်း ပြန်လည်ရရှိနိုင်ရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ ရေညှိပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တိုင်းဒေသကြီး အကြီးအကဲများက ရေရှည်စီမံကိန်းချမှတ် ဆောင်ရွက်သင့်ပါကြောင်း မှတ်တမ်းပြု ရေးသားဖော်ပြအပ်ပါသည်။

( တန်ဘိုးဖြတ်၍ မရနိုင်သည့်  လူသားများအတွက် အကျိုးပြုဆေးဝါးထွက်ရှိသော သဘာဝ တွင်းတောင်အင်း၏ အဏ္ဏဝါ သိပ္ပံ၊ဇီဝဆိုင်ရာ အချက်အလက်များအား ပြောပြပေးပါသော မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ(စစ်ကိုင်း)၌ ဇွန်ဆေးဝါးကုမ္ပဏီတွင်  လက်ရှိတာဝန်ထမ်းဆောင်ဆဲဖြစ်သော ပညာရှင် ဒေါက်တာမေယုခိုင်အား လေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ )

DOCA(စစ်ကိုင်း)