Main menu

စစ်ကိုင်းစက်မှုဇုန်ရှိ သစ်အချောထည် ပရိဘောဂလုပ်ငန်းအကြောင်း တစေ့တစောင်း

Powered by Drupal
Wed, 11/15/2023 - 14:09 -- consumer_admin

   ရှေးနှစ်ပေါင်းများစွာကပင် လူတို့သည် အိမ်ထောင်ပရိဘောဂများ ဖြစ်သည်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ ကုတင်စသောပစ္စည်းများကို သုံးစွဲလာခဲ့ကြသော်လည်း ပုံပန်းသဏ္ဍာန်၊ အမျိုးအ စား၊ အဆင်အပြင်သည် တစ်ခေတ်နှင့်တစ်ခေတ်မတူချေ။ အီဂျစ်နိုင်ငံတွင် ဘုရင်များသည် ဘီစီ ၃၀၀/၄၀၀ ခန့်ကပင် ကုတင်များဖြင့် အိပ်ခဲ့ကြသည်။ ရှေးဦးပေါ် ကုလားထိုင်များသည် ယခု ခေတ်ကဲ့သို့ ကျောမှီ၊ လက်တင်စသည်ဖြင့် မပါသေးဘဲ ခြေလေးချောင်းတပ် ထိုင်ခုံ (ခွေးခြေ)များသာ ဖြစ်ကြသည်။ ရှေးအီဂျစ်လူမျိုးတို့သည် သစ်သားများကို ကောင်းစွာပြုပြင်ပြီး အိမ်ထောင်ပရိ ဘောဂများ သုံးစွဲခဲ့ကြောင်း ယင်းတို့၏ ရှေးဟောင်းဂူသင်္ချိုင်းနံရံရှိ အရုပ်များတွင် တွေ့မြင်ရကြောင်း လေ့လာသိရှိရသည်။ အီဂျစ်၊ ဂရိနှင့်ရောမလူမျိုးများသည် သစ်သားအပြင် ဆင်စွယ်၊ ကြေးညို၊ ရွှေ၊ ငွေစသည်တို့ဖြင့် အိမ်သုံးပစ္စည်းများကို လုပ်ကိုင်သုံးစွဲခဲ့ကြသည်ဟု သိရှိရသည်။ အီဂျစ်နိုင်ငံ တူတန်ခမင် သင်္ချိုင်းမှရရှိသော အီဂျစ် မိဘုရားကြီး၏ ရာဇပလ္လင်မှာ အလွန်လှပဆန်းကြယ်၍ အထက်တန်းကျလှသော သုခုမလက်ရာများ ဖြစ်ပေသည်။

  ထိုမျှမကသေးဘဲ အိမ်သုံးပစ္စည်းများကို ပန်းခက်ပန်းနွယ်များ ထွင်ထုဆစ်ကာ ကျောက်မျက်ရွဲများ၊ ရောင်စုံဖန်များစသော တောက်ပသည့် ဝတ္ထုများဖြင့် စီခြယ်ခဲ့ကြသည်။ အချို့ရှေးဟောင်း ထိုင်ခုံများကို လှပသေးသွယ်သော ခြေများဖြင့် ဆန်းကြယ်စွာပြုလုပ်ခဲ့ပြီး တစ်စတစ်စ တိုးတက်လာသောအခါ ထိုင်ခုံများကို နောက်မှီနှင့်လက်တင်များတပ်လာကြသည်။ ထိုမှတစ်ဆင့် ထိုင်ခုံတစ်ခုလုံး ခြေလက်တင်၊ နောက်မှီစသည်တို့တွင် ပန်းကြွများ၊ ရုပ်လုံးပေါ်များဖြင့် လှပအောင်ပြုလုပ်ခဲ့ကြသည်။ ထိုစနစ်သည် ယခုတိုင် တိမ်ကောခြင်းမရှိချေ။ ထိုင်ရန်အခင်းများကိုလည်း ယခုခေတ် ကြိမ်အခင်းများကဲ့သို့ပင် ကြိမ် သို့မဟုတ် ကျူပင်များကို ကျစ်၍ရက်လုပ်ကြပြီး၊ အချို့မှာ အဝတ်အထည်များဖြင့်လည်းကောင်း၊ လှပသော တိရိစ္ဆာန်သားရေများဖြင့်လည်းကောင်း ပြုလုပ်ကြသည်။

   မြန်မာနိုင်ငံ၌လည်း သစ်သားမှ လက်မှုလူသုံးကုန်ပစ္စည်းများကို ရှေးဘုရင်များလက်ထက် ကတည်းက ပြုလုပ်သုံးစွဲလာကြောင်း ရှေးဟောင်းသမိုင်းပြတိုက်များက သက်သေပြုလျက်ရှိပါ သည်။ သစ်သားကို လက်မှုလူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံ/အလုပ်ရုံများ  နိုင်ငံ အဝန်း၌ တိုးတက်ထွန်းကားလျက်ရှိရာ စစ်ကိုင်းစက်မှုဇုန်၌ သစ်နှင့်သစ်အချောထည်၊ ပရိဘောဂ ပြုလုပ်သည့်စက်ရုံ(၁၁)ရုံ ရှိပြီး၊ ယင်းတို့အနက် ရတနာသီဟ အဆင့်မြင့် သစ်အချောထည်နှင့် ပရိဘောဂလုပ်ငန်းအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

  ရတနာသီဟ သစ်အချောထည်နှင့်ပရိဘောဂစက်ရုံကို ၂၀၁၈ ခုနှစ်က ရင်းနှီးငွေကျပ်သန်း တစ်ထောင့်လေးရာကျော်ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကုန်ကြမ်းအဖြစ် ပိတောက်သား၊ ကျွန်းသားနှင့် တမလန်းသားများကို နိုင်ငံတော်မှ တရားဝင် ဝယ်ယူအသုံးပြုပြီး၊ လူ၏လုပ်အားအနည်းငယ်သာအသုံးပြုကာ ခေတ်မီစက်ကရိယာများဖြင့်  တံခါးကျည်းခွေ၊ တံခါး၊ ပရိဘောဂမျိုးစုံတို့ကို အရွယ်အစားအမျိုးမျိုး ပြုလုပ်ကြောင်းသိရပါသည်။ ပရိဘောဂများပြုလုပ်ပုံ အဆင့်ဆင့်မှာ ပထမဦးစွာ သစ်များကို စက်ဖြင့်လွှာကြောင်း၊ လွှာပြီးသစ်များကို အစိုဓာတ်ကုန်စေရန် ရေနွေးငွေဖြင့်ပေါင်းခံကြောင်း၊ သစ်အထူ/အပါးပေါ်မူတည်၍ သစ်ပေါင်းခန်း၌ ရက်ပေါင်းအနည်းဆုံး ၁၅ရက်မှ  အများဆုံးရက် ၃၀ကြာ ပေါင်းခံခြင်း ပြုလုပ်ကြောင်း သိရပါသည်။ စက်ရုံ၌ သစ် ၁၀တန် ခန့် ဆန့်ဝင်သည့် သစ်ပေါင်းခန်း နှစ်ခန်းရှိပြီး အစိုဓာတ်ကုန်ပြီးသော သစ်ချပ်များကို ရေပေါ် ထိုးပြီး  သတ်မှတ်ထားသည့်အရှည် အတိုင်းအတာများ ဖြတ်တောက်ကြပါသည်။ အချို့သစ်ချပ် ကလေးများအား ပန်းဖော်စက်ဖြင့် ကနုတ်ပန်း ဖော်ခြင်းများ ပြုလုပ်ရပါသည်။ သစ်ချပ်ပေါ်တွင် လိုအပ်သည့် အပေါက်များဖောက်ပြီး  ပရိဘောဂ တပ်ဆင်ခြင်း လုပ်ငန်းများလုပ်ကိုင်ကြပါသည်။ ဆက်လက်၍ ပရိဘောဂအကြမ်းထည်များကို အချောကိုင်ခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ပြီးပါက ရောင်းတန်းဝင် သစ်အချောထည် ပရိဘောဂများကို ရရှိကြောင်း သိရပါသည်။

     အဆင့်မြင့်သစ်အချောထည်ပရိဘောဂများမှာ ဘုရားစင်၊ ခြောက်‌ဦးထိုင် ဆက်တီ(နဂါးခေါင်း၊ ကြာဖူး၊ ကြိုးကြာ၊ရိုးရိုး)၊ အထူးစပါယ်ရှယ် ဆင်ရုပ်ဆက်တီ၊ ထမင်းစားပွဲ(၅ဦး၊ ၁၀ဦး)၊ မတ်တပ် ကုလားထိုင်(ရိုးရိုး၊ နှစ်ယောက်တွဲ)၊ မှန်တင်ခုံ(လေးထောင့်၊ ဘဲဥပုံ)၊ ဘီဒိုအ‌သေး၊ နှစ်ယောက်ထိုင်ခုံ အရှည်၊ နှစ်ယောက်အိပ်ကုတင် စသည်ဖြင့် သစ်ထွင်းပန်းပု ပန်းချီကားနှင့် အိမ်အတွင်းအလှဆင် သစ်အချောထည်များ၊ မျက်နှာကျက်နှင့် နံရံအလှဆင် အဆင့်မြင့်သစ်အချောထည်များကို ထုတ်လုပ် လျက်ရှိကြောင်း သိရပါသည်။ ပရိဘောဂများကိုပြုလုပ်ရန် တရုတ်နိုင်ငံမှ ပညာရှင်(၄)ဦး ကို  ဖိတ်ခေါ်၍ ပြုလုပ်နေသည့်အပြင် လုပ်သား ၁၅ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထား ကြောင်း၊ စားစရိတ်ငြိမ်း လုပ်သားတစ်ဦး တစ်လလျှင် ငွေကျပ် တစ်သိန်းငါးသောင်းမှ ကျပ် သုံးသိန်းငါးသောင်းထိ လုပ်အားခပေးကြောင်း သိရပါသည်။

      အဆင့်မြင့်ပရိဘောဂများ၏ ရောင်းဈေးနှုန်းများမှာ သစ်အမျိုးအစားနှင့်အရွယ်အစားပေါ် မူတည်၍ အနည်းဆုံးဈေး ကျပ် လေးသိန်းမှ ကျပ်သိန်း တစ်ရာကျော်ထိ တန်ဖိုးရှိပြီး၊ အမှာစာများ ရရှိမှုအပေါ်မူတည်၍ ထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းစက်မှုဇုန်ရှိ “ ရတနာသီဟ ”သစ်အချောထည်စက်ရုံမှ ထုတ်လုပ်သည့် အဆင့်မြင့်သစ်အချောထည်ပရိဘောဂများသည် သပ်ရပ်ခိုင်ခန့်လှပပြီး ဈေးနှုန်းမြင့် သဖြင့် သာမန်လူတန်းစားများ ဝယ်ယူသုံးစွဲနိုင်ခြင်း နည်းပါးသောကြောင့် မြန်မာနိုင်ငံအတွင်း ဈေးကွက်ဝေစုရရှိမှုနည်းကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ရောင်းချပါက နိုင်ငံခြားဝင်ငွေရရှိပြီး၊ နိုင်ငံ့စီးပွားရေးတိုးတက်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)