Main menu

ပို့ဆောင်ရေး(ဝန်ဆောင်မှု)နှင့်ပတ်သက်၍ ‌ဖြေရှင်းပေးခဲ့

Powered by Drupal

    မကွေးမြို့၊ xxxxxx ရပ်ကွက်နေ xxxxxx သည် (၁၂.၁၀.၂၀၂၃)ရက်နေ့တွင် မကွေးမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသော xxxxxxကားဂိတ်သို့ ကော်ခြင်း(၁)လုံး၊ ဆန်(၁၂)ပြည်နှင့် ပဲကြော် (၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊ ခရမ်းချဉ်သီးသေတ္တာတစ်လုံးတို့အား တန်ဆာခ(၂၈၀၀၀)ကျပ်ပေး၍ မကွေးမှ မြစ်ကြီးနား(ပမ္ပတီး)သို့ တင်ပို့ရန်အပ်နှံခဲ့ပါသည်။ (၁၄.၁၀.၂၀၂၃)ရက်နေ့ ညနေတွင် မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းများရောက်ရှိသော်လည်း ဆန်(၁၂)ပြည်နှင့် ပဲကြော်(၅)ပိဿာပါ ပီနံအိတ်မှာ ရေစို၍ ပစ္စည်းများပျက်စီးသွားမှုအပေါ် ဂိတ်မှတာဝန်ယူဖြေရှင်းပေးခြင်းမရှိပါ၍ (၁၆.၁၀.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ CICC ရုံးသို့ လာရောက်တိုင်ကြားလာပါသည်။

      တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှု ရှိ/ မရှိ စိစစ်ခဲ့ပြီး (၁၈.၁၀.၂၀၂၃)ရက်နေ့တွင် အမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာယာဉ်လိုင်း တာဝန်ရှိသူသို့ မေးမြန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ လမ်းခရီးတွင်ရေကြီးသောကြောင့် မိမိတို့ကား၏ ဝမ်းဗိုက်အတွင်းသယ်ဆောင်လာသော ကုန်ပစ္စည်းများမှာ ရေစိုပျက်စီးသွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှာလည်း မြစ်ကြီးနားသို့သွားသော ယာဉ်လိုင်းအားလုံးတွင် ကြုံတွေ့ရသောကြောင့် ပျက်စီးဆုံးရှုံးမှုမှာ သဘာဝဘေးကြောင့်ဖြစ်ရပြီး မြစ်ကြီးနားမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တန်ဆာခများကိုပေးလျော်စေကြောင်း၊ သဘာဝဘေးကြောင့်ပျက်စီးမှုအပေါ် မိမိတို့ ယာဉ်လိုင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူ၏ဖြေကြားခဲ့မှုအပေါ် မှန်ကန်မှုရှိ/မရှိ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှတစ်ဆင့် မြစ်ကြီးနား မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါရက်များတွင် ရေကြီးမှုဖြစ်စဉ် ရှိခဲ့သော်လည်း မော်တော်ယာဉ်လိုင်းများကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဝင်ရောက်ဖြေရှင်းပေးရသည့် အမှုမရှိခဲ့ကြောင်းနှင့် ယာဉ်ဝမ်းဗိုက်အခန်းရေမလုံသည့်ကားများတွင်ပျက်စီးမှုရှိကြောင်း ဖြေကြားလာခဲ့ပါသည်။ မြစ်ကြီးနား မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ဖြေကြားချက်နှင့် စပ်လျဉ်း၍ ဂျိမ်းဖောသူယာဉ်လိုင်းတာဝန်ရှိသူသို့ ဆက်သွယ်ပြောကြားခဲ့ရာ ရေစိုသည့်ဆန်အိတ်ကို တိုင်ကြားသူမှပြန်ယူသွားပြီဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးသည့်ပဲကြော်(၅)ပိဿာကို ဂိတ်တွင်ထားခဲ့ သောကြောင့် ၎င်းပဲကြော်(၅)ပိဿာတန်ဘိုးကိုသာ ပေးလျော်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။ ၎င်းညှိနှိုင်းရရှိခဲ့မှုအား တိုင်ကြားသူထံဆက်သွယ်ပြောကြားရာ သဘောတူလက်ခံခဲ့ပါသည်။  (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် ယာဉ်လိုင်းတာဝန်ရှိသူမှတိုင်ကြားသူသို့ ပျက်စီးဆုံးရှုံးခဲ့သော ပဲကြော်(၅) ပိဿာအတွက် ကျသင့်ငွေကျပ်(၄၅၀၀၀)အား စားသုံးသူရေးရာဦးစီးဌာန ရုံးတာဝန်ရှိသူများ ရှေ့မှောက်တွင် ပြန်လည်ပေးလျော်ခဲ့ပါသဖြင့် တိုင်ကြားသူမှစိတ်ကျေနပ်မှုရရှိကာ ကျေအေးလွှာတွ င်လက်မှတ်ရေးထိုး၍ အမှုပိတ်သိမ်းနိုင်ခဲ့ပါသည်။

DOCA(မကွေး)