Main menu

မုံရွာမြို့၏ အင်ကြင်းကျောက်အချောထည်လုပ်ငန်းနှင့် အင်ကြင်းကျောက်ဖြစ်ပေါ်လာပုံ

Powered by Drupal
Thu, 11/02/2023 - 16:26 -- consumer_admin

    မြန်မာအခေါ် အင်ကြင်းကျောက်သည် ဂရိဘာသာ petra မှဆင်းသက်လာပြီး ကျောက်သားအသွင်ပြောင်းသွားသော သစ်ပင်/ သစ်ကိုင်း/ သစ်သားဟု အဓိပ္ပါယ်ရပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Petrified Wood ဟုလည်းကောင်း၊ Fossils wood ဟုလည်းကောင်း ခေါ်ဝေါ်ပါသည်။ ထို့ကြောင့် အင်ကြင်းကျောက်သည် အင်ကြင်းပင်တစ်မျိုးတည်းမှ ဖြစ်သောကျောက်ကို ဆိုလိုသည်မဟုတ်ဘဲ မည်သည့်သစ်ပင်၊ သစ်ကိုင်း၊ သစ်သားမှ အသွင်ပြောင်းဖြစ်လာသောကျောက်များကို အင်ကြင်းကျောက်ဟု ယေဘူယျသုံးစွဲသောနာမည်ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ကမ္ဘာပေါ်တွင် ပေါက်ရောက်နေသောသစ်ပင်များသည် လဲကျသေဆုံးသွားပြီး သဲနုန်းမြေများဖုံးလွှမ်းခံရခြင်း၊ မီးတောင်ချော်ပြာများဖုံးလွှမ်းခံရခြင်းတို့ကြောင့် မြေမျက်နှာပြင်အောက်သို့ရောက်ရှိခဲ့ရပါသည်။ ကမ္ဘာမြေအပေါ်ယံလွှာတွင် အပေါများဆုံးဖြစ်သောဆီလီကာသလင်းဓာတ်ပစ္စည်းတို့ တိုးဝင်ဓာတ်ပြုခြင်းကိုခံကြရပါသည်။ သစ်ပင်သစ်သား၏ ဆဲလ်များထဲသို့ အောက်ဆီဂျင်နှင့် လဲလှယ်ဓာတ်ပြုရပါသည်။ နှစ်ပေါင်းများစွာ မြေကြီးထု၏ဖိအားအပူချိန်တို့ကြောင့် မပျက်စီးဘဲ ကျန်နေ သည့် သစ်ပင်/ သစ်သားအစိတ်အပိုင်းများသည် ကျောက်တုံးအဖြစ်ပြောင်းလဲသွားရပါသည်။ မြေကြီးထု၏ ဖိအားအပူချိန်နှင့် ဓာတ်ပြုသည့်ပစ္စည်းများအပေါ်မူတည်၍ နေရာအသီးသီးတွင် အရည်အသွေးအမျိုးမျိုးကို ကွဲပြားစွာတွေ့ရလေ့ရှိပါသည်။ ကမ္ဘာပေါ်ရှိ အင်ကြင်းကျောက်များသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၅သန်းမှ သန်း၂၀၀ အကြားတွင်ပေါက်ရောက်ခဲ့သော သစ်ပင်/ သစ်သား/ သစ်ကိုင်းများ၏ ရုပ်ကြွင်းများဖြစ်ကြပါသည်။ မြန်မာနိုင်ငံအတွင်း တွေ့ရသော အင်ကြင်းကျောက်များမှာ နှစ်သန်းပေါင်း ၅သန်းမှ သန်း၁၇၀ကြားရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်။

အင်းကြင်းကျောက်အ‌ရောင်အသွေးဖြစ်ပေါ်လာပုံ

     အင်ကြင်းကျောက်မျက်များသည် အရောင်အသွေးများစုံလင်စွာရှိသည်။ ထိုသို့ အရောင်အသွေးများကွဲပြားခြားနား၍ ဖြစ်ပေါ်ပြောင်းလဲလာရခြင်းမှာ စီလီကာဓာတ်အပြင် သတ္တုဒြပ်စင် (Minerals) များဖြစ်သော ကာဗွန်၊ ကိုဘော့၊ ခရိုမီယန်၊ ကော့ပါး၊ အိုင်းရွန်းအောက်ဆိုဒ်၊ မင်းဂနီ(စ်) (Manganesn)၊ မင်းဂနီအောက်ဆိုဒ်(Manganesn Oxides) စသည့်သတ္တုဒြပ်များ၏ ဂုဏ်သတ္တိများကြောင့်ဖြစ်သည်။ သစ်ပင်ကြီးများ၏ ကိုယ်ထည်အတွင်းသို့ တစ်ရှူးဆဲလ်ပေါက်လေးများမှတစ်ဆင့် သတ္တုဒြပ်စင် (Minerals) များဝင်ရောက်နေရာယူသည့်အခါ ကာဗွန်ဒြပ်စင်များပြားခဲ့ပါက အနက်ရောင်၊ ကိုဘော့ဒြပ်များပြားခဲ့ပါက အပြာနှင့်အစိမ်းရောင်၊ ခရိုမီယန်ဒြပ်များပြားခဲ့ပါက အစိမ်းနှင့်အပြာရောင်၊ ကော့ပါဒြပ်များပြားခဲ့ပါက အစိမ်းရောင်၊ အိုင်းရွန်းအောက်ဆိုဒ်များပြားခဲ့ပါက မန်းကျည်းမှည့်ရောင်၊ မင်းဂနီ(စ်)ဒြပ်များပြားခဲ့ပါက လိမ္မော်ရောင်၊ ပန်းကြားရောင်၊ မင်းဂနီ (စ်)အောက်ဆိုဒ်များပြားခဲ့ပါက မီးခိုရောင်နှင့်အဝါရောင်များအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်စေတတ်ကြောင်းသိရပါသည်။

အင်ကြင်းကျောက်ထွက်ရှိသည့်ဒေသများ

     ကမ္ဘာပေါ်တွင် အင်ကြင်းကျောက်ကို  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၇နိုင်ငံတွင် တွေ့ရှိရသည်ဟုသိရပါသည်။ အင်ကြင်းကျောက်များကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး၊ မလှိုင်၊ ညောင်ဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စသည့်မြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ အောင်လံ၊ မကွေး စသည့်မြို့နယ်များတွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်၊ ရွှေတောင်၊ သဲကုန်း စသည့်မြို့များတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ အရာတော်၊ မုံရွာ၊ ချောင်းဦး၊ မြောင် စသည့်မြို့နယ်များတွင်လည်ကောင်း တွေ့ရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဒေသများရှိ သဘာဝတောတောင်များမှ ထုတ်လုပ်ရယူနိုင်ကြောင်းသိရှိရသည်။

အင်ကြင်းကျောက်၏ထူးခြားချက်များ

     အင်ကြင်းကျောက်ကို အိမ်ခြံအတွင်း ထားရှိလျှင်ဖြစ်စေ၊ ဝတ်ဆင်လျှင်ဖြစ်စေ ကျန်းမာခြင်း၊ ဥစ္စာကြွယ်ဝခြင်း၊ အသက်ရှည်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကိုပေးစွမ်းသည်ဟု ရှေးဟောင်းဂရိစာပေများနှင့် မြန်မာ့လောကီပညာရှင်များက မှတ်တမ်းတင်ခဲ့ကြပါသည်။ သဘာဝဘေးဒဏ်များ အမျိုးမျိုးတွေ့ကြုံခဲ့ရသော်လည်း မူလသဘာဝပင်ကိုယ်လက္ခဏာများ တိမ်ကောပျောက်ကွယ်သွားခြင်းလုံးဝမရှိသည့်အတွက် အင်ကြင်းကျောက်မှာ ဖောက်ပြန်ပျက်စီးတတ်သောသဘောနှင့် အစဉ်ကင်းခြင်း၊ တည်ကြည်ခြင်း၊ မပြောင်းလဲဘဲ မားမားရပ်ကြံ့ကြံ့ခံနိုင်ခြင်း စသည့်ဒြပ်သဘောသဘာဝများရှိသည်ဟု ယုံကြည်သက်ဝင်သူများလည်းရှိကြသည်။ အထူးသဖြင့် ဘာသာရေးထွက်ရပ်ပေါက် ယုံကြည်သက်ဝင်သူများက အင်ကြင်းကျောက်နှင့်ပြုလုပ်ထားသော ဘာသာရေးအဆောင်အယောင်ပစ္စည်းများကို အဓိကထားကိုးကွယ်ယုံကြည်လျက်ရှိကြသည်။ အဆိုပါယုံကြည်သက်ဝင်မှု များကြောင့် ပျူခေတ်ယဉ်ကျေးမှုနယ်ပယ်တွင် အင်ကြင်းကျောက်အား အဆောင်အယောင်တန်ဆာများအဖြစ်ပြုလုပ်၍ ဝတ်ဆင်အသုံးပြုလာခဲ့ကြသည်ကို ရှေးဟောင်းသုတေသနများ၏ မှတ်တမ်းများအရသိရသည်။

အင်ကြင်းကျောက်ဈေးကွက်

  အင်ကြင်းကျောက်သည် ကမ္ဘာ့ကျောက်မျက်ဈေးကွက်ဝင် ကျောက်တစ်မျိုးဖြစ်သည်။ အင်ကြင်းကျောက်ကို အချောကိုင်၍လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများလုပ်၍လည်းကောင်း အသုံးပြုကြသည်။ ကမ္ဘာ့နိုင်ငံတချို့တွင် ၁၉၇၂ခုနှစ်ခန့်မှစတင်၍ အင်ကြင်းကျောက်အလှဆင်ပစ္စည်းများကို ထုတ်လုပ်ရောင်းဝယ်သုံးစွဲနေကြပြီဖြစ်ပါသည်။ ယနေ့မြန်မာနိုင်ငံတွင် အင်ကြင်းကျောက်များကို သတ္တုမဟုတ်သောကုန်ကြမ်းနှင့် အလှဆင်ပစ္စည်းအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ကုန်သွယ်ရောင်းချခြင်းကို ဥပဒေအရ ကန့်သတ်ထားပြီးဖြစ်သည်။ နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရောင်းချကြသည်။ အင်ကြင်းကျောက်၏ အရည်အသွေးကိုလိုက်၍ တစ်ကီလိုလျှင် $1မှ $20 အထိ အမျိုးမျိုးရောင်းဝယ်ကြကြောင်းသိရပါသည်။ အလွန်ရှားပါးသောအချက်များပါရှိသည့် ကျောက်များကို တစ်ကီလိုလျှင် $100ကျော်ဖြင့်ရောင်းချသည်ကိုလေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသော အင်ကြင်းကျောက်အများစုသည် အရည်အသွေးကောင်းပြီး ကျောက်မျက်တန်းဝင်သောကျောက်များဖြစ်ကြသည်။ ထို့ကြောင့် ပြည်ပကျောက်ကုန်သည်များမှ မြန်မာနိုင်ငံထွက် အင်ကြင်းကျောက်များကို ငွေကြိုတင်ပေးစနစ်ဖြင့် သူ့ထက်ငါ အလုအယက်ဝယ်ယူလုပ်ကိုင်လျက်ရှိကြောင်း နွားထိုးကြီးမြို့၊ အင်ကြင်းကျောက်စျေးကွက်မှသိရသည်။ အဆိုပါ ဝယ်ယူပြီးသောအင်ကြင်းကျောက်များကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကမ္ဘာ့ကျောက်မျက်စျေးကွက်ဝင် တတိယနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိရာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ၁၅၀မှ ၃၂၀ဒေါ်လာအထိ စျေးကောင်းများရရှိကြောင်းသိရှိရသည်။

      အင်ကြင်းကျောက်ကို ကုန်ကြမ်းအတိုင်းရောင်းချခြင်းထက် ကုန်ချောအဖြစ်ရောင်းချခြင်းမှာ ပိုမိုတွက်ခြေကိုက်သဖြင့် အင်ကြင်းကျောက်အချောထည်ပြုလုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ အင်ကြင်းကျောက်အချောထည်လုပ်ငန်း ( KSM Monywa Jewellery )အကြောင်းကို တင်ပြလိုက်ရပါသည်။

   KSM တွင်းထွက် ကျောက်အချောထည်ထုတ်လုပ်ရေးလုပ်ငန်းကို မုံရွာစက်မှုဇုန်တွင်ထုတ်လုပ်ပြီး Online မှတစ်ဆင့် ရောင်းချလျက်ရှိပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး အမှာများလျှင် စစ်ကိုင်းမြို့ရှိ ကျောက်အချောထည်လုပ်ငန်းများသို့ ကုန်ကြမ်းပေးကာ အရေအတွက်ဖြင့် ထုတ်လုပ်ခိုင်းကြောင်းသိရပါသည်။ အင်ကြင်းကျောက်ဖြင့် ထုတ်လုပ်သည့်ပစ္စည်းမှာ အမျိုးအစားပေါင်း ၅၀ကျော်ပါသည်။ ၎င်းအင်ကြင်းကျောက်အပြင် ထန်းကျောက်၊ ကျောက်စိမ်း၊ အခြားတန်ဖိုးနည်းကျောက်ဖြစ်သည့် မဟူရာ၊ အလင်းမှုန် စလင်းကျောက်၊ အလင်းပိတ်သလင်းကျောက်များနှင့်တွဲဖက်၍ ဆွဲကြိုး၊ လက်ကောက်၊ လက်ပတ်၊ ဆွဲသီးများနှင့်  အိမ်တွင်းအလှဆင်ပစ္စည်းများကို တန်ဖိုးနည်းကျောက်များဖြင့် Value Added ထုတ်လုပ်ရောင်းချနေပါသည်။ အင်ကြင်းကျောက်ကို ကနီ၊ အရာတော်၊ ပုလဲ၊  ယင်းမာပင်၊ ဘုတလင်၊ မင်းကင်း၊ ကလေးဝနှင့် ကန့်ဘလူတို့မှ ဝယ်ယူကြောင်းသိရသည်။ မြောင်မြို့တောင်ဘက် ၃မိုင်ခန့်အကွာ လှေတင်ဦးကျေးရွာအနီးရှိ ဆင်ဂေါင်းတောင်တွင် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းများဖြင့်ထုလုပ်ထားသော နဂါးရုံဘုရား၊ စေတီနှင့်ဓမ္မာရုံ၊ နဂါးရုပ်ထုများရှိသဖြင့် ဆင်ဂေါင်းတောင်ကျောက်နဂါးဟု နာမည်ထင်ရှားကျော်ကြားပါသည်။ ဆင်ဂေါင်းတောင်ကျောက်နဂါးတွင် အင်ကြင်းကျောက်နှင့်ထုထားသည့် ကလေးအရုပ်လေးများ၊ လာဘ်ခေါ်လိပ်ရုပ်များ၊ နေ့နံရုပ်တုများ၊ ဘိုးဘိုးအောင်ရုပ်ထုများကို အဆောင်အဖြစ် ဝယ်လိုအားပိုမိုများကြောင်းသိရပါသည်။

   အဆောင်ယတြာအဖြစ် အသုံးပြုသည့်ပန်းပုများကို အရွယ်အစားအားဖြင့် တစ်လက်မမှ ခြောက်လက်မခန့်အထိထုတ်လုပ်ရသည်။ ဈေးနှုန်းအနေဖြင့် အရွယ်အစားပေါ်မူတည်၍ ကျပ်ငါးရာမှ ကျပ်ငါးသောင်းခန့်အထိ ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။ စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူမှုအများဆုံးဖြစ်သည့် လာဘ်ခေါ်လိပ်ရုပ်အကောင်ရေ သုံးသောင်းကျော်အထိ နှစ်စဉ် ထုလုပ်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ အဆောင်ယတြာအမျိုးအမည်သစ်အဖြစ် ဘိုးဘိုးအောင်ပုံတူ အဆောင်ရုပ်ထု(၂လက်မ)နှင့် မြောင်မြို့အနီး ကျောက်နဂါးဈေးကွက်တွင် အရောင်းသွက်ဆုံးဖြစ်သည့် ကျောက်ကလေးပုံတူ ရုပ်တု(၂လက်မ)တို့ကို အများဆုံးထုလုပ်လျက်ရှိပြီး လစဉ် အဆောင်ရုပ်တုများကို မှာယူမှုအပေါ်မူတည်၍ ထုလုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်

      တစ်လက်မအရွယ်ရှိသော လိပ်ရုပ်လာဘ်ကောင်တစ်ကောင်လျှင် လက်လီရောင်းဈေးမှာ ၁၅ဝဝကျပ်၊ လက်ကားရောင်းဈေးမှာ ၁ဝဝဝကျပ်၊  တစ်လက်မခွဲတစ်ကောင်လျှင် လက်လီရောင်းဈေးမှာ (၃ဝဝဝ)ကျပ်၊ လက်ကားရောင်းဈေးမှာ ၂ဝဝဝကျပ်၊   ဆင်ရုပ် တစ်လက်မအရှည်တစ်ကောင်လျှင် လက်လီရောင်းဈေးမှာ ၄ဝဝဝကျပ်၊ လက်ကားရောင်းဈေးမှာ ၂ဝဝဝကျပ်၊ ဆင်ရုပ် နှစ်လက်မအရှည်တစ်ကောင်လျှင် လက်လီရောင်းဈေးမှာ ၇ဝဝဝကျပ်၊ လက်ကားရောင်းဈေးမှာ ၃၅ဝဝကျပ်၊ ဆင်ရုပ် သုံးလက်မအရှည်တစ်ကောင်လျှင် လက်လီရောင်းဈေးမှာ ၁၅ဝဝဝကျပ်၊ လက်ကားရောင်းဈေးမှာ ၈ဝဝဝကျပ်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြကြောင်းသိရပါသည်။

    အဆောင်ယတြာပြုလုပ်သည့် အင်ကြင်းကျောက်၊ ပန်းပုရုပ်များ ဝယ်လိုအားများပြားလာသည့်နောက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ကျောက်ဆစ်လုပ်ငန်းများသာမက စစ်ကိုင်းမြို့နယ်အတွင်း ကျောက်ဆစ်ပန်းပုလုပ်ငန်းများ၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့ကြောင်းသိရပါသည်။

   မူဆယ်တစ်ဘက်ကမ်း တရုတ်ပြည်နယ်စပ်မြို့ရှိ ပန်းထိမ်လုပ်ငန်း၊ အင်ကြင်းကျောက်အချောထည်လုပ်ငန်းတို့၌ မြန်မာပြည်နိုင်ငံသားအများအပြား လုပ်ငန်းခွင်ဝင်နေသည်ကိုသိရပါသည်။ အင်ကြင်းကျောက်အရုပ်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပအဓိကဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ ဟောင်ကောင်၊ ဥရောပ၊ မကာအိုဈေးကွက်များကပါ အင်တာနက်မှတစ်ဆင့် မှာယူကြကြောင်းသိရှိရပါသည်။

      အင်ကြင်းကျောက်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်၌ နိုင်ငံပေါင်း ၂၇နိုင်ငံတွင်သာတွေ့ရှိရသော ၎င်းမှာ ရုပ်ကြွင်းကျောက်တစ်မျိုးဖြစ်ပြီး တစ်နေရာတည်းတွင် များပြားစွာမတွေ့ရှိရခြင်း၊ တွေ့ရှိသောအင်ကြင်းကျောက်များသည်လည်း  အလင်းပေါက်ကျောက်သားမဟုတ်သဖြင့် အရည်အသွေးကောင်းမွန်မှုမရှိခြင်းကြောင့် အင်ကြင်းကျောက်သည် ရှာပါးသောကျောက်အမျိုးအစားတွင်ပါဝင်သဖြင့် အရည်အသွေးကောင်းသောကျောက်မျက်တန်းဝင် ကျောက်များထွက်ရှိသည့် မြန်မာနိုင်ငံထွက် အင်ကြင်းကျောက်သည် ပြည်တွင်း/ပြည်ပဝယ်လိုအားမြင့်တက်ဆဲ ကျောက်တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)