Main menu

တူယှဉ်နွဲပျော်ပြင်ဦးလွင်မီးပုံးပျံပွဲတော်

Powered by Drupal
Wed, 10/25/2023 - 10:41 -- consumer_admin

    ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင် တည်ရှိပြီး ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ၃၀၀၀ကျော်တွင် တည်ရှိသည့် အေးချမ်းလှသည့် တောင်ပေါ်ဒေသမြို့ဖြစ်သည်။ မန္တလေးမြို့မှ အရှေ့မြောက်ဘက် ၄၂မိုင် အကွာတွင် တည်ရှိပြီး မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချိုမြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို မေမြို့၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြေ၊ ပန်းမြို့တော် စသည်ဖြင့် အမည်အမျိုးမျိုးမှည့်ခေါ်ကြသည်။

   ပြင်ဦးလွင်မြို့သည် မန္တလေးနှင့်အလှမ်းမဝေးလှသော်လည်း အေးချမ်းနေပျော်သည့် ရာသီဥတု ကြောင့် မန္တလေးနှင့် အနယ်နယ်အရပ်ရပ်မှ သွားရောက်လည်ပတ် အပန်းဖြေအနားယူကြသည့် တောင်ပေါ်ဒေသတစ်ခုလည်းဖြစ်ပါသည်။ ရာသီဥတုအေးမြသောကြောင့် ပတ်ဝန်းကျင် ရှုခင်းလှပ   သာယာပြီး ဟင်းသီးဟင်းရွက်သစ်သီးသစ်နှံ ပန်းမန်များကောင်းစွာ ဖြစ်ထွန်းသည့် တောင်ပေါ်ဒေသ တစ်ခုလည်းဖြစ်သည်။ ကော်ဖီ၊စတော်ဘယ်ရီ၊နာနတ်စသည်တို့ အဓိကစိုက်ပျိုးပြီး ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ခရမ်းချဉ်သီး၊ကိုက်လန်စသည့် ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထွက်ရှိသည်။ ထို့ပြင် ယူကလစ်ပင်၊ထင်းရှုးပင်၊ဝက်သစ်ချပင်များကဲ့သို့  နှစ်ရှည်ပင်ကြီးများကိုလည်း တွေ့မြင်နိုင်သည်။ ဂန္ဓမာ၊မေမြို့ပန်း၊ဒေလီယာစသည့် ပန်းမန်များလည်းစိုက်ပျိုးကြပြီး မန္တလေးပန်းဈေးတွင် အဓိကရောင်းချကြသည်။

     အပန်းဖြေမြို့ဖြစ်သောကြောင့် ဆယ့်နှစ်လရာသီဘုရားဖူးလည်ပတ်သူများနှင့် ပြည့်နေသလို ပွင့်လင်းရာသီများတွင် ပိုမိုလာရောက်လည်ပတ်သူများပြားသည်။ ပြင်ဦးလွင်မြို့တွင် ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ ပိတ်ချင်း မြောင်လှိုဏ်ဂူ(နန္ဒာမူလှိုဏ်ဂူ)၊ ဘီအီးဖောရေတံခွန်(ပွဲကောက်ရေတံခွန်)၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် မြတ်စွာဘုရား၊ နှီးဘုရား၊ ဒီဇင်ဘာခြံ၊ တရုတ်ဘုံကျောင်း၊ ဂုတ်ထိပ်တံတား  စသည့် အထင်ကရနေရာများစွာရှိသည်။

    ပြင်ဦးလွင်မြို့တွင် အထင်ကရလည်ပတ်စရာ နေရာမြောက်မြားစွာ ရှိသည့်အနက် မဟာအံ့ထူးကံသာဘုရားကြီးအနီးရှိ မီးပုံးပျံကွင်းအတွင်းတွင် တန်ဆောင်မုန်းလပြည့်နေ့မရောက်မီ (၃) ရက်နှင့် တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိ ကျင်းပသည့် ပြင်ဦးလွင်မီးပုံးပျံ ပွဲတော်သည် အစည်ကားဆုံး၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်အလည်ပတ်ဆုံး ပွဲတော်တစ်ခုဖြစ်သည်။ကိုဗစ်-၁၉ရောဂါများကြောင့် ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁နှစ်များတွင် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခင်နှစ် ၂၀၂၂ တွင် ပြန်လည် ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း (၁၇) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ-(၂၄)ရက်နေ့မှ (၂၈) ရက်နေ့အထိ ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲ၊ ဆီမီး ၉၀၀၀ ပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရေးကော်မတီမှ သိရှိရသည်။

     ယခင်နှစ်များက ရပ်ကွက်၊ကျေးရွာအသီးသီးမှ အဖွဲ့ (၄၆) ဖွဲ့မှ ပြိုင်ပွဲဝင် နေ့အလှအရုပ် မီးပုံးပျံများ၊  ညမီးကျည် မီးပုံးပျံ ၁၄လုံး ၊ စိန်နားပန်မီးပုံးပျံ၁၆လုံး တို့ဖြင့် အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး  ယခုနှစ်တွင်လည်း နေ့ပိုင်းအစီစဉ်များအဖြစ် နေ့အရုပ်အလှမီးပုံးပျံအလှ၊လွှတ်တင်ပူဇော်ခြင်း၊ ပိုက်ကျော်ခြင်းပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲများစသည်တို့ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး၊ ညပိုင်းအစီအစဉ်များအဖြစ် ညမီးကျည်၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

      ထို့ပြင် ပြင်ဦးလွင်ဒေသထွက် ထုတ်ကုန်များ ၊ စားစရာအစုံအလင်နှင့် အနယ်နယ်အရပ်ရပ်မှ ဈေးဆိုင်ခန်းများ ပါဝင်သည့် ဈေးပွဲတော်လည်းပါဝင်မည်ဖြစ်သောကြောင့် တစ်ခါတစ်ခေါက် အရောက် လှမ်းခဲ့စေလိုပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)