Main menu

တနိုင်တပိုင်မှသည် စီးပွားဖြစ်ငါးတန်မွေးမြူနိုင်ရေး

Powered by Drupal
Tue, 10/24/2023 - 13:46 -- consumer_admin

   ၂၀၂၃-၂၀၂၄ ခုနှစ် မွန်ပြည်နယ်အတွင်း ငါး/ပုဇွန် မွေးမြူရေးကဏ္ဍတွင် ငါး/ပုစွန် မွေးမြူရေးကန် (၂၁၃၅.၅၅)ဧက အား ငါးမွေးတောင်သူ (၁၉၆)ဦးမှ လုပ်ကိုင်လျက်ရှိသည်။ ငါးမွေးတောင်သူများအနေဖြင့် ငါးတန်တစ်မျိုးတည်းသီးခြားမွေးမြူခြင်း မဟုတ်ဘဲ ငါးမြစ်ချင်း၊ငါးခုံးမကြီး၊ရွှေဝါ ငါးကြင်း၊ရေချိုငါးမုတ် ရောနှော၍ မွေးမြူကြသည်။ ငါးကန်ပေါ်တွင်လည်း ကြက်ခြံမွေးမြူပြီး တနိုင်တပိုင် ပေါင်းစပ်မွေးမြူခြင်းလည်း ဆောင်ရွက်လေ့ရှိကြသည်။

ငါးတန်မွေးမြူရေးပြန့်နှံ့မှု၊‌ဂေဟစနစ်နှင့်ဇီဝဗေဒ

          ငါးတန်ငါးများသည် မဲခေါင်မြစ်၊ ကျောက်ဖရားမြစ်နှင့် မဲခေါင်းမြစ်ဝှမ်းဒေသများ (ကမ္ဘောဒီးယား၊လာအို၊ထိုင်းနှင့် ဗီယက်နမ်)တွင်လည်းကောင်း မြန်မာနိုင်ငံတွင် ဧရာဝတီ မြစ်ဝှမ်းဒေသတို့တွင် ပြန့်နှံ့တွေ့ရှိကြောင်း သိရှိရပါသည်။ ရာသီအလိုက် နေရာပြောင်းရွှေ့ ကျက်စားသော မြစ်ငါးအမျိုးအစားဖြစ်ပါသည်။ အပင်နှင့်မျောလှေများ အင်းဆက်ပိုးများကိုစားသုံးပြီး သက်ကြီးကောင်များမှာ သစ်သီးသစ်ရွက်များ၊ ငါးငယ်ပုဇွန်ငယ်များကို စားသုံးကြပါသည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမျိုးစိတ်ငါးတန်ကို တင်သွင်း၍ သားဖေါက်မွေးမြူခြင်းကို ၁၉၉၀ ခုနှစ်တွင်စတင်ခဲ့သည်။        အရွယ်ရောက်လာသည့် ငါးတန်သည် အလျား(၁၃၀) စင်တီမီတာ၊ အလေးချိန် (၄၄)ကီလိုဂရမ် ထိရှိပြီး စမွေးချိန်မှ အရွယ်ရောက်ရန် အမ(၃)နှစ်၊အထီး(၂)နှစ် ကြာမြင့်ပြီး (၁၀)ကီလိုဂရမ်ရှိသော အမတစ်ကောင်၏ သားပေါက်နှုန်းမှာ ဥ(၁)သန်းခန့်ရှိကြောင်း၊ သဘာဝရေပြင်တွင် တစ်နှစ်လျှင်(၂)ကြိမ်သားပေါက်ပြီး ရက်သတ္တပတ်(၆)ပတ်မှ (၁၇)ပတ်အတွင်း၌ ဒုတိယအကြိမ် သားပေါက်ကြောင်း သိရှိရသည်။ သဘာဝမှစုဆောင်းသော သားပေါက်များဖြင့် စတင်မွေးမြူရာမှ ယခုအခါ သားဖောက်စခန်းမှထုတ်လုပ်သော ငါးသားပေါက်များဖြင့် ‌ပြောင်းလဲ မွေးမြူလာကြပါသည်။ပျော်ဝင် အောက်စီဂျင် DO(05.-0.1 ppm) နည်းသော ရေတွင်သော်လည်းကောင်း၊ ရေထုညစ်ညမ်းမှု မြင့်မားသည့်အခြေအနေ(Chemicl Oxygen Demand COD; 25 ppm) တွင်သော်လည်းကောင်း ရှင်သန်နိုင်သဖြင့် (၀.၅ မှ ၂.၅)ဧက ကန်များဖြင့် မြစ်ချောင်းငယ်များ၏အနီးအနားတွင် မွေးမြူကြသည်။

အစာနှင့်အစာကျွေးခြင်း

          ငါးပေါင်မုန့်၊ဖွဲနုကဲ့သို့ အစာကုန်ကြမ်းများအား ရောစပ်ကျွေးမွေးသကဲ့သို့ အသင့်ကျွေးမွေးနိုင် သည့် စက်ရုံထုတ်အစာအတောင့်များဖြင့်လည်း ကျွေးမွေး၍မွေးမြူကြသည်။ ကိုယ်တိုင်ရောစပ် အစာမှာ ကုန်ကျစရိတ်သက်သာသော်လည်း အစာမှအသားပြောင်းလဲသောအချိုး (FCK)မှာ (၂.၈မှ ၃.၀) အထိများပြားပြီး ငါးကန်အရည်အသွေးကိုလည်းပျက်စီးစေပါသည်။ စက်ရုံထုတ်အစာတောင့်၏ (FCK)မှာ အများအားဖြင့် (၁.၇မှ ၁.၉)အထိနည်းပါးသည်။ ငါးမွေးမြူထုတ်လုပ်မှု စရိတ်၏ ၆၅.၈၅ ရာခိုင်နှုန်းမှာ အစာအတွက် ကုန်ကျမှုဖြစ်ကြောင်းသိရှိရပါသည်။

တနိုင်တပိုင်ငါးတန်မွေးမြူရန်နှင့် စီးပွားဖြစ်မွေးမြူရန်ငါးသားပေါက်လိုအပ်ချက်များ

          ငါးတန်တစ်နိုင်တစ်ပိုင်မွေးမြူရေးအား (၀.၅ မှ ၃.၀)ဧကခန့်ဖြင့် စတင်မွေးမြူနိုင်ပြီး၊ ငါးမွေးတောင်သူများအနေဖြင့် လက်ရှိလုပ်ကိုင်လျက်ရှိသည့် ငါးမွေးကန်များတွင်မွေးမြူဆောင်ရွက်နိုင်သဖြင့် မြေနေရာရရှိမှုအတွက် အခက်အခဲမရှိနိုင်ပေ။ ကြက်၊ ဝက်၊ ဘဲ တိရိစ္ဆာန်များနှင့် ငါးရောနှော  မွေးမြူခြင်းစနစ်သည် စားနပ်ရိက္ခာဖူလုံမှုရှိသော်လည်း အစာအာဟာရ ဘေးကင်းလုံခြုံမှု မရှိနိုင်ပေ။ ရောနှောစနစ်ဖြင့်မွေးမြူခြင်းကြောင့် အစာကုန်ကျမှု သက်သာပြီးသတ္တဝါ(၂)မျိုးမှတစ်မျိုး၏ အကျိုးအမြတ်တိမ်းစောင်းမှုအား ကုစားနိုင်မှုရှိပါသည်။ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းအတွက် နည်းပညာနှင့်ငါးသားပေါက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ငါးမွေးမြူရေးဇုန် သီးခြားဖော်ထုတ်ရန် မြေနေရာလိုအပ်ပါမည်ဖြစ်ပြီး တစ်ဆက်တစ်စပ်တည်း အနည်းဆုံးဧက (၁၀၀)မှ (၁၀၀၀)ထိ ဖော်ထုတ်ဆောင်ရွက်နိုင်ပါသည်။ လုပ်ငန်းရှင်တစ်ဦးမှသော်လည်းကောင်း၊ အများစုပေါင်း၍သော်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါသည်။ ငါးမွေးမြူရန်အတွက် အဓိကကျသောမွေးမြူရေး စံချိန်မီသော ရေအရည်အသွေးရရှိရေးသည် မွေးမြူရေးဇုန် ဖော်ဆောင်ရန်အတွက် အထူးအရေးကြီးပါသည်။ စီးပွားဖြစ် ငါးတန်မွေးမြူနိုင်ရန် တစ်ဦးလျှင် (၂၅)ဧက မြေယာပိုင်ဆိုင်မှုလိုအပ်မည်ဖြစ်ပြီး (၅)ဧကသည် သားပေါက်နှင့် ငါးဖြန်းပြုစုရန်ဖြစ်ပြီး (၂၀) ဧကသည် အသားတိုးမွေးမြူရန် အကောင်းဆုံးဖြစ်သည်။ ကုန်ထုတ်လမ်းများ၊ ရေသွင်းရေထုတ်မြောင်းများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့သည် ငါးတန်မွေးမြူရေးအတွက် အရေးပါသောအရာများဖြစ်သည်။ စီးပွားဖြစ်ငါးမွေးမြူရေးဇုန် တစ်ခု အနေဖြင့် အနည်းဆုံး ဧက(၃၀၀)ခန့် ဖော်ထုတ်ဆောင်ရွက်သင့်သည်။ စီးပွားဖြစ်ငါးတန်မွေးမြူရန် တစ်ဧကလျှင် ကောင်ရေ(၃၀၀၀)နှုန်းလိုအပ်မည်ဖြစ်ရာ အနည်းဆုံး ယူနစ် ဧက(၁၀၀)အတွက် ကောင်ရေ (၃)သိန်း လိုအပ်မည်ဖြစ်သည်။ ဧက(၃၀၀) အတွက် မျိုးစစ်မျိုးမှန် ငါးသားပေါက်များထုတ်လုပ်ရန် သားဖောက်ယူနစ်(၁)ခု ဆောက်လုပ်ရန် ငါးမွေးမြူရေးဇုန်အတွင်း၌ ဧက(၂၀)အား တည်ဆောက်လျာထားရန် လိုအပ်ပါမည်။ ငါးတန် စီးပွားဖြစ်မွေးမြူနိုင်ရန် မိမိနိုင်ငံအတွင်းရှိ ပြန့်နှံ့နေပြီးသော မျိုးစိတ်များမှ ဈေးကွက်ဝင်ငါးမျိုးစိတ်အား ရွေးချယ်ဝယ်ယူရန် လိုအပ်မည်ဖြစ်သည်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံတော်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ပါဝင်မည်ဖြစ်ပါသည်။ အခြေခံမြေယာရရှိမှုနှင့်ပိုင်ဆိုင်မှုကိစ္စရပ်များ လမ်းတံတား၊ ရေမြောင်း၊လျှပ်စစ်မီးစသည့် အခြေခံအဆောက်အဦးကဏ္ဍများသည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေး နိုင်သည့်ကဏ္ဍဖြစ်ပြီး ငါးမွေးကန်များတည်ဆောက်ခြင်း၊မွေးမြူခြင်း၊ သားပေါက် ထုတ်လုပ်ခြင်း၊ အစာထုတ်လုပ်ခြင်းများသည် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်ရမည့်ကဏ္ဍဖြစ်ပါသည်။ နိုင်ငံတော်ကဏ္ဍမှ ဆောင်ရွက်ပေးရမည့်ကဏ္ဍများ ဆောင်ရွက်ပြီးပါက ရင်းနှီးမြှုပ်နှံလိုသူများ လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အကြံပြုချက်

          ဒေသတွင်း တနိုင်တပိုင်မှသည်စီးပွားဖြစ် ငါးတန်မွေးမြူခြင်းဖြင့်  အလုပ်အကိုင်အသစ် များပေါ်ထွက်ခြင်း (Job Creation)၊ သွင်းကုန်အစားထိုးနိုင်ခြင်း ( Import Substituton)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးပြီးလူနေမှုစနစ်တိုးတက်လာခြင်း (Rural Development and Livelihood Improvement)၊ ပြည်ပပို့ကုန် တိုးမြှင်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုတိုးမြှင့်ရရှိနိုင်ခြင်း (Increase in Export Products and Foreign Income) စသည့် အခွင့်အလမ်းများ ပေါ်ပေါက်ရရှိလာမည် ဖြစ်သောကြောင့် ငါးမွေးတောင်သူများအနေဖြင့် ငါး / ငါးတန်မွေးမြူနိုင်ပါရန် တိုက်တွန်းလိုက်ရပါသည်။

DOCA(မွန်)