Main menu

တစ်နိုင်တစ်ပိုင် ငရုတ်သီးနှမ်းကပ်ကြော်

Powered by Drupal
Wed, 10/18/2023 - 10:57 -- consumer_admin

    ငရုတ်သီးသည် အစပ်ကြိုက်သူများအတွက် ထမင်းဝိုင်းများတွင် မပါမဖြစ်ဟုဆိုရမည်ဖြစ်သည်။ ငရုတ်သီးသည် အပူ၊ အစပ် အရသာရှိသောကြောင့် အရသာများစွာထဲမှ အစပ်ကြိုက်သူပိုမို များပြားလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ငရုတ်သီးစားသုံးခြင်း၏ အကျိုးကျေးဇူးအနေဖြင့် ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အအေးမိဖျားနာခြင်းများကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုလျော့ကျ စေနိုင်ခြင်း၊ ခေါင်းကိုက်ဝေဒနာများကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ တန်ဆေး၊ လွန်ဘေးဆိုသည့်အတိုင်း အစပ်အလွန်အကျွန်စားသုံးမိလျှင်လည်း မိမိတို့ ခန္ဓာကိုယ်အတွက် အကျိုးမရှိနိုင်ပေ။ ငရုတ်သီးကို အရှေ့တောင်အာရှနိုင်ငံများတွင် တော်တော်များများ အသုံးပြုလျက်ရှိကြပေသည်။ မြန်မာနိုင်ငံတွင် ငရုတ်သီးအမျိုးအစားအနေဖြင့် ရွှေအပ်၊ မိုးမျှော်၊ ကုလားအော် စသည့်အမျိုးအစားများ ထွက်ရှိလေ့ရှိပေသည်။ ငရုတ်သီးသည် စားသုံးသူတို့အကြိုက်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြသည်။ ဥပမာ- ငရုတ်သီးအားကြော်၍ ထမင်းနှင့် ကပ်စားလေ့ရှိကြသလို အစိမ်းလိုက်လွယ်ကူစွာ စားလေ့ရှိကြသည်။ မြန်မာတို့၏ အသုပ်များထဲတွင် လည်းမပါမဖြစ် နေရာယူထားသူသည် ငရုတ်သီးပင်ဖြစ်ပေလိမ့်မည်။ ယခုအခါအိမ်ရှင်မတို့သည် မိသားစု တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ငရုတ်သီးအား လူကြီး၊ လူငယ်အကြိုက်တွေ့စေရုံသာ မက ထမင်းနှင့်အပြင် အပျင်းပြေရေနွေးကြမ်းနှင့်ပါ အသင့်စားသုံးရန် ငရုတ်သီးကိုနှမ်းများများဖြင့် အစာပလာများရောနှောပြီး ငရုတ်သီးနှမ်းကပ်ကြော်အနေဖြင့် ရောင်းချလျက်ရှိကြပေသည်။ ပြုလုပ် ပုံအနေဖြင့် ဦးစွာ ငရုတ်သီးအခြောက်အား ဓားဖြင့်ခွဲပြီး အစေ့များထုတ်၍ ရေနွေးဖြင့် အရင်ပြုတ်ရပါမည်။ အနေတော်အနေအထားရောက်သည်ဆိုပါက ငရုတ်သီးပြုတ်အား ကြက်ဥအကာ၊ အကြော်မှုန့်၊ ဆား၊ အရသာမှုန့်၊ နှမ်းများများဖြင့် ရောစပ်၍ မီးအေးအေးဖြင့် ကြော်ထားရပါမည်။ စားသုံးရန်သင့်သည့် အနေအထားရောက်ပြီဆိုပါက အအေးခံ၍ လွယ်ကူစွာစားသုံးနိုင်ပြီဖြစ်ပါသည်။ ထိုသို့လွယ်ကူစွာပြုလုပ်နိုင်သော ငရုတ်သီးနှမ်းကပ်ကြော်များကို တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် အိမ်ဆိုင်၊ စားသောက်ဆိုင် (သို့) Online ဈေးကွက်ပေါ်တွင် အသေစား၊ အငယ်စား၊ အလတ်စား စီးပွားရေးတစ်ခုအနေဖြင့် လုပ်ကိုင်လာကြသည်။ ရောင်းချသူများသည် စားသုံးသူများ၊ အဆင်ပြေစေရန် အွန်လိုင်းဈေးကွက်ပေါ်တွင် ကြော်ငြာ၍ မြို့တွင်းမှာယူလိုပါက အိမ်အရောက်ငွေချေစနစ်ဖြင့်သော်လည်းကောင်း၊ အမြို့မြို့အနယ်နယ်မှမှာယူသော စားသုံးသူများအတွက် ကားဂိတ်များဖြင့်လည်ကောင်း တစ်နိုင်တစ်ပိုင်ရောင်းချလေ့ရှိကြပေသည်။ ဈေးနှုန်းအနေဖြင့် ငရုတ်သီးနှမ်း ကပ်ကြော်များကို အသင့်စားတစ်ခါသုံးဗူးများ၊ အထုပ်များဖြင့် ရောင်းချကြပေသည်။ ဗူးလတ်ဆိုဒ်အနေဖြင့် ၃၀၀ဝိ/- ကျပ်မှ ၃၅၀ဝိ/- ကျပ်၊ အထုပ်အလတ်ဆိုဒ်အနေဖြင့် ၁၅၀ဝိ/- ကျပ်မှ ၁၇၀ဝိ/- ကျပ် စသည့် ဗူး (သို့) အထုပ်ဆိုဒ်ပေါ်မူတည်၍ ဈေးအမျိုးမျိုးဖြင့် ရောင်းချလေ့ရှိကြသည်။ ငရုတ်သီး        နှမ်းကပ်ကြော်အရသာ အနေဖြင့် ကြွပ်ရွပြီးအစပ်ပေါ့သောကြောင့် အစပ်မကြိုက်သောသူများအတွက်ပါ စားသုံးနိုင်ပေသည်။ ထို့ကြောင့် ငရုတ်သီးသည် အပူ၊ အစပ် အရသာရှိသော်ငြားလည်း လူသားတို့  နေ့စဉ် စားသုံးနေသည့် အစားအစာများထဲတွင် ရှောင်လွဲ၍ မရနိုင်သော အရသာပင်ဖြစ်ပေသည်။

DOCA(ရှမ်း)