Main menu

မွေးမြူရေးဖြည့်စွက်အစာ အေဇိုလာ (ခေါ်) ရေကျောက်ခက်

Powered by Drupal
Tue, 10/17/2023 - 15:00 -- consumer_admin

    တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်အကျုံးဝင်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ရေးသည်လည်း စီးပွားရေးဦးတည်ချက်တစ်ချက်အဖြစ် နိုင်ငံတော်မှချမှတ်ထားပါသည်။

     စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စိုက်ပျိုးရေးထုတ်ကုန်တို့ကို မွေးမြူရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချခြင်းအားဖြင့် အကျိုးရှိသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ သို့သော် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိလာသော  လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ပြောင်းဆန်၊ ဖွဲနု၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ပဲမှော်၊ ပဲဖတ်၊ နှမ်းဖတ် စသည်တို့အား မွေးမြူရေးလုပ်ငန်းတွင် တိရိစ္ဆာန်အစားအစာအဖြစ် တိုက်ရိုက်အသုံးပြုခြင်းသည် ကုန်ကြမ်းဈေးနှုန်းကြီးမြင့်မှုရှိသဖြင့် မွေးမြူရေးလုပ်ငန်းများအတွက် မျှော်မှန်းသလောက် အကျိုးအမြတ်ရရှိနိုင်မှုနည်းပါးကြောင်းတွေ့ရှိရပါသည်။

    ထို့ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရိစ္ဆာန်အစားအစာများဖြစ်သော လယ်ယာထွက်ကုန်ကြမ်းပစ္စည်းများဖြစ်သည့် နေဗီယာမြက်၊ အစ္စရေးမြက်တို့ကို ဖြည့်စွက်စာများအဖြစ် သုံးစွဲလာကြသည်ကိုတွေ့ရသည်။ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာ (ဖြည့်စွက်စာ)  နေဗီယာမြက်၊ အစ္စရေးမြက်များအပြင် အေဇိုလာ (ခေါ်) ရေကျောက်ခက်ကို ဖြည့်စွက်စာအဖြစ် သုံးစွဲလာကြသည်။ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာများ ဈေးနှုန်းကြီးမြင့်မှုလျှော့ချရန် အထောက်အကူပြုနိုင်သည့် ကုန်ကြမ်းနေရာများတွင် ယခုလက်ရှိ၌ ဝင်ရောက်ထိုးဖောက်လာပြီး ရေပန်းစားတွင်ကျယ်လာသော မွေးမြူရေးဖြည့်စွက်အစာ  အေဇိုလာ (ခေါ်) ရေကျောက်ခက်အပင်များအကြောင်း လေ့လာကြည့်စေလိုပါသည်။

   အေဇိုလာအပင်များ၏ အသုံးဝင်ပုံတို့ကိုမလေ့လာခင် ၎င်း၏သမိုင်းကြောင်းကိုလေ့လာကြည့်ပါက အေဇိုလာကို လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀)ကျော်ကတည်းက ဇီဝမြေသြဇာ၊ သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာနှင့် တိရိစ္ဆာန်အစာအဖြစ် တရုတ်ပြည်၌ စတင်အသုံးပြုခဲ့ကြသည်ဟုဆိုပါသည်။ ဗီယက်နမ်နိုင်ငံတွင် စပါးစိုက်ပျိုးသောနေရာများ၌ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အေဇိုလာကို ကောင်းစွာအသုံးပြုခဲ့ကြောင်းသိရှိရပါသည်။ လက်ရှိကမ္ဘာ့နိုင်ငံအများအပြားတွင်မူ အေဇိုလာကို စိုက်ပျိုးရေးလုပ်ငန်းသုံးမြေသြဇာအဖြစ် သုံးစွဲလျက်ရှိသကဲ့သို့ တိရစ္ဆာန်မွေးမြူရေးကဏ္ဍတွင်လည်း အာဟာရတန်ဖိုးမြင့်အစာအဖြစ် တွင်ကျယ်စွာ အစားထိုးအသုံးပြုနေကြောင်းသိရှိရပါသည်။

    ဘက်စုံအသုံးဝင်သော အေဇိုလာ (ခေါ်) ရေကျောက်ခက်အပင်များသည် မြန်မာနိုင်ငံတွင် ပေါပေါများများတွေ့ရှိရသော သဘာဝပေါက်ပင်မျိုးဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးတွင် အလွန်အရေးပါ၍ စိုက်ပျိုးသင့်သောအပင်မျိုးဖြစ်သည်။ အေဇိုလာသည် ရေမျက်နှာပြင်တွင်ပေါက်ရောက်သော အစိမ်းရောင်အပင်မျိုးဖြစ်ပြီး တိုတောင်းသောအကိုင်းအခက်၊ ရေပေါ်တွင်နေသော ပင်စည်၊ ရေထဲတွင်တွဲကျနေသည့် အမြစ်များပါသည့် လွတ်လပ်ပေါ့ပါးစွာပေါက်သော အပင်တစ်မျိုးဖြစ်သည်။

      အေဇိုလာတွင် သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်သည့် အမိုင်နိုအက်စစ်၊ အသားဓာတ် (၂၀% မှ ၃၅ %)၊ ဗီတာမင် (Vit A ,Vit B12 နဲ့  Beta Carotene)၊ သတ္တုဓာတ် (Calcium , Phosphorous, Potassium, Magnesium) တို့ပါဝင်သည်။ အေဇိုလာကို ကြက်၊ ဘဲ၊ ဝက်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့် မွေးမြူရေးတိရစ္ဆာန်များအတွက် ဖြည့်စွက်စာ အစာစိမ်းအဖြစ်လည်းကျွေးမွေးနိုင်သကဲ့သို့ ပြုတ်၍လည်းကျွေးမွေးနိုင်ပြီး အစာခြောက်အဖြစ်ပြုလုပ်၍လည်းကျွေးမွေးနိုင်ပါသေးသည်။

       နို့စားနွားများကို အစာနုအပြင် အေဇိုလာဖြည့်စွက်ကျွေးမွေးခြင်းဖြင့် နို့ပေးနှုန်း ၁၀% မှ ၁၅ % အထိတိုးပွားလာစေပါသည်။ ထို့ပြင် ဒေသနွားများကိုကျွေးမွေးပါက အာဟာရရရှိမှုတိုးစေပြီး မွေးမြူရေးအစာဖိုးကုန်ကျစရိတ်လည်းသက်သာစေပါသည်။

         အသားတိုးကြက်များကိုမူ အေဇိုလာကို ဖြည့်စွတ်စာအနေဖြင့် ၅% မှ ၁၅ % စသည်ဖြင့် သင့်လျော်သည့်အတိုင်း ကျွေးမွေးနိုင်ပြီး ဒေသတိုင်းရင်းကြက်များတွင် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖတ် စသောဒေသထွက်အစာများနှင့် အေဇိုလာကို ရောစပ်ပြီးကျွေးမွေးခြင်းဖြင့် အစာဖိုးသက်သာသည့်အပြင် အာဟာရလည်းပြည့်ဝစေပါသည်။

    ဝက်မွေးမြူရေးလုပ်ငန်းများတွင် အေဇိုလာကို ဖြည့်စွက်အစာအဖြစ် ကျွေးမွေးမည်ဆိုပါက အေဇိုလာတွင် အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝက်များတွင်ဖြစ်ပွားတတ်သော ဝမ်းချုပ်ခြင်းကိုလျော့နည်းသက်သာစေသည့်အပြင် ဇီးရှိသောဝက်မများကို ကိုယ်ဝန်ဆောင်ကာလတွင် ကျွေးမွေးသင့်သောအစာတစ်မျိုးလည်းဖြစ်သည်။

     မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အေဇိုလာကို မိမိတို့နေအိမ်တွင် တစ်နိုင်တစ်ပိုင်ကန်ငယ်များဖြင့် သန့်ရှင်းစွာ အလွယ်တကူစိုက်ပျိုးမွေးမြူနိုင်သည်။ စိုက်ပျိုးမည်ဆိုပါက အရွယ်အစား (၄)ပေ (သို့မဟုတ်) (၆)ပေအနက်ရှိသောရေကန်ထဲ၌ မြေသန့်အနည်းငယ်နှင့် နွားချေးတို့ကို ညီညာအောင်ဖြန့်ခင်းပေးပြီး အေဇိုလာ (၁) ကီလိုဂရမ်ထည့်၍ ညီညီညာညာဖြန့်ပေးပြီး ရေအနက်(၅)လက်မမှ (၆)လက်မအထိရှိအောင် စစ်ကြည့်ပေးရပါမည်။ မိုးရာသီတွင် စိုက်ပျိုးပါက အကြီးပိုမြန်စေသည်။ အရွယ်အစား (၄)ပေ (သို့မဟုတ်) (၆)ပေရှိသော ကန်တစ်ကန်မှ တစ်နေ့လျှင် မွေးမြူရေးအစာအဖြစ် (၁)ကီလိုခန့်ပြန်ထောက်ပံ့ပေးနိုင်သည်။ အဓိကအရေးကြီးသည့်အချက်မှာ ဆားရေမဖြစ်ဖို့ရန်လိုအပ်ကြောင်းနှင့် ရေငန်ဆိုလျှင် လုံးဝဖြစ်ထွန်းနိုင်မည်မဟုတ်ကြောင်းသိရှိရပါသည်။  

   အေဇိုလာကို အခြားအလေ့ကျပေါက်သောကန်များမှ ရိတ်သိမ်းကျွေးမွေးမည်ဆိုပါက ကန်ရေသန့်ရှင်းမှုရှိ/မရှိကို သတိထားကြည့်ရှု၍ ကျွေးမွေးသင့်ပါသည်။ ကန်ရေမသန့်ရှင်းပါက ‌အေဇိုလာကို သန့်ရှင်းသောရေဖြင့် ပြန်လည်ဆေးကြောပြီးမှသာ ကျွေးမွေးသင့်သည့်အပြင် အေဇိုလာနှင့်အတူ ဘောစကိုင်းရွက်အနည်းငယ်ကို ထည့်သွင်းကျွေးမွေးမည်ဆိုလျှင် ကန်ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားတတ်သော တုတ်ကောင်၊ သန်ကောင်များကပ်ရောက်ခြင်းကို ကာကွယ်ပေးပြီးသားလည်းဖြစ်စေပါသည်။ အေဇိုလာကို အခြောက်လှန်းထားပြီး တိရစ္ဆာန်များကိုကျွေးမွေးနိုင်သည့်အပြင် သဘာဝမြေဩဇာများနှင့်ရောစပ်၍လည်း စိုက်ပျိုးရေးသုံးသဘာဝမြေဆွေးအဖြစ်လည်းအသုံးပြုနိုင်ကြောင်း လေ့လာသိရှိရသမျှ စုဆောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)