Main menu

ရောဂါဘယကင်းဝေးဖို့ ကညွတ်စားကြစို့

Powered by Drupal
Mon, 10/16/2023 - 16:20 -- consumer_admin

    ကညွတ်ကို ကညို့(သို့) ကြံညွတ်ဟူ၍လည်း ခေါ်ဆိုကြသည်။ ပင်ပျော့၊ ပင်ငယ်မျိုးဖြစ်သော ကညွတ်ပင်သည် မိုးဦးကျရာသီစာဟင်းသီးဟင်းရွက်ဖြစ်၍ တန်ဘိုးလည်းကြီးမားသဖြင့် လူအများ အမြတ်တနိုးဝယ်ယူစားသုံးကြရသည်။ ကျန်းမာရေးအတွက်ကောင်းကျိုးများသောကြောင့် တန်းဝင် ဟင်းသီးဟင်းရွက်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ၌ စွတ်စိုထိုင်းမှိုင်းသောအရပ် တောင်ပေါ်ဒေသနှင့် အေး သောအရပ်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ဟင်္သာတ၊ ဓနုဖြူ၊ သာယာဝတီနယ်နှင့် တောင်ငူ နယ် တို့တွင် အများဆုံးစိုက်ပျိုးကြသည်။

    ကညွတ်ပင်မျိုးနွယ်စုများအနေဖြင့် ကညွတ်နီ(သို့)ရှဉ့်မတက်၊ ကညွတ်ကလေး(သို့) စား ကညွတ်၊ တောင်ကညွတ်(သို့)ကညွတ်ရိုင်း၊ ကညွတ်(သို့)တောကညွတ်၊ မြေခွေးမြည်း(သို့)ဖန်း အလှပင် စသည်ဖြင့် အမျိုးမျိုးရှိပါသည်။ အများစားသုံးသော ကညွတ်မှာ စားကညွတ်(သို့) ကညွတ်ကလေးမျိုးဖြစ်သည်။ မူရင်းတွေ့ရှိရာဒေသများမှာ အမေရိက၊ ဥရောပ၊ မြောက်အာဖရိက နှင့် အာရှ အနောက်ဒေသများဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော်ကတည်းက ဆေးအဖြစ် မှီဝဲ သည်သာမက နေ့စဉ် ဟင်းလျာအဖြစ် ယနေ့တိုင် စားသုံးလာခဲ့ကြပါသည်။

  ကညွတ်ပင်သည် ပင်‌ပျော့ပင်ငယ်မျိုးဖြစ်ပြီး အပင်ခြေတွင် မြောက်များစွာသောဥများ မျှင်တန်းခါ ပြန့်နှံ့ပေါက်ရောက်ကြသည်။ တစ်နှစ်တစ်ကြိမ် အပင်ထွက်ခါ ပန်းပွင့်၍ အသီးသီးပြီးပါက မြေပေါ်ရှိ အပင်သည် ခြောက်သွေ့သွားပြီး ဥများမှာ လာမည့်နှစ်တွင် အတက်ပြန်ထွက်မည့်မျိုးအဖြစ် ကျန်ရစ်ခဲ့သည်။ အပင်အမြင့်(၅)ပေရှိပြီး အရွက်မှာ အပ်ပုံစံ အစိမ်းရောင်ရှိ၍ သက်တမ်းကုန်သော် အဝါရောင်သို့ ပြောင်းသွားပါသည်။ ပင်စည်မှာ မာဆတ်ပြီး အကိုင်းအခက်များဖြာ၍ အပွင့်မှာ အလွန် သေးငယ်ပြီး ခေါင်းလောင်းပုံသဏ္ဍန်ရှိသည်။

     အသီးသည်လည်း လုံးဝန်းပြီး နုစဉ် အစိမ်းရောင်ဖြစ်၍ မှည့်လျှင် အနီရောင်ပြောင်းလာသည်။ အစေ့သည် အလွန်သေးငယ်ပြီး အသီးတစ်လုံးတွင် (၂)စေ့မှ (၄-၅)စေ့ ထိ ပါဝင်သည်။ ကညွတ်သည် ကယ်လိုရီဓာတ်နည်းပြီး ရေဓာတ်(၉၃.၅)% ၊ အသားဓာတ် (၁.၉)%၊ အဆီဓာတ် (၀.၁၆)%၊ ကာဗို ဟိုက်ဒရိတ် (၂.၀၄)%၊ အမျှင်ဓာတ် (၁.၃၁)%၊ နိုက်ထရိုဂျင်ဓာတ် (၀.၃၁)% ပါဝင်သောကြောင့် ကင်ဆာရောဂါကာကွယ်ခြင်း၊ အရွယ်တင်ခြင်း၊ အဆိပ်အတောက်များဖယ်ရှားစေခြင်း၊ ရောင်ရမ်း ခြင်း၊ ဆီးချိုရောဂါနှင့် နှလုံးကျန်းမာရေးအတွက်လည်း အကျိုးပြုပါသည်။ ထို့အပြင် အစာကြေလွယ်ခြင်း၊ ဆီးချုပ်လျှင်ဆီးရွှင်စေရန် ဓာတ်စာအဖြစ်သုံးနိုင်သည်။ ဆီးလမ်းကြောင်း နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့အတွက်လည်း သင့်လျော်ကြောင်း မြန်မာ့ဆေးဝါးပင်များ ကျမ်းစာအုပ်တွင် ဖော်ပြထားပါသည်။

   အမျှင်ဓာတ်ကြွယ်ဝသော ကညွတ်သည် ဖိုက်ဘာဓာတ်ပါဝင်မှုများ မြင့်မားခြင်းကြောင့် ဖေါင်းပွခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်းကို ကူညီနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသားဖွံ့ဖြိုးမှုအတွက်အကျိုးရှိပြီး ရင်သားကင်ဆာ(သို့)အခြားကင်ဆာများကိုလည်း ပြန့်ပွားမှုကို ဟန့်တားစေနိုင်ပါသည်။ ကွဲပြားသောစမ်းသပ်မှု၊ လက်တွေ့လေ့လာမှုများအရ ပန်ကရိယ ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသဲကင်ဆာနှင့် သားအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာများကို ဆန့်ကျင်နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် အကြိတ်တစ်ရှူးဆဲလ်များ၊ ပြန့်ပွားမှုကို သိသိသာသာတားဆီးနိုင်သည်။ အကြိတ်ကြီးထွားမှုကိုလည်း လျှော့ချနိုင်သည်။ ကင်ဆာရောဂါ တားဆီးရာတွင် အကျိုးရှိသောအာဟာရအစားအစာဖြစ်သည်ဟု အာဟာရစွယ်စုံကျမ်းတွင် ပါရှိပါသည်။

    ချိုဆိမ့်သော အရသာရှိပြီး အပင်စို့ပေါက်ကို ပြုတ်၍လည်းကောင်း၊ ဓားပြားရိုက်၍လည်း ကောင်း ကြော်ချက်၍ စားသုံးနိုင်သည်။ အဖူးကိုရေနွေးဖျော၍ အချဉ်ရည်ချက်စားနိုင်သည်။ ကညွတ်တွင် ဘေးဖြစ်စေတတ်သော ကိုလက်ထရောနှင့် အဆီလုံးဝကင်းရုံသာမက ဗီတာမင်နှင့် သတ္တုဓာတ်တို့ကြွယ်ဝ၍ ကျန်းမာရေးကို လွန်စွာအထောက်အကူပြုပါသည်။ အပူပေးချက်ပြုတ် စားသောက်ခြင်းထက် အစိမ်းလိုက်စားသုံးပါက ပိုမိုဆေးစွမ်းထက်သည်။ အဖြူနှင့်အစိမ်းနှစ်မျိုးရှိရာ အစိမ်းရောင်ကညွတ်က ပို၍ဆေးဖက်ဝင်သည်။

     မည်သည့်အရာမဆို အကောင်းနှင့်အဆိုး ဒွန်တွဲတတ်သော သဘောရှိသောကြောင့် ကညွတ်တွင်လည်း ကောင်းကျိုးများစွာရှိသလို ဆိုးကျိုးအနည်းငယ်ရှိကြောင်း၊ ကညွတ်မှာပါဝင်သော ကာဘောက်စီလစ် အက်ဆစ်ဓာတ်ပေါင်းကြောင့် ဆီးအနံ့ပြောင်းခြင်းမျိုး၊ ဓာတ်မတည့်သူများအတွက်လည်း ခြေဖျားလက်ဖျားများ ရောင်ရမ်းခြင်းမျိုးဖြစ်တတ်ကြောင်း၊ ကညွတ်မှ သီးသန့်ထုတ်သော အမြစ်မှုန့်ဆိုလျှင် (၃)ဂရမ်မှ (၅)ဂရမ် အထိသာ စားသုံးရန် အသင့်လျော်ဆုံးဖြစ်၍ ချင့်ချိန် စားသုံးသင့်ကြောင်း၊ ဆေးဖက်ဝင်ကညွတ်ပင်၏ အသုံးဝင်မှုများအား တင်ပြလိုက်ရပါသည်။

DOCA(မကွေး)