Main menu

စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ရှိ Snacks Mandalay Co, Ltd ၏ ငရုတ်သီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်း

Powered by Drupal
Wed, 10/11/2023 - 14:24 -- consumer_admin

    မြန်မာလူမျိုးများသည် ဟင်းလျာချက်ပြုတ်စားသောက်ရာတွင် ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး ရသာ ၆ပါး ပါဝင်အောင် ချက်ပြုတ်ပြီး၊ ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ဂျင်း၊ နနွင်း၊ ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်)တို့သည် မပါမဖြစ် မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းများ ဖြစ်ကြသည်။ ရှေးယခင်က မြန်မာလူမျိုးများသည်ဂျင်း၊ နနွင်း၊ ငရုတ်သီးများကို ကိုယ်တိုင်စိုက်ပျိုးပြီး လက်ကြိတ် ဆုံ များဖြင့် အမှုန့်ကြိတ်သည့်အဆင့်မှ အချိန်ကာလပြောင်းလဲလာသည်နှင့်အမျှ ခေတ်မီဖွံ့ဖြိုး တိုးတက်လာပြီး စက်ကရိယာများဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အမှုန့် ကြိတ်ခွဲ ထုတ်လုပ်လာကြပါသည်။

     စစ်ကိုင်းခရိုင်အတွင်း နနွင်းမှုန့်၊ ဂျင်း၊ ဆင်တုံးမနွယ်၊ ပဲမှုန့်စသည့်တို့ကို ကြိတ်ခွဲကြသည့် အမှုန့်ကြိတ်စက် ၁၄စက် ရှိသည့်အနက် စစ်ကိုင်းမြို့နယ်၊ အောင်သာကျေးရွာ၌ ငရုတ်သီးတန်ဖိုး မြှင့်ထုတ်ကုန်( Value Added) ထုတ်လုပ်သည့် Snacks Mandalay Co, Ltd ၏ လုပ်ငန်းများ အကြောင်း တင်ပြလိုက်ရပါသည်။

     Snacks Mandalay Co, Ltd ၏ လယ်ယာထွက်ကုန်သီးနှံအမျိုးမျိုး ပြုပြင်ထုတ်လုပ်ရောင်းချ ခြင်း လုပ်ငန်းဆောင်ရွက်သည့်စက်ရုံကို လုပ်ငန်းရှင် ဒေါက်တာပြည့်ဖြိုးအေးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အောင်သာကျေးရွာရှိ မြေဧရိယာ ၅.၄၆ဧက၌ လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။ စတင်ရင်းနှီးမြှုပ်နှံမှုမှာ ငွေကျပ်သိန်း ကိုးထောင်ခန့်ဖြင့် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံမှ စက်များကို ဝယ်ယူတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်ရုံတည်ထောင်ရခြင်း၏ ရည်ရွယ် ချက်မှာမြန်မာနိုင်ငံအတွင်း တောင်သူများစိုက်ပျိုးထုတ်လုပ်ထားသော လယ်ယာထွက်ကုန်ကြမ်းများကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားသော တန်ဖိုးမြှင့်ကုန်ချောများအား ပြည်တွင်းရှိ စားသုံးသူများ၏ အိမ်တိုင်းသို့ ရောက်ရှိရန်ဖြစ်ကြောင်း သိရပါသည်။

     ကုမ္ပဏီတည်ထောင်သူ ဦးပြည့်ဖြိုးအေးသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိပြီး နောက် ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်ထိ ထိုင်းနိုင်ငံတွင် Food Science and Technology ပညာရပ်ကို ဘွဲ့လွန်ရရှိခဲ့ပါသည်။ ၂၀၁၉ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ MIC ခွင့်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ အောင်သာကျေးရွာ၌ စက်ရုံ တည်ထောင်ပြီး စတင်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ငရုတ်၊ ဂျင်း၊ နနွင်း၊ ချဉ်ပေါင်၊ စပါးလင် စသည့် ဟင်းခတ်အမွှေးအကြိုင်ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပြီး၊ ၂၀၂၀ခုနှစ်ထိ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တောင်သူများနှင့် တန်ဖိုးမြင့်ကွင်းဆက်များကို အကောင်အထည်ဖော်ခဲ့ကြောင်း သိရပါသည်။

   တောင်သူများသည် မိရိုးဖလာလုပ်ငန်းအတိုင်း သီးနှံများ နေလှန်းအခြောက်ခံခြင်းကြောင့် အဓိကပြဿာနာမှာ မှိုတက်ခြင်း၊ ဖလံဖြူရာခိုင်နှုန်းများခြင်းများ ကြုံတွေ့လျက်ရှိကြသည်။ မိရိုး ဖလာနည်းအတိုင်း အခြောက်ခံသော သီးနှံများကို ကျန်းမာရေးရှု့ထောင့်မှကြည့်လျှင် စားသောက် ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဟန့်အတားတစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။ ရိုးရာအစဉ်အလာအတိုင်း အခြောက်ခံသော နည်းလမ်းသည် ပို၍သန့်ရှင်းသော၊ ပို၍အရည်အသွေး မြင့်မားသောထုတ်ကုန်၊ ပို၍မြန်ဆန်သော နည်းလမ်းများ မပါဝင်ကြောင်း တွေ့ရှိရသည်။ သို့ပါ၍ သီးနှံများ၏ ထုတ်လုပ်ခြင်းကွင်းဆက်များတွင် ခေတ်မီဆန်းသစ်သော နည်းလမ်းများကို အသုံးပြု ခြင်းဖြင့် အရည်အသွေးမြှင့်ထုတ်ကုန် သို့မဟုတ် တန်ဖိုးမြှင့်ထုတ်ကုန်(Value Added)များ ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ထိ ထိုးဖောက်နိုင်မည်ဖြစ်သည်။

    ကုန်ကြမ်းများကို စစ်ကိုင်းခရိုင်အတွင်း မိုးနှင့်ဆောင်း ငရုတ်စိုက်ဧက ၃ထောင်ကျော် က ထွက်ရှိသော ငရုတ်သီးများအပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့မှ အချိန်(၈)နာရီအတွင်း စက်ရုံသို့ ရောက်ရှိအောင်သယ်ဆောင်ရသည်။ ယခု ငရုတ်သီး ကုန်ကြမ်း(အတောင့်) ဝယ်ယူရသည့်ဈေးနှုန်းမှာ အစိုတစ်ပိဿာ ၃၅၀၀ကျပ်၊ အခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ် ပေါက်ဈေးနှုန်းအသီးသီးဖြင့် ဝယ်ယူရကြောင်း သိရပါသည်။ စက်ရုံသည် သီးနှံတစ်မျိုးတည်းကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ခြင်းမပြုဘဲ ရာသီအလိုက် သီးနှံများကို ရွေးချယ်ဝယ်ယူထုတ် လုပ်လျက်ရှိရာ  ယခုအခါတွင် ငရုတ်သီး၊ ဂျင်းနှင့် နနွင်းတို့ကို ကြိတ်ခွဲ ထုတ်လုပ်ကြောင်း သိရသည်။တောင်သူများအား အထွက်နှုန်းတိုးစေသော မျိုးများဖြန့်ဝေပေးခြင်း၊ နည်းပညာအားဖြင့် ရောဂါထိန်းချုပ်ခြင်း၊ မြေဆီလွှာစီမံခန့်ခွဲခြင်းတို့အတွက် ထိုင်းနိုင်ငံမှ ကျွမ်းကျင် ပါရဂူများဖြင့် တောင်သူများကို အသိပညာ၊ အတတ်ပညာများ မျှဝေပေးပြီး ကြားပွဲစားများ၊ ကုန်စည်ဒိုင်များကိုကျော်လွန်ကာ တောင်သူထံမှ တိုက်ရိုက်ဝယ်ယူခြင်းလုပ်ငန်းကို Snacks Mandalay Co, Ltd အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ကြောင်း သိရပါသည်။

    Snacks Mandalay Co, Ltd သည် နည်းပညာအခြေခံ၍ စနစ်တကျ အခြောက်ခံခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာတွင် FDA, GMP, HACCP, ISO စသည့် နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာ၍ ထုတ်လုပ်သဖြင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေသော မှို၊ ဆိုးဆေးနှင့် မှိုဆိပ် (Aflatoxin)များကို ကောင်းစွာထိန်းချုပ် ထုတ်လုပ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၌ ပထမဆုံးထိုင်းနိုင်ငံနည်းပညာအသုံးပြု နေရောင်ခြည်စွမ်းအင်အခြောက်ခံရုံ ( Solar Dryer Parabola Dome ) ၅ရုံဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ အခြောက်ခံရုံဖြင့် လှန်းပါက ၃ရက် / ၄ရက်ခန့် လှန်းရသည်။ ငရုတ်အခြောက်ခံရုံ တစ်လုံး၏ တန်ဘိုးမှာ ကျပ် ၁၇၈သိန်း ခန့်ရှိပြီး၊ အခြောက်ခံစက် တစ်ရုံလျှင် ဘန်း ၁၈၀ ပါရှိသည်။ ငရုတ်သီးများ အခြောက်ခံပြီး သိုလှောင်ရုံတွင် သိမ်းဆည်းထားပါသည်။ ငရုတ်သီး(အကြမ်းမှုန့်၊အနုမှုန့်)ကြိတ်ခွဲခြင်း လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ၎င်းအခြောက်ခံထားသော ငရုတ်သီးများအား ဂက်စ်ကို အသုံးပြုသည့် အပူပေးစက်ဖြင့် ၂၄နာရီ(တစ်ရက်) ခန့်ကြာ မီးအပူချိန် အနည်းငယ်ပေးပြီး၊  အမှုန့်ကြိတ်စက်အတွင်းသို့ ပို့ဆောင်ကာ ကြိတ်ခွဲရာ ဖလံဖြူများကို သီးခြားခွဲပေးခြင်းနှင့် အရည်အသွေး အဆင့်အတန်းမီ ငရုတ်သီးမှုန့်များကို စက်က တစ်ပြိုင်တည်း ထုတ်လုပ်ပေးကြောင်း သိရပါသည်။ တစ်လလျှင် ပျမ်းမျှငရုတ်သီး(ခြောက်)ကုန်ကြမ်း  ၆၅၃၀၀ ကီလိုဂရမ် အသုံးပြု၍ ကုန်ချောငရုတ်သီးမှုန့်(အကြမ်းမှုန့်နှင့်အနုမှုန့်) ၄၈၀၀၀ ကီလိုဂရမ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။ အမြဲတန်းဝန်ထမ်း ၄၀ဦးခန့်နှင့် နေ့စားဝန်ထမ်း ၃၀ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပြီး အမြဲတန်းဝန်ထမ်း တစ်ဦးလျှင် အနည်းဆုံး ကျပ် ၄သိန်း၊ နေ့စားဝန်ထမ်းတစ်ဦးလျှင် တစ်ရက် ၈ထောင်ကျပ်နှင့် ရက်မှန်ကြေး အပိုဆုငွေများလည်း ရရှိကြောင်း သိရပါသည်။

   အခြောက်ခံနည်းပညာသုံး၍ စားသောက်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ် ထုပ်ပိုးထားခြင်း၊ အယ်လ်ဖလာမှိုဆိပ် (Aflatoxin) ကောင်းစွာ ထိန်းချုပ်ထုတ်လုပ်ထုပ်ပိုးထားခြင်း၊ ဓာတုဆိုးဆေးနှင့် အရောအနှောကင်းစင်ခြင်း၊ နိုင်ငံတကာစားသောက်ကုန် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထုပ်ပိုးထားခြင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်တွင် သက်ဆိုင်ရာ နိုင်ငံတကာ အရည်အသွေး အသိအမှတ်ပြုလက်မှတ်များဖြစ်သော FDA, Halal, GMP,HACCP, ISO 22000 နှင့် EU, USDA, JAS Organic  လက်မှတ်များရရှိခဲ့ကြောင်း သိရပါသည်။

    Snacks Mandalay Co, Ltd မှ ထုတ်လုပ်သော ငရုတ်သီးနှံနှင့် အမှုန့်အမျိုးမျိုးကို ပြည်တွင်း ဈေးကွက်အတွင်း  THREE STARS ကြယ်သုံးပွင့် ကုန်အမှတ်တံဆိပ်ဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ Ocean,  City Mart,  Marketplace , Supermarket  တို့၌ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ်၊ တစ်ပိဿာထုပ်စသည့် ထုပ်ပိုးမှုပုံစံ အမျိုးမျိုးဖြင့် ဖြန့်ချီရောင်းချလျက်ရှိပါသည်။ ရောင်းဈေးနှုန်းများမှာ ၁၀၀ ဂရမ် အထုတ်တစ်ထုပ်လျှင် ၂၀၀၀ကျပ်၊   တစ်ပိဿာထုတ်တစ်ထုပ်  ၂၁၀၀၀ကျပ် ပေါက်ဈေးနှုန်း အသီးသီးဖြင့် ‌ရောင်းချပြီး၊ ပြည်ပ ဈေးကွက်အနေဖြင့်လည်း ယခုအများဆုံး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ အမှာစာပေးပို့သည့်နိုင်ငံများရှိပါကလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

        ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီနည်းပညာနှင့်စက်ကရိယာများဖြင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဂျင်း စသည့် မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ခရိုင်အလိုက်၊ တိုင်းအလိုက် တိုးတက်များပြားလာပါက ဒေသတစ်ခုထုတ်ကုန်တစ်မျိုးမှသည် ဒေသစီးပွား၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)