Main menu

ပဲနီလေးစားသုံးခြင်းနှင့် ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Mon, 10/09/2023 - 13:12 -- consumer_admin

   ပဲနီလေးသည် မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာတစ်မျိုးလည်း ဖြစ်ပြီး ချက်ပြုတ်ရာတွင်လွယ်ကူကာ အချိန်အနည်းငယ်အတွင်း ချက်ပြုတ်နပ်လွယ်၍ နူးညံ့သော ပဲအမျိုးအစားဖြစ်ပါသည်။ ပဲနီလေးသည် အာဟာရဓါတ်များစွာပါဝင်ပြီး အရသာလည်းရှိသဖြင့် လူကြိုက်လည်းများပါသည်။

   ပဲနီလေးသည်ကယ်လိုရီနည်းပါးစွာပါဝင်ပြီး အာဟာရဓါတ်ကြွယ်ဝသဖြင့်  ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ ပဲနီလေးကို အချို့ ဒေသများတွင် ပဲရာဇာဟုလည်း ခေါ်ဝေါ်ကြပါသည်။ ပဲနီလေးကို ပဲနီလေးဟင်းချို၊ ပဲနီလေးကြာဇံ ဟင်းခါး၊ ပဲနီလေးဆန်ပြုတ်၊ ပဲနီလေးအာလူးချက်စသည့်ဖြင့်ပြုလုပ်၍စားသောက်ကြပါသည်။ ပဲနီလေးနှင့် ပဲဝါလေး(၂)မျိုးစလုံး တွင် တူညီသော အကျိုးကျေးဇူးများကို ရရှိစေကြောင်းသိရပါသည်။ ပဲနီလေးတွင် ကိုလက်စထရော ပါဝင်မှုနည်းပါးပြီး သွေးထဲရှိ ကိုလက်စထရောကို လျော့ကျစေပြီး ရေတွင်ပျော်ဝင်နိုင်ပါသည်။ အမျှင်ဓါတ်လည်းပါဝင်ပြီး သွေးထဲရှိ ကိုလက်စထရောလျော့ကျခြင်းက နှလုံးရောဂါနှင့် ရုတ်တရက် လေဖြတ်ခြင်းကိုလည်း ကာကွယ်နိုင်ပြီး သွေးကြောတွေကိုလည်း သန့်စင်စေပါသည်။ ပဲနီလေးတွင် အမျှင်ဓါတ်ကြွယ်ဝသည့် အာဟာရဓါတ်များစွာပါဝင်သဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်စေမှုလည်း လျော့နည်းစေပါသည်။ ပဲနီလေး၏အာဟာဓါတ်ကြွယ်ဝစွာပါဝင်မှုကြောင့်  နှလုံးကျန်းမာစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ မပျော်ဝင်နိုင်သော အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးလှုပ်ရှားမှုအတွက် အဆင်ပြေစေပါသည်။ သံဓါတ်ပါဝင်ခြင်းကြောင့် သွေးအားကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် လိုအပ်သည့် အောက်ဆီဂျင်ပမာဏကိုလည်း ရရှိစေပါသည်။ ဇီဝကမ္မဖြစ်ပျက်မှုကိုအားပေးပြီး စွမ်းအင်ထုတ်လုပ်မှုကိုလည်း ကူညီပေးပါသည်။ အမျှင်ဓါတ်၊ပရိုတင်းဓါတ်၊ဗီတာမင်နှင့်အခြားသောသတ္တုဓါတ်များပါဝင်ပါသည်။ကယ်လိုရီနည်းပါးပြီး အဆီဓါတ်မပါဝင်ပါ။

    ပဲနီလေးတစ်ခွက်စာတွင် ကယ်လိုရီအနည်းငယ်သာပါဝင်သောကြောင့် ဗိုက်ပြည့်နေစေပြီး မကြာခဏ ဗိုက်ဆာခြင်းမှ ကင်းဝေးစေပါသည်။ခွက်တစ်ခွက်၏ လေးပုံတစ်ပုံစာ ပဲနီလေးတွင် ပရိုတင်း - ၁၃ ဂရမ်၊ ဝမ်းဗိုက်ပြည့်တင်းမှုရစေသော အမျှင်ဓာတ် - ၁၁ ဂရမ်၊ မောပန်းမှုကို တွန်းလှန်နိုင်သော သံဓာတ် - ၅ မီလီဂရမ် တို့ပါဝင်ပြီး ကယ်လိုရီစုစုပေါင်း ၁၆၁ သာရှိကြောင်း သိရပါသည်။ လေ့လာမှုများအရ ပဲနီလေးကို တစ်ပတ်လျှင် အနည်းဆုံး (၂) ကြိမ် စားသုံးသူများသည် တစ်ပတ်လျှင် (၁) ကြိမ်အောက်လျော့နည်းပြီး စားသုံးသူများထက် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ (၂၄) ရာခိုင်နှုန်း လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့ပါသည်။

     ပဲနီလေးတွင်ပါဝင်သည့်ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ ပရိုတင်းနဲ့သတ္တုဓါတ်များသည် ဦးနှောက်နှင့်အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ချို့ယွင်းမှု ပြဿနာများကိုလည်းလျော့ပါး သက်သာစေပါသည်။ ကလေးငယ်များ၊ စာသင်ကြားလေ့လာ နေရသော  ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ဖိစီးမှုများသူတွေအတွက် အထူးသင့်လျော်သည့် အစားအစာတမျိုးလည်း ဖြစ်ပါသည်။ သို့ပါသောကြောင့် အရသာရှိလှပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သော ပဲနီလေး၏ ကျန်းမာရေးကောင်းကျိုးများကို လေ့လာရေးသားလိုက်ရပါသည်။

DOCA( ကရင်)