Main menu

ပိတ်ချင်းပင်အကြောင်း သိကောင်းစရာများ

Powered by Drupal
Fri, 10/06/2023 - 15:50 -- consumer_admin

          ပိတ်ချင်းပင်ဟုဆိုလိုက်တာနဲ့ လူတော်တော်များများအနေဖြင့် ကြားဘူးနားဝရှိကြသော်လည်း အပင်ပုံသဏ္ဍာန်ကို သိရှိသူ အလွန်နည်းပါးသော အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ ပိတ်ချင်းပင်လေးများ ကို မိမိတို့ ပတ်ဝန်းကျင်တွင် အလွယ်တကူတွေ့ရှိနိုင်ပြီး ပိတ်ချင်းပင်ရဲ့ အသုံးဝင်ပုံကို လေ့လာကြည့်ပါက စိတ်ဝင်စားစရာ အလွန်ကောင်းလှပါသေးသည်။

          ပိတ်ချင်းပင်ဟာဆိုရင် အရိပ်အာဝါသ အအေးဓာတ်နဲ့  စွတ်စိုသော ရာသီဥတုကို အထူးနှစ်သက် လှတဲ့ အပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြား၌ သဘာဝအလျောက် ပေါက်ရောက်သော အပင် တစ်မျိုးဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ပြင်ဦးလွင်စတဲ့ အအေးပိုင်း ဒေသတွေမှာ အများဆုံးတွေ့ရှိနိုင်သည်။ ပိတ်ချင်းပင်ကို ဒေသအခေါ်အဝေါ်အနေဖြင့် ခန္တီးရှမ်းဘာသာဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွက်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း)ဆိုပြီးတော့ ‌ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားသော အပင်လည်းဖြစ်တယ်။ ဘယဆေးခြံတွေမှာတော့ ပိတ်ချင်းကို အသီးအတွက်နှင့် ဟင်းခတ် အမွှေးအကြိုင် အတွက် အဓိကထား စိုက်ပျိုးကြသည်။ ပိတ်ချင်းပင်ဟာ ငြုပ်ကောင်းပင်နဲ့ အလွန်နီးနွယ် လှပြီး အရသာ တူညီလှသည်။ သို့ပေမဲ့ ပိတ်ချင်းပင်က ပိုပြီးပူသော အရသာကိုရစေသည်။

       ပိတ်ချင်းပင်၏ လက္ခဏာများမှာ အမြဲစိမ်း နွယ်ပင်မျိုးဖြစ်သည်။ ကွမ်းပင်နှင့် ငြုပ်ကောင်းစသော အပင်များနဲ့ အသွင်သဏ္ဌာန် ဆင်တူသည်။ ပင်စည်လုံး၍ အဆစ်များဖြင့် ဖွဲ့စည်းထားသည်။ အကိုင်း အခက်များ သေးငယ်ပြီး ထောင်မတ်သည်။ အဖိုပင်နှင့် အမပင်ဟူ၍ အမျိုးအစား (၂)မျိုးရှိသည်။ အရွက်မှာ ရွက်လွှဲ ထွက်သည်။ နှလုံးပုံရှိ၍ အဖျားချွန်သည်။ ကွမ်းရွက်ပုံစံနှင့်လည်းတူသည်။ ရွက်ပြာ ချောပြီး ရွက်နား ညီသည်။ ထင်ရှားသော ရွက်ကြော ခုနှစ်ခုရှိပြီး ရွက်ကြောများ ရွက်ညှာရင်းမှ ဖြာထွက်သည်။ ရွက်ညှာ ရှည်သည်။ အပွင့် ပန်းခိုင်တွင် သေးငယ်သည့် အပွင့်လေးများပါရှိသည်။ ပွင့်ညှာမဲ့ပြီး အဖို အမ သတ်သတ်စီရှိ၍ အမ ပန်းခိုင်သည် အဖို ပန်းခိုင်ထက်ပို၍ သေးငယ်သည်။ အပွင့်မှာ အနီရောင်ဖြစ်ပြီး တပို့တွဲလနှင့်  တပေါင်းလတို့တွင် ပွင့်သည်။ အသီးမှာ သေးငယ်သည်။ ကွမ်းသီးတောင့် ကဲ့သို့ သီးသည်။  မှည့်သောအခါ အနီရောင်ရှိသည်။ အစေ့အနည်းငယ် လုံးဝိုင်းသည်။ ကဆုန်လနှင့် နယုန် လတို့တွင် အသီးရင့်မှည့်သည်။ မြန်မာဆေးကျမ်းများအရ ပိတ်ချင်းပင်၏ အရွက်၊ အသီးနှင့် အမြစ်များသည့် ဆေးဖက်ဝင်ကြောင်း သိရှိရပါသည်။

     ပိတ်ချင်းရွက်ကို စားသုံးပေးခြင်းဖြင့် ခံတွင်း‌ကောင်းစေပြီး အစာအိမ် အစာခြေစနစ်အားကောင်း စေနိုင်သည့်အပြင် ချောင်းခြောက်ဆိုးပါက သလိပ်ပျော်စေပြီး ကိုယ်ခံအားကောင်းစေသည်။ဆီးချိုသမား များအနေဖြင့် တစ်ခါစားလျှင် အရွက် ၇ ရွက်မှ ၉ ရွက်ထိ စားသုံးပေးပါက ဆီးချိုထိန်းပေးနိုင်သည့်အပြင်ဆီးချိုမဖြစ်အောင်လဲ ကာကွယ်ပေးနိုင်သည်ဟု သိရှိရပါသည်။

      မြန်မာဆေးကျမ်းများ အလိုအရ ပိတ်ချင်းသီးသည် ချို၏။ အေး၏။ သည်းခြေကို ငြိမ်းစေသည်။ အမြစ်သည် စပ်၏။ ပူ၏။ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေ၍ သလိပ်ကို ကြေစေသည်။ ပိတ်ချင်းသီးကိုရေနှင့် သွေး၍ မျက်စဉ်းခတ်ပါက ဇက်ကြောတက်ခြင်း၊ ထိုင်းမှိုင်းခြင်းများ သက်သာပျောက်ကင်းစေသည်။ အဆိပ်ရှိ သတ္တဝါများ ကိုက်သောနေရာတွင် သွေး၍လိမ်းပေးပါက အဆိပ်များပြယ်သည်ဟု သိရှိရပါသည်။

       ပိတ်ချင်းသီးအမှုန့်ကို ရေနွေးနှင့် သောက်ပါက သန်ကျ၏။ ရင်နာ၊ ရင်အောင့်ခြင်း လည်းပျောက် ၏။ ပျားရည်နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်းပြီး အင်အား ပြည့်ဖြိုးစေ၏။ ငှက်ဖျား၊ တုန်ဖျား၊ တုပ်ကွေးဖျား စသောရောဂါများအတွက် ပိတ်ချင်းသီးတောင့်ကို ထန်းလျက်၊ ဂျင်းတို့ နှင့် ရောကျိုသောက်ခြင်းဖြင့် အဖျားကျပြီး အညောင်းအညာ အကိုက်အခဲ ပြေစေသည်။ ပိတ်ချင်းသီး တောင့်ကို ဝါးပေးခြင်းဖြင့် သွားနာ၊ သွားကိုက် ပျောက်သည်ဟု သိရှိရပါသည်။

       ပိတ်ချင်းအမြစ်ဟာဆိုရင် လေဖြတ်၍ အဆစ်များ ရောင်ခြင်း၊ ခါးကိုက်ခြင်းတို့ ဖြစ်ပါက အမြစ်မှုန့် အနည်းငယ်ကို ရေနွေးနှင့် သောက်ရသည်။ ပိတ်ချင်းပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးပြီး ရေ ၃ ခွက် ၁ ခွက်ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပေးပါက ဘီပိုး သက်သာ ပျောက်ကင်းစေနိုင်တယ်ဟုလည်း သိရှိရပါသေးသည်။ အိမ်ရှင်မများအနေဖြင့် ပိတ်ချင်းရွက်ကို အခြားအရွက်များနှင့်သုပ်စား၍ ဖြစ်စေ၊ ပြုတ်စား၍ ဖြစ်စေ၊ ပာင်းချိုချက်၍ ဖြစ်စေ နှစ်သက်သလို ဆန်လှော်နဲ့တာလပေါ့ချက်၍လည်း စားသုံးနိုင်ပါသည်။ အထူးသတိထားသင့်သော အချက်အနေဖြင့် ပိတ်ချင်းပင်မှာ ကောင်းကျိုးများလည်းရှိသလို ဘေးထွက်ဆိုးကျိုးများလည်းရှိသည့်အတွက် လွန်ကဲစွာ မသုံးစွဲရန်နှင့် ကြာရှည်စွာ မှီဝဲသောက်သုံးရန်လည်း မသင့်ကြောင်း ဆေးကျမ်းများမှာ ညွှန်းဆိုထားပါသေးသည်။ လူတစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်ရဲ့ အလေးချိန် အသက် အရွယ် ခံနိုင်ရည် ရှိ/မရှိ မတူညီကြ သည့်အတွက် ဆေးဝါးအဖြစ်မှီဝဲသုံးစွဲမည်ဆိုပါက နားလည်တတ်ကျွမ်းသော တိုင်းရင်း‌ဆေး သမားတော်များ၏ ညွှန်ကြားချက်ဖြင့်သုံးစွဲပါက ထိရောက်သော အကျိုးကျေးဇူးများ ခံစားရစေနိုင်သောကြောင့် မိမိ တို့ပတ်ဝန်းကျင်တွင် အလွယ်တကူတွေ့ရှိနိုင်သော ပိတ်ချင်းပင်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် သိကောင်းစရာများအကြောင်းကို လေ့လာသိရှိသမျှ စုဆောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)