Main menu

တာလပေါ့ဟင်း (သို့မဟုတ်) ဗာဟီရကင်းသော ဟင်းတခွက်

Powered by Drupal
Thu, 10/05/2023 - 13:54 -- consumer_admin

    မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ တစ်မျိုးချင်းစီတိုင်းတွင် သက်ဆိုင်ရာရိုးရာအစားအသောက်များရှိကြပါသည်။ ထိုတိုင်းရင်းသားများထဲမှ  ကရင်တိုင်းရင်းသားများတွင်လည်း အမြတ်တနိုးတန်ဖိုးထားရသော ရိုးရာဟင်းလျာတစ်ခုကိုဖော်ပြရမည်ဆိုလျှင် “တာလပေါ့ဟင်း” ကိုဖော်ပြရမည်ဖြစ်ပါသည်။ တာလပေါ့ဟင်းကို ယခုအချိန်ထိတိုင်အောင် ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအစားအသောက်တစ်ခုအဖြစ် သတ်မှတ်စားသောက်နေကြဆဲဖြစ်၍ ကရင်မိသားစုများ၏ထမင်းဝိုင်းများတွင် တာလပေါ့ဟင်းတစ်ခွက်မှာ အမြဲတမ်းနေရာယူနေဆဲပင်ဖြစ်ပါသည်။

     ကရင်ရိုးရာတာလပေါ့ဟင်းဆိုသည်မှာ ဆန်လှော်မှုန့်၊ အသားငါးတစ်မျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံထည့်ပြီး ရောနှောချက်ပြုတ်ရသည့်ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ အဓိကအားဖြင့် မျှစ်ကိုအခြေခံ၍ချက်ပြုတ်ရသော ဟင်းလျာတစ်မျိုးဖြစ်ပြီး မိုးရာသီမျှစ်ပေါချိန်တွင် ကရင်လူမျိုးအများစုမှာ တာလပေါ့ဟင်းလျာအတွက် မျှစ်ကိုအဓိကထား၍ချက်ပြုတ်စားသုံးကြပါသည်။ မျှစ်အမျိုးအစားများစွာရှိသည့်အနက် တချို့မျှစ်များသည် တာလပေါ့ဟင်းချက်ပြုတ်စားသုံးရန်အတွက် အဆင်မပြေသော မျှစ်များလည်းရှိပါသည်။ ဝါးဂုတ်မျှစ်၊ ကျခပ်မျှစ်၊ ဝါးဖြူမျှစ်၊ နှီးဝါးမျှစ်၊ ဝါးယားမျှစ်၊ ဝါးပိုးမျှစ်၊ ထီးဝါးမျှစ် အစရှိသောအမှတ်အသားများဖြင့် ခေါ်ဝေါ်လေ့ရှိကြပါသည်။ နှီးဝါးမျှစ်၊ ဝါးဂုတ်မျှစ်နှင့်ဝါးပိုးမျှစ်များမှာ အချိုဓာတ်ပို၍ တာလပေါ့ဟင်းချက်စားရန်အတွက် အလွန်သင့်လျော်ပါသည်။ တာလပေါ့ဟင်းကို မျှစ်တစ်မျိုးတည်းဖြင့်သာ ချက်ပြုတ်ရသည်သာမဟုတ်ပါ။ တခြားသော ခရုတာလပေါ့ဟင်း၊ ပိန္နဲသီးတာလပေါ့ဟင်း၊ ကန့်ကလာတာလပေါ့ဟင်း၊ ကင်မွန်းချဉ်ရွက်တာလပေါ့ဟင်း၊ သင်္ဘောသီးတာလပေါ့ဟင်း၊ ဇင်မြွန်းသီးတာလပေါ့ဟင်း၊ ကျိန်ဖူးတာလပေါ့ဟင်း အစရှိသည့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်၊ အသားငါးများဖြင့်လည်းချက်ပြုတ်နိုင်ပါသည်။ ကရင်လူမျိုးအများစုသည် တာလပေါ့ဟင်းလျာအတွက် ဝါးပိုးမျှစ်ကိုအဓိကထား၍အသုံးပြုကြသောကြောင့် မြစ်ချောင်း၊ တောတောင်များပြားထူထပ်သောနေရာများတွင်နေထိုင်ကြသော ကရင်တိုင်းရင်းသားများအတွက် ဝါးပိုးမျှစ်ကို အလွယ်တကူခုတ်ယူနိုင်၍ ဒေသထွက်အသီးအနှံမျိုးစုံများ၊ မြစ်ချောင်းအင်းအိုင်များ၌ ပေါက်ရောက်သော အသားငါး၊ ခရု၊ ဖား အစရှိသည်များကို အဓိကထား၍ချက်ပြုတ်ကြပါသည်။

      တာလပေါ့ဟင်းလျာသည် ကရင်လူမျိုးများ၏ အမြတ်နိုးတန်ဖိုးထားရာ ရိုးရာဓလေ့ဟင်းလျာတစ်ခုလည်းဖြစ်ပါသည်။ ရှေးယခင်၌ တောသူတောင်သားများပီပီ ကရင်လူမျိုးများသည် ဟင်းတစ်ခွက်ချက်ရန်အတွက် ဈေးများသွားရန်ပင်မလိုဘဲ မိမိတို့၏ အနီးအနားတွင်ရှိသော ဝါးရုံအောက်ခြေမှ ဝါးပိုးမျှစ်ကိုခုတ်၍ ခြံစိုက်အသီးအနှံများခူးကာ မြစ်ချောင်းအင်းအိုင်များတွင် ငါး၊ ပုစွန်များဖမ်းယူကာ ရောနှော၍ချက်ပြုတ်လိုက်ခြင်းဖြင့် အရသာရှိသော မျှစ်တာလပေါ့ဟင်းတစ်အိုးရရှိလာမည်ဖြစ်ပါသည်။

     ကရင်ရိုးရာတာလပေါ့ဟင်းကိုချက်ပြုတ်ရာတွင် မြန်မြန်ဆန်ဆန်နှင့်ချက်ပြုတ်ရန်အလို့ငှာ လွယ်ကူလှပါသည်။ တာလပေါ့ဟင်းချက်ရာတွင် အဓိကမှာ မျှစ်ဖြစ်ပြီး ဝါးပိုးမျှစ်မရပါက မျှစ်နုလည်းအသုံးပြုနိုင်ပါသည်။ ဆန်လှော်ထောင်း (သို့မဟုတ်) ဆန်မှုန့်၊ ပုစွန်၊ ငါး၊ အသားများထည့်လိုပါက နှစ်သက်ရာအသားတစ်မျိုးမျိုး၊ ပင်စိမ်း၊ ဒန့်ဒလွန်ရွက်၊ ဆူးပုပ်ရွက်၊ ဒညင်းသီး၊ ရုံးပတီသီး (အသီးအရွက်များကိုမူ မိမိကြိုက်နှစ်သက်ရာထည့်နိုင်ပါသည်)၊ စိမ်းစားငါးပိ၊ ငရုတ်ကောင်း၊ ငရုပ်သီးစိမ်း စသည့်တို့အဓိကလိုအပ်ပါသည်။

     ဟင်းစချက်မည်ဆိုပါက မျှစ်များကိုပါးပါးလှီး၍ ပြုတ်ထားပြီးလျှင် ရေစစ်ထားပါ။ ထို့နောက် အိုးထဲတွင်ရေထည့်၍ မီးဖိုပေါ်သို့တင်ပြီး ငါး၊ ပုစွန်၊ အသားထည့်ပြီး ဆူအောင်တည်ကာ ဆူလာပါက ပထမဆုံးအနေဖြင့် ပြုတ်ထားပြီး ရေစစ်ထားသောမျှစ်၊ ငါးပိစိမ်းစား၊ ဆား၊ ဒညင်းသီးများကို လှီး၍ထည့်ကာ (၁၅) မိနစ်ခန့်တည်၍ ဆူလာသောအခါ  မိမိကြိုက်နှစ်သက်ရာ အသီးအရွက်များကိုလည်းထည့်နိုင်ပါသည်။ အရသာအစပ်ကဲစေရန်နှင့် အနံ့အရသာအတွက် ငရုတ်သီးစိမ်းနှင့် ငရုတ်ကောင်းမှုန့်များထည့်နိုင်ပါသည်။ ဆူပွက်လာပြီဆိုပါက ဆန်လှော်ထောင်း (သို့မဟုတ်) ဆန်မှုန့်အရည်ဖျော်ထားသည်ကို ဟင်းအိုးထဲသို့ထည့်၍  ဟင်းအိုးမချခင်အချိန်တွင် အနံမွှေးနေစေရန်အလို့ငှာ ပင်စိမ်းရွက်အုပ်ပေးကာ အသားငါး၊ အသီးအရွက်များကျက်ပြီး ဟင်းရည်များလည်းပျစ်လာပြီဆိုလျှင် စားသုံးနိုင်ပြီဖြစ်ပါသည်။

    တာလပေါ့ဟင်းချက်ပြုတ်ရာတွင် ကရင်ဒေသတစ်ခုနှင့်တစ်ခုမတူညီကြသောကြောင့် ပျစ်နေအောင်ချက်စားကြ၍ အရည်သောက်ပုံစံ ခပ်ကျဲကျဲချက်စားတတ်သောဒေသများလည်း ရှိကြပါသည်။ ကရင်ပြည်နယ်၊ ဘားအံဘက် ဒေသတစ်ဝိုက်များတွင် မျှစ်တာလပေါ့ဟင်းကို ခပ်ပျစ်ပျစ်ချက်စားကြမှုများပါသည်။ နေရာဒေသ၊ မိရိုးဖလာဓလေ့မျာအပေါ်လိုက်ပြီး ချက်နည်းများလည်းအနည်းငယ်ကွဲပြားနိုင်ပါးသည်။ တာလပေါ့ဟင်းချက်ပြုတ်သောအခါ အသီးအရွက်ကြိုက်နှစ်သက်သူများက မိမိကြိုက်နှစ်သက်ရာအသီးအနှံများကို လိုအပ်သည့်အတိုင်း ထည့်ပြုတ်၍ချက်စားနိုင်ပါသည်။ 

     တိုင်းရင်းသားလူမျိုးအများစု၏ ရိုးရာအစားအစာများမှာ အများအားဖြင့် ဆီမပါဘဲ ချက်ပြုတ်စားသောက်လေ့ရှိသောကြောင့် ကျန်းမာရေးနှင့်ကိုက်ညီမှုရှိသောဟင်းလျာဖြစ်သည်ဟု ဆိုရမည်ပင်ဖြစ်ပါသည်။ ကရင်ရိုးရာတာလပေါ့ဟင်းချက်ပြုတ်ရာတွင်လည်း ဆီလုံးဝအသုံးပြုရန်မလိုအပ်ဘဲ အသီးအရွက်မျိုးစုံအပြင် လတ်လတ်ဆတ်ဆတ်အသားငါးတို့နှင့် ချက်ပြုတ်ထားသောကြောင့် ကျန်းမာရေးအတွက်သင့်လျော်ပြီး အာဟာရဓာတ်များစွာရရှိစေသည့် ဟင်းလျာတစ်ခွက်လည်းဖြစ်ပါသည်။ တာလပေါ့ဟင်းကိုချက်ပြုတ်ရာတွင်လည်း လွယ်ကူမြန်ဆန်ပြီး အသီးအနှံမျိုးစုံပါဝင်သောကြောင့် အရောင်များစုံနေသော ဟင်းလျာတစ်ခွက်ဖြစ်သည့်အပြင် စားသုံးရာတွင်လည်းအရသာရှိတာကြောင့် စားဖူးသူတိုင်းကြိုက်နှစ်သက်ကြသော ဟင်းတစ်ခွက်ပင်ဖြစ်ပါသည်။ တာလပေါ့ဟင်းလျာများကို စားသောက်ဆိုင်တိုင်းတွင်မရနိုင်သောကြောင့်  အိမ်၌နေရင်းဖြင့် ယခုကဲ့သို့ မိုးအေးအေးတွင် ပူပူနွေးနွေးနှင့် ထမင်းမြိန်စေလှသည့် တာလပေါ့ဟင်းလျာကို မိသားစုများဝိုင်းဖွဲ့၍ ချက်ပြုတ်စားသောက်ကြကြောင်းသိရပါသည်။

  နိဂုံးချုပ်ဆိုရသော် ခေတ်ကာလအလျောက် တာလပေါ့ဟင်းကို မိမိတို့ကြိုက်နှစ်သက်သည့်အတိုင်း အရသာရှိစေရန်အတွက် အမျိုးမျိုးပြုပြင်၍စားသုံးကြသောကြောင့် အလုပ်ရှုပ်လက်ဝင်သည်ဟုထင်ရသောလည်း ကရင်တာလပေါ့ရိုးရာဟင်းအစစ်မှာ တခြားအလုပ်လည်းလုပ်နိုင်ပြီး အလုပ်တစ်ဖက်ကြားထဲမှ မီးဖိုပေါ်တည်ထားသောအိုးထဲသို့ ခြံထွက်သီးနှံများ၊ မီးဖိုချောင်မှ အလွယ်တကူရရှိနိုင်သောသီးနှံများ၊ ရရာအသားငါးများကို သတ်မှတ်ချက်မရှိဘဲ မိမိတို့နှစ်သက်သည့်အတိုင်း ထည့်သွင်းချက်ပြုတ်၍ရသောကြောင့် ကျန်းမာရေးအတွက်သင့်လျော်ပြီး အလုပ်ရှုပ်သက်သာသော၊ စရိတ်သက်သာသောကရင်ရိုးရာတာလပေါ့ဟင်း (သို့မဟုတ်) ဗာဟီရကင်းသောဟင်းတစ်ခွက်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ကရင်)