Main menu

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ကမ်းနားလမ်း ညဈေးတန်းအလှ

Powered by Drupal
Thu, 10/05/2023 - 11:06 -- consumer_admin

    ကရင်ပြည်နယ်သည်‌ တောင်ကုန်းတောင်တန်းပေါများသော ဒေသတစ်ခုဖြစ်၍ ခရီးသွားများ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်ပြီး တိုင်းရင်းသားများ စုပေါင်းနေထိုင်ရာ ပြည်နယ် တစ်ခုလည်း ဖြစ်ပါသည်။ ကရင်ပြည်နယ်သည် ပြည်တွင်း၊ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သော Tourist Attraction နေရာ အများအပြားနှင့် မြည်းစမ်းခံစားနိုင်သောတိုင်းရင်းသား ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များ ပေါကြွယ်ဝပါသည်။ ဘားအံမြို့တွင်လှပသော ရူခင်းများ၊ တောင်တက်ခရီးများ ၊ဂူများ၊တန်ခိုးကြီး ဘုရားစေတီများ၊ ရေတံခွန်များစွာရှိသောကြောင့် စိတ်အပန်းပြေနိုင်ပြီး သဘာဝ တောတောင်ရေမြေ အလှကိုခံစားချင်သူများ လာရောက်လည်ပတ်ကြသော နေရာတစ်ခုဖြစ်သည်။

     ကရင်ပြည်နယ် မြို့တော်ဖြစ်သည့် ဘားအံမြို့၏ ညနေပိုင်းတွင်သာ ဖွင့်လှစ်သည့် ကမ်းနားလမ်း ညဈေးတွင် ဒေသထွက်သီးနှံနှင့် ရိုးရာအစားအစာများ၊ တိုင်းရင်းသားရိုးရာလက်မှုပစ္စည်းများအား တစ်ပိုင်တစ်နိုင် ရောင်းချလျက်ရှိပါသည်။ ညဈေးတန်းဟုခေါ်ဆိုသည့်အတိုင်း နေ့စဉ် နေ့လယ် (၁၄:၀၀) နာရီမှည(၀၉း၀၀)နာရီအထိ ဖွင့်လှစ်ရောင်းချလေ့ရှိပြီး လာရောက်လည်ပတ်သူများနှင့် စိတ်ဝင်စား စရာကောင်းသည့် နေရာတစ်နေရာလည်းဖြစ်ပါသည်။ ဘားအံမြို့မှ ညဈေးတန်းတွင် ဈေးဆိုင်တန်း များနှင့် ညဈေးတန်းအပြင်ဘက်တွင် Mobile shop (ကား၊တွန်းလှည်း)များဖြင့်လည်းကောင်း လာရောက်ရောင်းချလေ့ရှိပါသည်။ ရိုးရာအစားအသောက်များ၊ ဒေသထွက်ကုန်များ ရောင်းချရာတွင် ဒေသခံများတွင်သာမက ပြည်တွင်း/ပြည်ပ ခရီးသွားများကြား၌ ရေပန်းစားလျက်ရှိသော ညဈေး၏ တည်နေရာမှာ အမှတ်(၃)ရပ်ကွက် မြို့မဘောလုံးကွင်းရှေ့ ကမ်းနားလမ်းညဈေးတန်း ဖြစ်ပါသည်။ သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိပါသည်။ကရင်ပြည်နယ် ကမ်းနားညဈေးတွင် ရရှိနိုင်သော အစားအစာ များမှာ  ဖျော်ရည်စုံ၊မာလာရှမ်းကော၊ မာလာဟင်း ၊မာလာမောက်ချိုက် ၊အကင်စုံ ၊ပင်လယ်စာများ ၊ဝက်သားတုတ်ထိုး၊ရာသီချိန်သီးနှံများ၊ ရှမ်းခေါက်ဆွဲ၊ထိုင်းအစားအစာဖြစ်သည့် ထိုင်းဌာပနာမုန့်၊ သင်္ဘောသီးထောင်း၊မုန့်ဖက်ထောင်း၊ ပင်လယ်စာထောင်း၊ မြန်မာအစားအစာများဖြစ်သည့် ရေမုန့် ၊မုန့်လင်မယား၊ ခေါက်မုန့်၊ကရင်ရိုးရာ အစားအစာဖြစ်သည့် တောထမင်းတော ဟင်း ၊ကရင်မုန့်တီ၊ အသုပ်စုံများနှင့် ကရင်ရိုးရာအထည်များကိုပါ ရောင်းချလျက်ရှိပါသည်။ညဈေးတန်းတွင် ရောင်းချသော အစားအစာများအနက် ကရင်တောထမင်းတောဟင်းများလည်း လူကြိုက်များလှပါသည်။ညဈေးတန်း၏ ညခင်းအလှမှာ ညမီးရောင်၏ထိန်လင်းမှု၊ လေ၏တိုက်ခတ်မှု၊ သံလွင်မြစ်ရေ၏ ငြိမ့်ညောင်းမှုတို့ ပေါင်းစပ်ကာ စိတ်ကိုကြည်လင်လန်းဆန်းစေပါသည်။ ကရင်ပြည်နယ် ဘားအံမြို့၏ ဆွဲဆောင်မှုရှိသော ညဈေးတန်းသည် ဒေသခံများတွင်သာမက Onlineပေါ်တွင်  Travel Blogger၊ Food Blogger များကလည်း ဘားအံမြို့’၏ ဆွဲဆောင်မှုရှိသော နေရာတစ်နေရာအဖြစ် လာ‌ရောက်လည်ပတ်၍ Video များ ရိုက်ကူးကြပြီး အများစိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည့် နေရာတစ်ခုဖြစ်သဖြင့် တစ်ပိုင်တစ်နိုင် စီးပွား‌‌ရေးလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်း တစ်ဖက် တစ်လမ်းမှ ဝင်ငွေရသော  ကမ်းနားလမ်း ညဈေးတန်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ကရင်)