Main menu

ပညာဘဏ်တိုက် စာကြည့်တိုက်

Powered by Drupal
Tue, 10/03/2023 - 13:20 -- consumer_admin

         စာကြည်တိုက်ဟူသည် ဗဟုသုတများစွာအား ရှာဖွေရရှိရန်အတွက်သာမက ရရှိလာသော အချက်အလက်များအား နည်းပညာအသုံးချ၍ ဘဝတိုးတက်ပြောင်းလဲလာစေရန်အတွက်ပါ အထောက် အကူပြုပါသည်။ ထို့ကြောင့်  အနာဂတ်သစ်စာကြည့်တိုက်ဟူသည် လူငယ်များ၏ အနာဂတ်အတွက် လှပသစ်လွင်သော တံခါးတစ်ချပ်ဖြစ်ပေသည်။ စာကြည့်တိုက်ဟူသည် လောက၏ ပြတင်းပေါက်၊ ပညာရေးအရင်းအမြစ်ဌာန လူထုတက္ကသိုလ်၊ ပညာရှင်များမွေးထုတ်ရာ  ဉာဏ အလုပ်ရုံ၊ အသံတိတ် တက္ကသိုလ်၊ ရတနာသိုက်၊ နိုင်ငံ၏ ဦးနှောက်ဟုလည်း တင်စားကြပါသည်။ ထို့အတူ လူသားတို့၏ အသိပညာနှင့် အတတ်ပညာတရားတို့ကို သိရှိလာပြီး ကျင့်သုံးနိုင်အောင် မွေးထုတ်ပေးရာ ပန်းမျိုးစုံ ပွင့်သည့်  ဥယျာဉ်ကြီးဆိုလည်း မမှားနိုင်ပေ။

           စာကြည်တိုက်သည် ဗဟုသုတများပြန့်ပွားရာ၊ လူငယ်များပျော်မွေ့စေရန် အမြဲလာချင်စိတ် ဖြစ်ပေါ် စေရန် အသစ်အဆန်းများ ဖန်တီးနိုင်သောနေရာတစ်ခုဖြစ်ပေသည်။ ပညာလိုလားသူတို့ လွတ်လပ်စွာ ပညာရှာဖွေနိုင်သော ပညာဘဏ်တိုက်လည်းဖြစ်ပေသည်။ စာကြည်တိုက်သည် အယုတ်၊ အလတ်၊ အမြတ်မရွေး၊ အရွယ်အပိုင်းအခြားမရှိ ပညာသင်ယူလေ့လာ ဆည်းပူးရသော တက္ကသိုလ် မည်၏။ စာကြည်တိုက်သည် စာအုပ်များ စုပြုံထားရှိသည့် နေရာတစ်ခုမျှသာမဟုတ်။ စာအုပ်များ ငှားရမ်းသည့် နေရာတစ်ခုမျှသာလည်းမဟုတ်။ ယနေ့ခေတ် စာကြည့်တိုက်များသည် ခေတ်ကာလကို မျက်ခြေမပြတ်၊ ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်သည့် အသိပညာ၊ ဗဟုသုတ တို့ကို ရှာမှီးနိုင်ရေးအတွက်  အထောက်အပံ့ပေးနိုင်သည့် နေရာပင်ဖြစ်ပေသည်။

          စာအုပ်သည် လူတို့နှင့်အတူ ရင့်ကျက်ကြီးထွားလာသော အရာဖြစ်သည်။ လူ့အသိဉာဏ်ကို လှုံ့ဆော်ပေးသော သင်ကြားမှုအားလုံးနှင့် လူ့နှလုံးသားကို ထိခိုက်လှုပ်ရှားစေသော စိတ်စေတနာ ခံစားချက်အားလုံးတို့သည် စာအုပ်တွင် အနည်ထိုင်လျက်ရှိသည်။ "စာအုပ်သည် ကြီးမားပြည့်စုံသော ခွန်းအားဟု" ဗီအိုင်လီနင်က ရေးသားထားပါသည်။ စာအုပ်စာပေသည် လူမျိုးတစ်မျိုး၏ အသက် ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှု မရှိသောလူမျိုးတို့သည် အသီး၊ အပွင့်၊ အရွက်မရှိသော သစ်ခြောက်ပင်နှင့်တူသည်။ စာပေယဉ်ကျေးမှုထွန်းကားသော လူမျိုးသည် လူ့အဖွဲ့ အစည်းအတွင်း တင့်တောင်းတင့်တယ်နေထိုင်နိုင်ကြသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာပေ ယဉ်ကျေးမှု ထွန်းကားစေရန် အစဉ်အမြဲကြိုးပမ်းအားထုတ်ကြသည်။

           “ပညာသမာ အာဘာနတ္ထိ” ပညာနှင့်တူသော အလင်းရောင်သည် လောက၌မရှိဟု အဘိဓာန်မှ ဖွင့်ဆိုထားပါသည်။ ပညာဖြုန်းလျှင် လူမျိုးပြုန်းမည်။ ပညာမြင့်မှ လူမျိုးတင့်မည်။ ပညာကို အခြေခံကာလူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ကြသည်။ ပညာ၏ ဂုဏ်ရောင်ကြောင့် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်ရောင်သည်လည်း ထွန်းပြောင်စေသည်မှာ မြေကြီးလက်ခတ်မလွဲဖြစ် ပါသည်။ ရှေးယခင်က စာပေအထောက်အထားများကို မှီငြမ်းပြီး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ တရားစီရင်ရေးကိစ္စများကို ဖြေရှင်းသတ်မှတ်ကြသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ် ကျေးမှုများကိုလည်း စာအုပ်စာပေဖြင့် ဖော်ကျူးကြသည်။ နောင်လာနောက်သားများ အနေနှင့် လည်း ရှေးယခင်ကတည်းက တည်ရှိခဲ့သော သမိုင်းအထောက်အထားများကို စာအုပ်စာပေများမှ တစ်ဆင့်ယူကြရသည်။ လက်ဆင့်ကမ်းအမွေအဖြစ်လည်း ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ကမ္ဘာကျော် အမျိုးသမီးကြီး ဟယ်လင်ကဲလားသည်လည်း  စာပေကြောင့် ကျွန်မဆုံးရှုံးခဲ့ရသော အခွင့်အရေးများ ပြန်လည်ရခဲ့သည်ဟု စာအုပ်၏ စွမ်းပကားကြီးကျယ် မှုကို ဖွင့်ဆိုခဲ့ပေသည်။ ထို့ကြောင့် စာအုပ်စာပေ သည် ကျွန်ုပ်တို့ လူသားများအတွက် မရှိမဖြစ် အမှန်တကယ်  လိုအပ်သော ရတနာတစ်ပါးပင် ဖြစ်ပေ သည်။

           ယနေ့ခေတ်တွင် ပညာတတ်၊ ဘွဲ့ရ၊ အသက်အရွယ်ကြီးနေမှု၊ ချမ်းသာကြွယ်ဝနေသော်လည်း အသိပညာ၊ အတတ်ပညာ ပြည့်စုံပြီဟု မဆိုနိုင်ပေ။ ထို့ကြောင့် လူတိုင်းအမြဲလေ့လာသင်ယူ နေမှသာ ခေတ်နှင့်အညီ အမှီလိုက်နိုင်ပေလိမ့်မည်။ လူကြီးများကလည်း “အလုပ်ရှိလျှင် အလုပ် လုပ်ပါ၊ အလုပ်မရှိလျှင် စာဖတ်ပါ”ဟု ပြောကြပေသည်။ ယနေ့ခေတ်သည် Social ခေတ်ဖြစ်သည် နှင့်အညီ လက်ကိုင်ဖုန်းများဖြင့်လည်း Online မှ သိလိုသည့် အကြောင်းအရာကို ရှာဖွေ၍ ဖတ်ရှု့ နိုင်ပေသည်။ စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်သည်။ စာဖတ်ခြင်းဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည်။ စာဖတ်ခြင်းသည် ဗဟုသုတ ရသကဲ့သို့ လူ့စိတ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ "စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုသကဲ့သို့ မိတ်ဆွေကောင်းထက် အသိပညာပေးနိုင်ဆုံးသောအရာသည်လည်း စာပေပင်ဖြစ်ပေသည်။ ထို့ကြောင့် စာသင်ကျောင်းများ၊ ရုံးများ၊ ကျေးလက်ဒေသရှိ ရွာများပါမကျန် စာကြည်တိုက်များ ထားရှိရန် လိုအပ်ပါသည်။

         စာကြည်တိုက်ဟူသည် စနစ်တကျပြုစုထားသော စာအုပ်စာပေများ စုစည်းပေးထားသော ကြောင့် မရှိမဖြစ်လိုအပ်ပါသည်။ စာပေသည် အင်အားကြီးသော စိတ်ခွန်အားကို ဖန်တီးနိုင်ပေသည်။ စာပေကို မြတ်နိုး၍ မိမိအရပ်ဒေသတွင် စာကြည်တိုက်ရှိခြင်းဖြင့် မိမိရပ်ရွာအတွက် ကောင်းကျိုးများ ပေါ်ထွန်းလာမည်ဖြစ်သည်။ မိမိဒေသတွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းရှိသကဲ့သို့ စာကြည်တိုက်လည်းရှိရန်လိုအပ်သည်။ မိမိရပ်ရွာတွင် စာကြည့်တိုက်တည်ရှိရေးအတွက် စိတ်တူကိုယ် တူ ပေါင်းစည်းလက်တွေ့လုပ်ဆောင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် တည်ဆောက်ပြီးစီး စာကြည်တိုက်များကိုလည်း ထိန်းသိမ်းစောက်ရှောက်လိုစိတ်နှင့် စာကြည်တိုက်မပျက်စီးသွားစေရန် ထိန်းသိမ်းရန် လူတိုင်းတွင် တာဝန်ရှိပေသည်။

          စာကြည့်တိုက်ဟူသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပေးရာဌာန၊ စာပေနှင့် စာပေပစ္စည်းများ မပျောက်ပျက်အောင် သိုမှီးထိန်းသိမ်းရာဌာနဖြစ်သည်။ စာကြည့်တိုက် များသည် စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအပြင် လူသားတို့၏ ဉာဏ်စွမ်းရည်ကို လေ့ကျင့်ပေးသည့်‌ နေရာဖြစ် ပေသည်။ ထို့အတူ စာအုပ်နှင့် ပြည်သူလူထု ဆက်သွယ်ရာဌာနလည်း ဖြစ်ပေသည်။

        ထို့ကြောင့် စာကြည့်တိုက်မှူးများကလည်း စာပေပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်၍ စာကြည်တိုက်ဖွံ့ဖြိုးတိုး တက်အောင်  ဆောင်ရွက်သူအဖြစ်လည်းကောင်း၊ စာဖတ်သူတို့ သိလိုသော အကြောင်းအရာများကို ကူညီရှာဖွေပေးနိုင်သူ၊ ဗဟုသုတများကို ဖြန့်ဝေပေးသူ၊ တစ်နည်းအား ဖြင့် ဗဟုသုတဘဏ်တိုက်ကြီး၏ သော့ကိုင်သူအဖြစ် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

        စာအုပ်သည် လူ့လောကတွင် အကောင်းဆုံးသော၊ အပြည့်ဝဆုံးသော အင်အားတစ်ရပ် ဖြစ်သည်။ စာအုပ်များသည် အမှန်စင်စစ် ပင်လယ်ကြီးထဲတွင် တည်ဆောက်ထားသော မီးပြတိုက်သဖွယ်ဖြစ်ပေ၏။ စာတတ်သူများသည် စာပေကို ဖတ်ကြသည်။ စာပေဖတ်သောအခါ အကြောင်း အရာအလိုက် အသိဉာဏ်ကိုရနိုင်သည်။ ထို့ကြောင့် စာပေကို အသိဉာဏ်ရစေသော ပစ္စည်းကိရိယာ အဖြစ် သတ်မှတ်ကြသည်။ စာပေသည် ဘဝအလင်းရောင်၊ လူ့ဘဝ၏ မီးရှူးတန်ဆောင်ဟု ခေါ်ဆိုကြသည်။ လောက၌ ကြီးပွားတိုးတက်လိုသူတိုင်းသည် စာအုပ်စာပေများနှင့် ကင်းကွာ၍ မရပေ။

          စာပေမှ အသိပညာ အထွေထွေဗဟုသုတများ ရရှိသည့်အပြင် စာဖတ်ခြင်းသည် ပျော်ရွှင်မှု၊ တန်ဆာဆင်မှုနှင့် အရည်အသွေးတိုးတက်မှုအတွက် လူသားတို့ကို အကျိုးပြုနိုင်သည်။ နေနှင့်လတို့ သည် ကမ္ဘာလောကကြီးကို ဗဟိဒ္ဓအလင်းရောင်ပေးသကဲ့သို့ စာအုပ်စာပေသည် ကမ္ဘာကြီး ကို အဇ္ဓျတ္တ အလင်းရောင်ပေးလျက်ရှိသည်။ စာအုပ်စာပေနှင့်ပတ်သက်၍ ငြီးငွေ့နေလျှင် ပျော်ရွှင်စေ၏။ ဗဟုသုတ ပေးဝေငှ၏။ စိတ်အားငယ်က တက်ကြွစေ၏။ မာန်လွန်ကဲလျှင် သတိယှဉ်၏။ တရားဓမ္မ လမ်းမှန်ပြ၏။ လောကီ၊ လောကုတ် အဆီအနှစ် အသစ်အကောင်း စုပေါင်းပညာ ဝေဖြာရောင်လင်း အမှောင်ခွင်း၏ဟု စာပေပညာရှင်များက  ဆိုထားခဲ့ကြပါသည်။

       ထို့ကြောင့် စာကြည်တိုက်များ တည်တံ့ခိုင်မြဲစေရန် ရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်ထားရန် လိုအပ်ပေသည်။ လုပ်ငန်းစဉ်များမှာ ကျေးလက်နေပြည်သူများ စာဖတ်လိုစိတ်ရှိ၍ စာဖတ်ကြစေရန် စည်းရုံးဆောင်ရွက်ရေး၊ ရရှိပြီး စာအုပ်စာစောင်များကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးနှင့် စာအုပ်စာစောင်အသစ်များ တိုးပွားရရှိအောင် ငွေပဒေသာပင်စိုက်ထူထောင်ရေး၊ စာကြည့်တိုက် အဆောက်အအုံ မရှိလျှင်အဆောက်အအုံဖြစ်လာစေရန် ဆောင်ရွက်ရေး၊ စာကြည့်တိုက်များတွင် ပရိဘောဂပစ္စည်းများ စုံလင်စွာ ရရှိလာစေရန် ဆောင်ရွက်ရေး၊ စာကြည့်တိုက် ထိန်းသိမ်းရာတွင် ကျွမ်းကျင်သော စာကြည့်တိုက်မှူးများ ရရှိလာစေရန် လေ့ကျင့်ပျိုး ထောင်သွားရေး စသည်တို့ဖြစ်ပါသည်။

         စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ဘဝတွင် လေ့လာစရာများကို လေ့လာပြီး အောင်မြင်မှုရရှိရန်အတွက် အခြေခံအကျဆုံးအရည်အသွေးများကို ပေးစွမ်းနိုင်ပါသည်။ စာဖတ်သည့် အလေ့အထကို ကလေးများရရှိစေရန် ငယ်ရွယ်စဉ်မှစ၍ လေ့ကျင့်ပျိုးထောင်ပေးသင့်ပါသည်။ ထို့ကြောင့် စာကြည့်တိုက်များ တိုးပွားလာစေရေးနှင့် စာကြည့်တိုက်များ အသုံးပြုတတ် စေရန် လုပ်ဆောင်သင့်ပါသည်။ သို့ဖြစ်၍ ကလေးငယ်များ စာဖတ်သည့် အလေ့အထရှိမှသာ အနာဂတ်တွင် အရည်အသွေး ကောင်းမွန်မြင့်မားသော လူငယ်လေးများ ဖြစ်ပေလိမ့်မည်။ စာဖတ်သူသည် မဖတ်သူများထက် ခေါင်းတစ်လုံးပိုမြင့်သူဖြစ်သည်။ အသိသုတမိုးကုတ် စက်ဝိုင်းပို၍ ကျယ်ပြန့်သူ ဖြစ်သည်။ ကိုယ်ရည် ကိုယ်သွေး ပို၍မြင့်မားသူဖြစ်သည်။ နှုတ်မှုရေးရာတွင်လည်း ပို၍ကျွမ်းကျင်လိမ္မာသူ ဖြစ်သည်။

        ထို့ကြောင့် တစ်ခုချင်းသော အကြောင်းရပ်တို့ကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူတို့ သိနားလည်တတ်၊ ခန့်ခွဲတတ်ကြသည်မှန်သော်လည်း အထွေထွေနှီးနှောတိုင်ပင်မှု၊ အရေးကိစ္စ ကြီးငယ်တို့အတွက် စီမံကြံဆမှု ပြုရသည့်အခါတို့တွင် စာပေနှံ့စပ်သူတို့ထံမှသာ အကောင်းဆုံး အကြံဉာဏ်များ ထွက်လာသည်ဟု မှတ်သားဖူးပါသည်။  သို့ရာတွင် စာတတ်မြောက် သူတိုင်းစာဖတ်ကြပါရဲ့လားဟု ဆန်းစစ်ဖွယ်ရှိပေသည်။ သို့သော်လည်း မြန်မာနိုင်ငံလူဦးရေ နှင့်တွက်ကြည့်လျှင် စာဖတ်သူအရေအတွက်မှာ နည်းနေပါကြောင်း လေ့လာသူတို့က မကြာခဏ ထောက်ပြလေ့ရှိကြပါသည်။ ယနေ့ခေတ်တွင် စာဖတ်သူဦးရေမှာ ပိုမိုနည်းပါးလာသည်ကိုလည်း သိရှိရပါသည်။ စာတတ်ကြ သော်လည်း စာမဖတ်ကြသည့် အကြောင်းရင်းကို ရှာဖွေကြည့်ပါက အလုပ် မအားလို့၊ အချိန်မပေးနိုင်လို့၊ စာအုပ်စာစောင်များ ဈေးကြီးလို့၊ စာဖတ်ဝါသနာ မပါလို့၊ ကျန်းမာရေးမကောင်းလို့စသည့်ဖြင့် အကြောင်းပြချက်အမျိုးမျိုးပေးကြသည်။ အဓိကအကျဆုံး အချက်များမှာမူ စာဖတ်ခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအပေါ် လေးနက်မှုမရှိခြင်း၊ စာဖတ်သည့် အလေ့အထနည်းခဲ့ခြင်းကြောင့် စာဖတ်လိုသည့် အထုံဝါသနာ လျော့နည်းစေခြင်း၊ စာဖတ်လိုသော်လည်း စာအုပ်စာပေနှင့် အလှမ်းဝေးနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှု့မြင်မိပါသည်။ ထို့ကြောင့် လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်းကား       များ၏ စိတ်အားထက်သန်မှုများ မြင့်မားလာနေသည်။

         အချုပ်အားဖြင့်ဆိုရသော် စာကြည်တိုက်ဆိုသည်မှာ ပျော်ရွှင်နှစ်လိုဖွယ်နေရာ၊ ထူးဆန်း အံ့ဩဖွယ်ကောင်းသည့် ဝန်းကျင်ဟု ဖွင့်ဆိုခဲ့ကြသည်။ စာဖတ်ခြင်းကြောင့် တွေးခေါ်မြော်မြင်မှုများ၊ မျှော်လင့်ချက်များနှင့် စိတ်ကူးများကို ပိုမိုအားကောင်းလာစေနိုင်ခြင်း၊ လူသားတို့၏ မုန်တိုင်းထန် သော ဘဝကပေးသော ဖြောင့်ချက်များသည်လည်း သမိုင်းအဖြစ် စာအုပ်ထဲတွင် ကမ္ပည်းထိုးထား သည်ဟုလည်း ဆိုခဲ့ကြသည်။ ထို့ကြောင့် အနာဂတ်၏ မျိုးဆက်လူငယ်များ ဘဝတစ်သက်တာ ပညာရှာမှီးလို သူများအားလုံး စာကြည့်တိုက်များဆီသို့ အရောက်သွား၍ စာဖတ်ခြင်းဖြင့် ပညာပြည့်ဝနှလုံးလှကြပါစေကြောင်း "ပညာဘဏ်တိုက် စာကြည့်တိုက်" ဟူသော ခေါင်းစဉ်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)