Main menu

မြန်မာ့ဩဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Mon, 10/02/2023 - 12:54 -- consumer_admin

    မြန်မာနိုင်ငံတွင် “ဩဇာ” ဟူသည့် အတိတ်နိမိတ်ကိုကောက်ယူ၍ “ဩဇာတိက္ကမဘုန်းတန်ခိုးကြီးရန်” ဟူသော ယုံကြည်သက်ဝင်မှုဖြင့် ဘုရားနှင့်သံဃာတော်များကို ဩဇာသီးများကပ်လှူလေ့ရှိကြသည်။ ထို့ပြင် ဩဇာပင်၏အကိုင်းကိုချိုး၍လည်း  အဆောင်လက်ဖွဲ့အဖြစ်ဆောင်ထားကြသည်။ ဩဇာသီးကို “အဖေအနူ၊ အမေတရုတ်၊ သားကုလား” ဟု စကားဝှက်တမ်းကစားခဲ့ဖူးကြသည်။ ဩဇာသီးဟုဆိုလိုက်သည်နှင့်တစ်ပြိုင်နက် အရသာကောင်းပြီး အလွန်စားကောင်းသော ရုပ်ဆိုးဆိုးသီးကြီးကိုဆိုလိုမှန်း လူတိုင်းသိကြမည်ဟုထင်ပါသည်။ ချိုမြသောအရသာရှိပြီး ပေါပေါများများပါလာတတ်သော အတွင်းမှအစေ့တို့ကို ဖယ်စားရသည့်အပြင် အစေ့တို့ကို ဩဇာစေ့ကောက်တမ်းကစားခဲ့သော ငယ်ဘဝကာလတို့မှာ ယခုအချိန်ထိ အမှတ်တရအချိန်များပင်ဖြစ်ပါသည်။

   အရသာထူးကဲ၍ ကောင်းမွန်လှသော ဩဇာသီးကို ကမ္ဘာတစ်ဝန်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပါသည်။ အပူပိုင်းဒေသကို ပို၍နှစ်သက်သောကြောင့် ရေစီးကောင်းပြီး ပူနွေးစိုစွတ်သောမြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ ဩဇာပင်တို့ကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် သဘာဝအလျောက် အလေ့ကျပေါက်‌ရောက်ကြပြီး ပြင်ဦးလွင်၊ တောင်ကြီးနှင့် ကရင်ပြည်နယ်တို့တွင် မိုးနှောင်းကာလမှစ၍ ဩဇာသီးလှိုင်လှိုင်ထွက်ရှိပြီး ဆောင်းဦးရာသီချိန်မှစ၍ ပေါပေါများများတွေ့နိုင်ပါသည်။

     ဩဇာသီးများတွင် ရိုးရိုးဩဇာသီးထက် အနည်းငယ်ကြီးမားကာ ဆူးပျော့ပျော့လေးများပါရှိပြီး မျိုးရိုးကွဲပြားသော “ဒူးရင်းဩဇာ” မျိုးလည်းရှိပါသည်။ ဒူးရင်းဩဇာသီးသည် ချိုချဉ်ချဉ်အရသာနှင့် ရနံ့အနည်းငယ်ပြင်းကာ အထဲရှိအတွင်းသားများသည် ရိုးရိုးဩဇာသီးအမျိုးအစားထက်လျော့အိပြီး အစေ့အနည်းငယ်ပါသည်။ ဒူးရင်းဩဇာသည် ကင်ဆာရောဂါအတွက် အလွန်ဆေးဖက်ဝင်သဖြင့် မြန်မာပြည်တွင် တွေ့ရခဲယဉ်းသောကြောင့် စျေးနှုန်းမြင့်သည်။ ထို့ပြင် နီညိုရောင်ရှိ၍ ရိုးရိုးဩဇာသီးများထက် အရွယ်ပိုကြီးပြီး ပိန္နဲသီးရနံ့ထွက်ရှိသောကြောင့် “ပိန္နဲဩဇာ” ဟုခေါ်လေ့ရှိသည်။ ပိန္နဲဩဇာကို ရှမ်းပြည်ဒေသတွင် အများအပြားတွေ့ရတတ်ပါသည်။ အ‌ပေါ်ယံအခွံသည် သရက်သီးခွံကဲ့သို့ပါးလွှာပြီး ပျားအုံကွက်ပုံစံမျိုးဖြစ်ပါသည်။ အစေ့နည်း၍ အနှစ်သားပြည့်နေသောကြောင့် အချိုအရသာပေါ့သော်လည်း အရွယ်ကြီးမားကာ အသားထူသဖြင့် တစ်လုံးစားရုံမျှနှင့် ဗိုက်ပြည့်သွားစေပါသည်။

  ဩဇာသီးသည် အရသာရှိသည့်အပြင် လူသားများ၏ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရဓာတ်များစုဝေးရာ အသီးလည်းဖြစ်ပါသည်။ ဩဇာသီးသည်သာမက အရွက်၊ အစေ့၊ ပင်စည်၊ အမြစ်အားလုံးတို့သည် ဆေးဖက်ဝင်ကြပါသည်။ ဩဇာသီးထဲတွင် ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ သဘာဝသကြားဓာတ်၊ ကစီဓာတ်၊ သံဓာတ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စသည်ဖြင့် အသီးသီးပါဝင်ကြပါသည်။

  ဩဇာသီးကိုစားသုံးခြင်းဖြင့် နှလုံးကြွက်သားများကိုပြေလျော့စေပြီး နှလုံးအားနည်း၍ နှလုံးခုန်မမှန်ခြင်းနှင့် နှလုံးရောဂါဝေဒနာများသက်သာစေခြင်း၊ ဗီတာမင်ဘီဓာတ်ပါဝင်သောကြောင့် အရေပြားရောဂါ၊ လည်ချောင်းနာခြင်း၊ လျှာနာခြင်း၊ အကြောတက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းတို့ကို ကြိုတင်ကာကွယ်ထားနိုင်ပါသည်။

  ဩဇာသီးသည် ဆေးလိပ်သောက်သူများ၏အဆုတ်တွင် နီကိုဒင်းအဆိပ်ဓာတ်ကိုဖြေဖျောက်ပေးကာ အဆုတ်ကိုသန့်စင်စေပါသည်။ အသီးထဲတွင် ဗီတာမင်အေပါရှိသောကြောင့် ပုံမှန်စားပေးလျှင် ဆံပင်၊ မျက်စိ၊ ခြေသည်း၊ လက်သည်းနှင့်အသားအရေတို့ကို ကောင်းကျိုးပြုပေးနိုင်ပါသည်။

  ဩဇာသီးအစိမ်း၌ ကော့ပါးပါရှိ၍ ဝမ်းသွားခြင်းနှင့်ဝမ်းကိုက်ခြင်းတို့ကို ကောင်းစွာကုသပေးနိုင်သည့်အတွက် အသီးစိမ်းကို အခြောက်လှန်းအမှုတ်ကြိတ်ပြီး သောက်သုံးပေးသင့်ပါသည်။

    အပင်ပေါ်တွင်ရှိသော မအောင်သည့်ဩဇာသီး(အခြောက်)တို့ကိုသွေး၍ အနာစိမ်း၊ ဝက်ခြံ၊ အဖုအကြိတ်များတွင်လိမ်းပေးလျှင် သက်သာစေပါသည်။ နို့တိုက်မိခင်များ နို့ချောင်းပိတ်ပါက အသီးခြောက်များကို ဆားနှင့်သွေးပြီး နို့အုံပေါ်လိမ်းခြင်းဖြင့် သက်သာစေနိုင်ပါသည်။

    ဩဇာရွက်သည်လည်း အကျိုးကျေးဇူးများစွာရှိပေသည်။ ဩဇာရွက်ကိုကြိတ်၍ သောက်သုံးပေးခြင်းဖြင့် သန်နှင့်တုတ်ကောင်များကိုကျစေပါသည်။ ဝမ်းသွားပါက ဩဇာရွက်ပြုတ်ရည်ကိုသောက်သုံးပြီး ဝမ်းလျှောပြီးနောက် အားပြန်လည်ပြည့်စေရန်အတွက် ဩဇာသီးပင်အခေါက်ပြုတ်ရည်ကိုသောက်သုံးပေးသင့်သည်။ အရွက်ကိုကြိတ်ချေ၍ အုံကပ်ပေးပါက အကြောငုပ်ခြင်းနှင့်အကြောတက်ခြင်းများကိုသက်သာစေခြင်း၊ အရွက်ကိုချေ၍ရှူပေးပါက အမူးအမော်နှင့်ထိပ်ကပ်နာတို့ကို သက်သာစေပါသည်။

 ထို့ပြင် ခန္ဓာကိုယ်အရေပြားပေါ်ရှိ ပြည်တည်နာ၊ မွေးကျွတ်နာနှင့် ဖက်ခွက်နာတို့ဖြစ်ပွားပါက ဩဇာသီးအနှစ်သား(သို့မဟုတ်)ဩဇာရွက်ကိုကြိတ်ချေ၍ အရည်ကိုအနာပေါ်တွင်လိမ်းပြီး စည်းထားပေးပါက ပြည်ပုတ်များစုပ်ယူခန်းခြောက်ကာ အနာများမြန်မြန်ကျက်စေပါသည်။

     ဩဇာစေ့သည် အဆိပ်ရှိသဖြင့် စားသုံးရန်မသင့်သော်လည်း အင်းဆက်ပိုးကောင်တို့ကို သတ်ပေးနိုင်သောကြောင့် ထိုအစေ့ကိုထောင်း၍ ဝဲ၊ နှင်းခူနာများပေါ်ဖြူးပေးပါက ပိုးများသေစေနိုင်ပါသည်။ ထို့ပြင် ကိုယ်အပူချိန်မကျဘဲ အပြင်းဖျားသောလူနာများအတွက် ဩဇာသီးအစိမ်း၊ အရွက်၊ အခေါက်၊ အမြစ်တို့ကိုရော၍ ရေတစ်လီတာနှင့် ငါးမိနစ်ခန့်ကြာပြုတ်ပြီးတိုက်ကျွေးပါက ကိုယ်အပူချိန်များကို ယူပစ်သည့်အတိုင်း ပျောက်ကင်းသက်သာစေခြင်းတို့ကြောင့် ဩဇာသီး၏အကျိုးကျေးဇူးများကို ရေးသားတင်ပြ လိုက်ပါသည်။ 

DOCA(မကွေး)